Skip to content

ဇွန်းတစ်ဇွန်းကို တန် ၁၀ သန်းလေးတယ်ဆိုတဲ့ နျူထရွန်ကြယ် ဆိုတာဘာလဲ

  • Space
နျူထရွန်ကြယ်တွေဟာ သိပ်သည်းဆ အလွန်များပါတယ် (Photo: NASA’S GODDARD SPACE FLIGHT CENTER)

နျူထရွန် ကြယ် (Neutron Star) တွေဟာ အရင်တုန်းကတော့ သူလို ငါလို ကြယ်တွေပဲ ဖြစ်ပါတယ်။ ပြောရရင် ကျွန်တော်တို့ရဲ့ နေ လဲ ကြယ်တစင်းပါ။ နေက တကယ်တော့ အရွယ် အလတ်စား ကြယ်လေး တစ်လုံးပဲ ဖြစ်ပါတယ်။

အခု ပြောမယ့် နျူထရွန် ကြယ်တွေ ဆိုတာကလဲ အရင်တုန်းကတော့ နေလို ကြယ်တွေပဲ ဖြစ်ပါတယ်။ ကောင်းကင်မှာ ညဖက် မှိတ်တုတ် မှိတ်တုတ် မြင်နေရတဲ့ ကြယ်တွေလို ကြယ်တစင်းပဲပေါ့။

နျူထရွန်ကြယ် ဘယ်လောက် ကြီးသလဲ

ဒါပေမယ့် နျူထရွန် ကြယ်တွေ အရွယ် ငယ်နုစဉ် ကြယ်ဘဝက ကျွန်တော်တို့ နေလို ခပ်သေးသေး ကြယ်တစင်းတော့ မဟုတ်ပါဘူး။

သူတို့ရဲ့ ဒြပ်ထုက နေ ရဲ့ ဒြပ်ထုထက် အဆ ၁၀ ဆ ကနေ ၂၅ ဆ လောက်ထိ များပါတယ်။ အရွယ် ခပ််ကြီးကြီး ကြယ်တွေပေါ့။ ကြယ် လောကရဲ့ အကောင်တွေ ပေါ့ဗျာ။

ကြယ်ဆိုတာက သူတို့ထဲက ဟိုက်ဒြိုဂျင် တွေကို နျူကလိယ အဏုမြူ ဓါတ်ပြုမှု ဖြစ်ပြီး လောကြွမ်းရတာလေ။ ကြယ်တွေရဲ့ ဘဝက ကြယ်ကြီးလေ သက်တမ်း တိုလေပဲဗျ။

ကြယ်အကြီးကြီး တွေရဲ့ အဏုမြူ ဓါတ်ပြုလောင်ကြွမ်းမှုက ကြယ်အသေးတွေနဲ့ ယှဉ်ရင် အရမ်း မြန်တော့ သူ့လောင်စာကလဲ ခနလေးနဲ့ ကုန်သွားရော။ 

နျူထရွန် ကြယ်တစင်းပုံကို ပန်းချီဆရာက သရုပ်ဖေါ် ထားပုံ (Photo: Rachael Condorde, Wikipedia)

ကျွန်တော်တို့ နေက သက်တမ်း နှစ် သန်း ၁၀,၀၀၀ လောက်ထိ အသက်ရှင်နိုင်ပေမယ့် နျူထရွန်ကြယ် ဖြစ်မယ့် ကြယ်ကြီးတွေကတော့ ဒီလောက်ထိ အသက် မရှည် ကြပါဘူး။

နေထက် ၁၀ ဆ လောက် ဒြပ်ထုရှိတဲ့ ကြယ်တွေရဲ့ သက်တမ်းဟာ နှစ် သန်း ၂၀ လောက်ပဲ ခံပါတယ်။ နေထက် ၂၅ ဆ ဒြပ်ထုရှိတဲ့ ကြယ်တွေဆို သက်တမ်း နှစ် ၇ သန်း လောက်ပဲ ရှိပါတယ်။ 

ဒီ ကြယ်ကြီးတွေ လောင်စရာ လောင်စာ ကုန်သွားတဲ့ အခါ ဆူပါနိုဗာ ဆိုတဲ့ ကြီးမားတဲ့ ကြယ်ပေါက်ကွဲမှုကြီး ဖြစ်လာပါတယ်။ ဒီ ဆူပါနိုဗာ ပေါက်ကွဲမှုကြီး အပြီးမှာတော့ ဒီကြယ်ကြီးဟာ လုံးဝ ပျောက်ကွယ်သွားတာလဲ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် black hole တွင်းနက် တစ်ခု အဖြစ် ပြောင်းသွားတာလဲ ဖြစ်နိုင်ပါတယ်။

