Skip to content

နျူထရွန် ကြယ်၏ မျက်နှာပြင်အား ပုံဖော်နိုင်ပြီ

  • Science
Neutron Star တစ်လုံးရဲ့ မျက်နှာပြင်ကို ပြန်လည် ပုံဖော် နိုင်ခဲ့ ကြပါတယ်

နျူထရွန် ကြယ် (Neutron Stars) တွေဟာ ပြောရရင် black hole တွင်းနက် မဖြစ်လိုက် ရတဲ့ ကြယ်သေ တစ်စင်း ဖြစ်ပါတယ်။ 

နေထက် ကြီးမားတဲ့ ကြယ်ကြီးတွေ သေဆုံး သွားတဲ့ အခါ ကျန်ရစ်ခဲ့တဲ့ ဒြပ်ပစ္စည်း တွေဟာ အချင်းချင်း ဆွဲငင်တဲ့ ဆွဲငင်အားကြောင့် ကြုံ့ဝင် သွားကြပါတယ်။

ဒီလို ကြုံဝင် သွားရာက သိပ်သည်းဆလဲ အဆမတန် များလာပါတယ်။ ဘယ်လောက်တောင် များသလဲလို နျူထရွန် ကြယ်ရဲ့ ဒြပ်ထု လက်ဖက်ရည်ဇွန်း တစ်ဇွန်းရဲ့ ဒြပ်ထုဟာ တန်နဲ့ချီ လေးမယ်လို့ သိပ္ပံ ပညာရှင် တွေက တွက်ချက်ခန့်မှန်း ကြပါတယ်။

နျူထရွန် ကြယ်နဲ့ ပါတ်သက်လို့ အရင်က ဆောင်းပါး ရေးခဲ့ ပြီးပါပြီ။ အသေးစိတ် ဖတ်ရှု လိုပါက အောက်က လင့်မှာ ဝင်ရောက် ဖတ်ရှု နိုင်ပါတယ်။

နျူထရွန် ကြယ် တွေထဲမှာ ထူးခြားတဲ့ နျူထရွန် ကြယ် အမျိုးအစား ကတော့ Pulsars လို့ ခေါ်တဲ့ ကြယ်အမျိုးအစား ပဲ ဖြစ်ပါတယ်။ (တကယ်ကတော့ ကြယ် ဆိုတာထက် ကြယ်သေ ဆိုရင် ပိုမှန်ပါ လိမ့်မယ်။)

ဒီ Pulsar တွေဟာ စကြာဝဠာရဲ့ မီးပြတိုက်တွေ လို့ပြောရင် မမှားပါဘူး။ ဒီ Pulsar တွေဟာ အလွန် လျှင်မြန်တဲ့ နှုန်းနဲ့ သူတို့ရဲ့ ဝင်ရိုးပေါ်မှာ လည်ပတ်နေပြီး ရေဒီယို လှိုင်းတွေကို စကြာဝဠာ ထဲကို ထုတ်လွှတ် ပေးနေ ကြပါတယ်။ ဘာနဲ့ တူလဲ ဆိုတော့ မီးပြတိုက်က မီးမောင်းကြီး ပတ်ခြာလည်ကို ၃၆၀ ဒီဂရီ လည်ပြီး အလင်းရောင် ထိုးပေးနေ သလိုပါပဲ။

နက္ခတ် သုတေသန သမိုင်းမှာ ပထမဆုံး အကြိမ်အဖြစ် pulsar တစ်ခုရဲ့ မျက်နှာပြင်ကို အောင်မြင်စွာ တိုင်းထွာ နိုင်ခဲ့ ကြပါတယ်။ ဒီ pulsar ဟာ အချင်း ၁၆ မိုင်ပဲ ရှိတဲ့ ကြယ်သေ တစ်စင်း ဖြစ်ပါတယ်။ သူ့ရဲ့ မျက်နှာပြင် သွင်ပြင် တွေကို အသေးစိတ် တိတိကျကျ တိုင်းတာ ပုံဖော် နိုင်ခဲ့ ကြတာ ဖြစ်ပါတယ်။

အခု တိုင်းတာ မှုကို ကမ္ဘာပတ် လမ်းကြောင်းထဲမှာ ရှိတဲ့ အပြည်ပြည် ဆိုင်ရာ အာကာသ စခန်း (International Space Station) မှာ တပ်ဆင်ထားတဲ့ Neutron star Interior Composition Explorer (NICER) ကိရိယာ ကို အသုံး ပြုပြီး တိုင်တာ ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီ ကိရိယာကို မြန်မာလို အနီးစပ်ဆုံး ပြန်ရင် နျူထရွန်ကြယ် အတွင်းဖွဲ့စည်းမှု စူးစမ်း လေ့လာရေး ကိရိယာ လို့ ပြန်လို့ရပါမယ်။