ဒီလိုမှ မဟုတ်ရင်လဲ နျူထရွန် ကြယ်တစ်စင်း အဖြစ် ပြောင်းလဲသွားတာမျိုးလဲ ဖြစ်လာနိုင်ပါတယ်။ ကြယ်သေတစ်စင်း ဘယ်လို အဆုံးသတ် မလဲ ဆိုတာက ဒီ ကြယ်ရဲ့ ဒြပ်ထု အပြင် အခြား အပြည့်အစုံ မသိရသေးတဲ့ အချက်အလက် တွေကလဲ အဆုံးအဖြတ် ပေးပါတယ်။

နျူထရွန် ကြယ်တွေဟာ စကြာဝဠာထဲမှာ အသိပ်သည်းဆုံး အရာ ဝတ္ထုတွေထဲ အပါအဝင် ဖြစ်ပါတယ်။ သူတို့ရဲ့ အရွယ်အစားဟာ အကြမ်းအားဖြင့် ၁၂ မိုင်လောက်ပဲ ကျယ်ပါတယ်။ ဒါဟာ ရန်ကုန် တစ်မြို့စာ လောက်ပဲ ရှိတဲ့ အရွယ်အစားပါ။

ဒါပေမယ့် နျူထရွန် ကြယ်တစင်းမှာ ပါတဲ့ ဒြပ်ထုကတော့ နေ ၁ စင်းစာ ဒြပ်ထု ပမာဏ ကနေ နေနှစ်စင်း စာ ပမာဏ လောက်ထိ ရှိနိုင်ပါတယ်။

ဒီနေရာမှာ မေးစရာ ရှိလာတာက နျူထရွန် ကြယ်တွေဟာ နေထက် ဒြပ်ထု ၁၀ ဆ ကနေ ၂၅ ဆလောက်ထိ ကြီးတဲ့ ကြယ်ကြီးတွေ ကနေ ဖြစ်လာတာဆို ဘာ့ကြောင့် သူတို့ရဲ့ ဒြပ်ထုက နေရဲ့ ၁ ဆကနေ ၂ ဆလောက်ထိပဲ ရှိရတာလဲ ဆိုတဲ့ မေးခွန်းပါ။

ဒီလို ဖြစ်ရတာက ကျန်တဲ့ ဒြပ်ထုတွေက ဆူပါနိုဗာ ပေါက်ကွဲမှုနဲ့ အတူ အာကာသ ထဲကို လွင့်ထွက်သွား ကြလို့ပဲ ဖြစ်ပါတယ်။ ဒီ လွင့်ထွက်သွားတဲ့ ဒြပ်ထုတွေကနေ နောက်ထပ် ကြယ်သစ်တွေ မွေးဖွားလာ ကြတာပါ။

နောက်ထပ် မေးစရာ ရှိလာတာက ဘာလို့ ဒီ့ထက် ကြီးတဲ့ နျူထရွန် ကြယ်တွေ မတွေ့ရတာလဲ ဆိုတာပါ။ အကယ်လို့ ဆူပါနိုဗာ ပေါက်ကွဲမှု အပြီး ကြွင်းကျန်ခဲ့တဲ့ ကြယ်ရဲ့ အူတိုင်ဟာ နေရဲ့ ဒြပ်ထုရဲ့ ၂.၁၆ ဆ ထက် ပိုကြီးမယ်ဆို အူတိုင်ရဲ့ ပြင်းထန်တဲ့ ဆွဲအားကြောင့် ထပ်ပြီး ကြုံ့ဝင် သွားပြီး black hole တွင်းနက် တစ်ခု အဖြစ်ကို ကူးပြောင်းသွားမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် နျူထရွန် ကြယ်တွေကို ဒီ့ထက် ပိုကြီးတဲ့ ဒြပ်ထုရှိတဲ့ အနေအထားနဲ့ မတွေ့ရတာ ဖြစ်ပါတယ်။

Black Hole တစ်ခုကို ရိုက်ထားတဲ့ ဓါတ်ပုံ (Credit: EHT Collaboration)

နျူထရွန် ကြယ်လို့ ဘာလို့ ခေါ်တာလဲ

နျူထရွန် ကြယ်တွေရဲ့ ဗဟိုအူတိုင်ဟာ အလွန်ပဲ သိပ်သည်းဆ များပါတယ်။ အရမ်း သိပ်သည်းဆ များလာတာနဲ့ အမျှ အူတိုင်ရဲ့ ဆွဲအားကလဲ ပြင်းထန်လာပါတယ်။ ဒီလို ပြင်းထန်တဲ့ ဆွဲအားအောက်မှာ ပရိုတွန် တွေနဲ့ အီလက်ထရွန်တွေ ပေါင်းမိကြပြီး နျူထရွန် အဖြစ် ပြောင်းလဲ သွားပါတယ်။

ဒီ နျူထရွန် ကြယ်တွေရဲ့ ဒြပ်ထု အများစုသည် နျူထရွန် (neutron) တွေနဲ့ ဖွဲ့စည်း ထားတာမို့ သူတို့ကို နျူထရွန် ကြယ်လို့ အမည်ပေး ထားတာ ဖြစ်ပါတယ်။

နျူထရွန် ကြယ်တွေဟာ နျူကလိယ အဏုမြူ ဓါတ်ပြုမှု မရှိတော့တဲ့ အတွက် သူတို့ကနေ အပူ ထပ်မထုတ်ပေးနိုင် တော့ပါဘူး။ ဒါပေမယ့် နျူထရွန် ကြယ် မဖြစ်ခင် သက်ရှိ ကြယ်ဘဝ တုန်းက ဖြစ်ပေါ်ခဲ့တဲ့ နျူကလိယ ဓါတ်ပြု လောင်ကြွမ်းမှုကနေ ထွက်လာတဲ့ အပူတွေဟာ အပြင်ကို မထွက်သွားပဲ ဒီ နျူထရွန် ကြယ်ရဲ့ အတွင်းမှာ ပိတ်မိနေ ပါတယ်။

ဒါ့ကြောင့် နျူထရွန် ကြယ်တွေဟာ အပူချိန် အားဖြင့် ဒီဂရီ စင်တီဂရိတ် ၁ သန်းလောက်ထိ ရှိပါတယ်။ ဒါဟာ နေရဲ့ မျက်နှာပြင် အပူချိန် ဖြစ်တဲ့ 5,500 ဒီဂရီ စင်တီဂရိတ် ခန့်နဲ့ ယှဉ်ရင် အဆမတန် ပိုမိုပြင်းထန်တဲ့ အပူချိန် ဖြစ်ပါတယ်။ 

နျူထရွန် ကြယ်ရဲ့ အရေးပါမှု

အရင်ကတော့ နျူထရွန် ကြယ်တွေဟာ စကြာဝဠာထဲက ကြယ်သင်္ချိုင်း လို့ပဲ ပညာရှင် တွေက ထင်ထားခဲ့ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်း သုတေသန ရှာဖွေ တွေ့ရှိမှုတွေအရ နျူထရွန် ကြယ်တွေဟာ စကြာဝဠာ ထဲက လေးလံတဲ့ ဒြပ်စင်တွေ ဖြစ်ထွန်းဖို့ အရေးပါတဲ့ နေရာက ပါဝင်နေတယ် ဆိုတာကို သိရှိလာခဲ့ ရပါတယ်။ 

နျူထရွန် ကြယ်တွေ အချင်းချင်း တိုက်မိတဲ့ အခါ ပြင်းထန်တဲ့ အဏုမြူ ဓါတ်ပြောင်းမှုတွေ ဖြစ်လာပါတယ်။ ဒီ အဏုမြူ ဓါတ်ပြုမှု တွေကနေ လေးလံတဲ့ ဒြပ်စင်တွေ ဖြစ်တဲ့ ယူရေနီယံ တို့ ရွှေတို့ ဖြစ်ထွန်းလာပါတယ်။ ကျွန်တော်တို့ ကမ္ဘာပေါ်မှာ ရှာဖွေ တွေ့ရှိတဲ့ ရွှေတို့ ယူရေနီယံ တို့ထဲက အချို့ဟာ နျူထရွန် ကြယ်တွေ တိုက်မိပြီး ဖြစ်လာကြတာလို့ ဆိုပါတယ်။

နျူထရွန် ကြယ်တွေ တိုက်မိတဲ့ အခါ ကြီးမားတဲ့ စွမ်းအင်အပြင် ပြင်းထန်တဲ့ ဆွဲငင်အားလှိုင်းတွေလဲ ထွက်ပေါ် လာပါတယ် (Credits: R. Hurt/Caltech-JPL)