Pulsar တွေကနေ အားကောင်းတဲ့ X-ray ရောင်ချည်တွေ ထုတ်လွှတ်နေပြီး ဒီ ကြယ်တွေဟာ တစ်စက္ကန့်ကို အပတ်ရေ ရာနဲ့ချီပြီး လည်ပတ်နေ ကြပါတယ် (Credit: NASA)

ဒီ ကိရိယာဟာ pulsar နဲ့ အခြား အရာဝတ္ထုတွေက ထုတ်လွှင့်တဲ့ အားကောင်းတဲ့ X-ray ဓါတ်မှန်ရောင်ခြည် တွေကို ဖမ်းယူပြီး ခွဲခြမ်းစိတ်ဖြာ နိုင်တဲ့ ကိရိယာ တစ်ခု ဖြစ်ပါတယ်။ 

အခု သုတေသန တွေ့ရှိ ချက်တွေကို နက္ခတ် သုတေသန ဂျာနယ် တစ်စောင် ဖြစ်တဲ့ The Astrophysical Journal Letters မှာ ပညာရှင် တွေက တင်ပြခဲ့တာ ဖြစ်ပါတယ်။

သုတေသီ တွေဟာ ဒီ ကိရိယာ ကို အသုံးပြုပြီး J0030+0451 လို့ အမည်ပေး ထားတဲ့ pulsar ကို အသေးစိတ် လေ့လာ ခဲ့ကြပါတယ်။ ဒီ ကြယ်သေဟာ ကမ္ဘာကနေဆို အလင်းနှစ် ၁,၁၀၀ အကွာမှာ ရှိတဲ့ ကြယ်သေ တစ်စင်း ဖြစ်ပါတယ်။

pulsar တွေဟာ သူတို့ရဲ့ ဝင်ရိုးပေါ်မှာ တစ်စက္ကန့်ကို အပတ်ရေ ရာချီတဲ့ နှုန်းနဲ့ လည်ပတ်နေ ကြ ပါတယ်။ အခု တိုင်းထွာခဲ့တဲ့ J0030 ဟာ ဆိုရင် တစ်စက္ကန့်ကို အပတ်ရေ ၂၀၅ ကြိမ် လည်ပတ် နေတဲ့ pulsar တစ်စင်း ဖြစ်ပါတယ်။

အခု သုတေသနမှာ ပါဝင်တဲ့ ပညာရှင် တွေဟာ မေရီလင်း တက္ကသိုလ် (University of Maryland) နဲ့ အမ်စတာဒမ် တက္ကသိုလ် (University of Amsterdam) က ပညာရှင်တွေ ဖြစ်ကြပါတယ်။ ဒီ ူကြယ်သေက ထွက်လာတဲ့ X-ray ရောင်ခြည်တွေကို လပေါင်းများစွာ ဖမ်းယူပြီး သူ့ရဲ့ မျက်နှာပြင် သွင်ပြင် လက္ခဏာ တွေကို ပြန်လည် တွက်ချက် ပုံဖော် နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီလို ပုံဖော် နိုင်ဖို့ဆို သာမန် ကိရိယာ မျိုးလောက်နဲ့ မဖြစ်နိုင် ပါဘူး။ ဒါပေမယ့် အပြည်ပြည် ဆိုင်ရာ အာကာသ စခန်းပေါ်မှာ တပ်ဆင်ထားတဲ့ NICER ကိရိယာဟာ pulsar က လာတဲ့ X-ray ရောင်ခြည်တွေကို အလွန် တိကျစွာ တိုင်တာနိုင်စွမ်း ရှိပါတယ်။ ဒါ့ကြောင့်လဲ မျက်နှာပြင်ကို ပုံဖော်နိုင်ခဲ့ ကြတာ ဖြစ်ပါတယ်။

အမ်စတာဒမ် တက္ကသိုလ်က ပညာရှင် တွေရဲ့ တွက်ချက်မှု အရ မြင်းခွာပုံ X-ray ထွက်ပေါက်ကို တောင်ဝင်ရိုးစွန်းမှာ တွေ့ရှိ ရပါတယ် (Credit: NASA)

အခု နျူထရွန်ကြယ်ကို တိုင်းထွာ မှုတွေ အရ ဒီကြယ်သေဟာ နေ ရဲ့ ဒြပ်ထုထက် ၁.၃ ဆ နဲ့ ၁.၄ ဆ အကြား ရှိမယ်လို့ ယူဆ ကြပါတယ်။ သူ့ရဲ့ အကြယ်အဝန်းက ၁၆ မိုင်ခန့် ရှိပါတယ်။ ဒါကို နေရဲ့ အကျယ်အဝန်း ဖြစ်တဲ့ ၈၆၄,၀၀၀ မိုင် အချင်း နဲ့ ယှဉ်ကြည့်ရင် ဒီ နျူထရွန် ကြယ်ဟာ ဘယ်လောက်တောင် သိပ်သည်းမလဲ ဆိုတာ တွေးကြည့် နိုင်ပါတယ်။