နျူထရွန် ကြယ်နှင့် ပါတ်သက်သော အချက်အလက်များ

နျူထရွန် ကြယ်တွေဟာ အလွန်ကို သိပ်သည်းဆ များပါတယ်။ ဒါ့ကြောင့် နျူထရွန်ကြယ်ရဲ့ ဒြပ်ထု လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာလောက် ပမာဏဟာ ကမ္ဘာပေါ်မှာဆို အလေးချိန် အားဖြင့် တန်ချိန် ၁၀ သန်းလောက် လေးမှာ ဖြစ်ပါတယ်။

နျူထရွန် ကြယ်ရဲ့ ပျမ်းမျှ အရွယ်အစားဟာ အချင်း ၁၂ မိုင်ပဲ ရှိပါတယ်။ ဒီအရွယ် နျူထရွန် ကြယ်တစ်လုံးကို ရန်ကုန်မြို့ ဧရိယာ အတွင်းမှာ ထည့်သိမ်းထားလို့ ရတဲ့ အရွယ်အစားပါ။

နျူထရွန် ကြယ်တွေမှာ သံလိုက်စက်ကွင်း ရှိပါတယ်။ နျူထရွန် ကြယ်ရဲ့ ပတ်ခြာလည်မှာ ရှိိတဲ့ သံလိုက်စက်ကွင်းဟာ အလွန်ပဲ အားကောင်းပါတယ်။

နျူထရွန် ကြယ်ပတ်လည်က သံလိုက်စက်ကွင်း တွေကို ပန်းချီသရုပ် ဖေါ်ထားပုံ (Credit: ICRAR/University of Amsterdam)

နျူထရွန် ကြယ်တွေဟာ သူတို့ရဲ့ ဝင်ရိုးပေါ်မှာ လျှင်မြန်စွာ လည်ပတ်နေပါတယ်။ မူလကြယ်ရဲ့ အူတိုင် ကြုံ့ဝင် သွားတာနဲ့ အမျှ လည်ပတ်နှုန်းကလဲ ပိုပိုပြီး မြန်လာတာပါ။ နောက်ဆုံး နျူထရွန်ကြယ် ဖြစ်သွားတဲ့ အချိန်မှာ တစ် စက္ကန့်ကို အပတ်ရေ မြောက်များစွာ လည်နိုင်ပါတယ်။ 

နျူထရွန် ကြယ်တွေမှာ အားကောင်းတဲ့ ရေဒီယို လှိုင်းတွေ အချိန်မှန် ထုတ်လွှတ်တဲ့ နျူထရွန် ကြယ် အမျိုးအစား တွေလဲ ပါဝင်ပါတယ်။ ဒီ နျူထရွန် ကြယ်တွေကိုတော့ pulser တွေလို့ ခေါ်ပါတယ်။ 

နျူထရွန် ကြယ်တွေ အချင်းချင်း တိုက်မိကြတဲ့ ဖြစ်စဉ်တွေဟာ စကြာဝဠာ အတွင်းမှာ အလွန် ကြီးမားတဲ့ ဖြစ်စဉ်ကြီးတွေ ဖြစ်ပါတယ်။ ဒီလို တိုက်မိတဲ့ အခါ ထွက်လာတဲ့ စွမ်းအင် ပမာဏဟာ   နေက ထုတ်ပေးတဲ့ စွမ်းအင် ပမာဏထက် အဆပေါင် သန်းရာချီ ပိုများပါတယ်။

ဒါ့အပြင် အာကာသ ဟင်းလင်းပြင် ထဲမှာလဲ ပြင်းထန်တဲ့ ဆွဲငင်အား လှိုင်းတွေ ဖြစ်ပေါ် လာစေပါတယ်။ ဒီ နျူထရွန် ကြယ်တွေ တိုက်မိတဲ ဖြစ်စဉ်မှာ ရွှေနဲ့ ယူရေနီယံ တို့လို လေးလံတဲ့ ဒြပ်စင်တွေလဲ ထွက်ပေါ်လာတယ်လို့ ပညာရှင်တွေက ယုံကြည်ပါတယ်။

Reference:
Science Made Simple: What Are Neutron Stars? – US Department of Energy |  SciTech Daily
Neutron Star | Wikipedia

Advertisement