ဒီ အချက် တွေက ဘာမှ အံ့ဩစရာ မဟုတ်ပါဘူး။ အံ့ဩစရာ ကောင်းတာက ဒီ pulsar ရဲ့ သံလိုက် စက်ကွင်းတွေ တည်ရှိတဲ့ ပုံသဏ္ဍာန် ပဲ ဖြစ်ပါတယ်။

မေရီလင်း တက္ကသိုလ် ပညာရှင် တွေရဲ့ တွက်ချက်မှုမှာ X-ray ထွက်ပေါက် ၃ ပေါက် တွေ့ရှိ ရပါတယ် (Credit: NASA)

ပညာရှင် တွေက pulsar တွေရဲ့ သံလိုက်စက်ကွင်း ပုံသဏ္ဍာန်ဟာ မြင်ခွာပုံ ဖြစ်မယ်လို့ ယူဆ ကြပါတယ်။ ဒီ သန်လိုက် စက်ကွင်း တွေဟာ အလွန် အားကောင်းတာမို့ ကြယ်သေရဲ့ မျက်နှာပြင် ပေါ်က အမှုန်တွေကို ပြင်ထန်တဲ့ အရှိန်နဲ့ ဆွဲခွာ နိုင်စွမ်း ရှိကြပါတယ်။

ဒီလို ဆွဲခွာခံရတဲ့ အမှုန်တွေဟာ သံလိုက်စက်ကွင်း လမ်းကြောင်းအတိုင်း လိုက်ပါ လွင့်ထွက်သွားပြီး ကြယ်သေရဲ့ အခြား ဆန့်ကျင်ဖက်က မျက်နှာပြင်ကို အရှိန် ပြင်းစွာနဲ့ ဝင်ဆောင့်ပါတယ်။ 

ဒီလို အမှုန်တွေ ဝင်ဆောင့်မိတဲ့ နေရာတွေ ကနေ အင်အား ပြင်းထန်တဲ့ X-ray ရောင်ခြည်တွေ ထွက်လာကြ ပါတယ်။ pulsar တွေဟာ အလွန်လျှင်မြန်တဲ့ အရှိန်နဲ့ လည်ပတ်နေ ကြတာမို့ ဒီ X-ray ရောင်ခြည် ထွက်တဲ့ အပေါက် တွေဟာ ကမ္ဘာက ကြည့်ရင် ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။

ပညာရှင် တွေက pulsar ရဲ့ မျက်နှာပြင်မှာ ဒီလို X-ray ထွက်တဲ့ အပေါက် နှစ်ပေါက် ရှိလိမ့်မယ်လို့ ယုံကြည်ခဲ့ ကြပါတယ်။ တစ်ပေါက်ဟာ ကြယ်သေရဲ့ မြောက်ဝင်ရိုးစွန်း နားမှာ ရှိပြီး နောက်တစ်ပေါက် ကတော့ တောင်ဝင်ရိုးစွန်း နားမှာ ဖြစ်မယ်လို့ ယူဆခဲ့ ကြပါတယ်။

via GIPHY

ဒါပေမယ့် အခု တိုင်းတာ ရရှိတဲ့ ရလဒ်တွေ အရ ဒီ pulsar J0030 ရဲ့ မြောက်ဝင်ရိုးစွန်းမှာ ဘာအပေါက်မှ ရှိမနေ တာကို တွေ့ရှိ ခဲ့ကြရပါတယ်။ 

ဒီ့ထက် ပိုပြီး အံ့ဩစရာ ကောင်းတာကတော့ pulsar J0030 ရဲ့ တောင်ဝင်ရိုးစွန်း နားမှာ  X-ray ထွက်တဲ့ နေရာ နှစ်ခု အနည်းဆုံး တွေ့ရှိ ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒီ နေရာ တွေ အနက် တစ်ခုဟာ မြင်းခွာပုံ ဖြစ်နေတာကိုလဲ တွေ့ကြရ ပါတယ်။

ဘာ့ကြောင့် ဒီလို ဖြစ်နေရတာလဲ ဆိုတာကိုတော့ ပညာရှင် တွေ အနေနဲ့ ရှင်းပြနိုင်စွမ်း မရှိဘူး ဖြစ်နေပါတယ်။ ဒါဟာ ဘာကို ပြနေလဲ ဆိုတော့ ဒီ pulsar တွေနဲ့ ပါတ်သက်လို့ ကျွန်တော်တို့ မသိသေး တာတွေ အများကြီး ရှိနေ သေးတယ် ဆိုတာပဲ ဖြစ်ပါတယ်။

Reference: NASA’s NICER Delivers Best-ever Pulsar Measurements, 1st Surface Map | NASA

Advertisement