Skip to content

သူ့အဖော်ကို စားသုံးပြီး ကြီးထွားလာတဲ့ နျူထရွန် ကြယ်ကြီး

  • Space
Magnetar Neutron Star

Black Widow (အနက်ရောင် မုဆိုးမ) ဆိုတဲ့ အမည်ကို ကြားဖူး ကြလားဗျ။ ဒီနာမည်က အဆိပ်ပြင်းတဲ့ ပင့်ကူ တစ်မျိုးကို ခေါ်တဲ့ အမည် ဖြစ်ပါတယ်။ ဒီ ပင့်ကူရဲ့ သဘာဝက ပင့်ကူ အမ နဲ့ အထီး မိတ်လိုက်ပြီးရင် အမက အထီးကို သတ်ပြီး စားပစ်တတ်တဲ့ အလေ့ ရှိလို့ ဒီနာမည် ပေးထားတာ ဖြစ်ပါတယ်။

ဒီ ပင့်ကူ လိုပဲ စကြာဝဠာ ထဲက အချို့သော အရာဝတ္ထု တွေဟာလဲ သူတို့ရဲ့ အဖော်ကို ဝါးမြိုး စားသုံး ပစ်လေ့ ရှိကြပါတယ်။ ဒီ အထဲက အထင်ရှားဆုံး ကတော့ စုံတွဲ ရှိနေတဲ့ နျူထရွန် ကြယ် နဲ့ ကြယ်စုံတွဲ တွေပဲ ဖြစ်ကြပါတယ်။

ဒီ နျူထရွန် ကြယ်တွေဟာ သူတို့ရဲ့ ဝင်ရိုးပေါ်မှာ အလွန် လျှင်မြန်တဲ့ နှုန်းနဲ့ လည်ပတ် နေရင်းကနေ သူ့ရဲ့ အဖော်ကြယ်က ဓါတ်ငွေ့တွေကို အဆက်မပြတ် စုပ်ယူ စားသုံး နေကြတာ ဖြစ်ပါတယ်။ သူတို့ကို နက္ခတ် ပညာရှင် တွေက black widower pulsars တွေလို့ အမည် ပေးထား ကြပါတယ်။

အမေရိကန် ပြည်ထောင်စု ဘာကလေ ကာလီဖိုးနီးယား တက္ကသိုလ် (University of California Berkeley) က နက္ခတ်ပညာရှင် တွေဟာ ဒီလို အနက်ရောင် မုဆိုးမ နျူထရွန် ကြယ်တစ်လုံးကို လေ့လာ ခဲ့ကြပါတယ်။ 

ဒီ နျူထရွန် ကြယ်ဟာ သူ့ရဲ့ အဖော်ကြယ်ရဲ့ ဓါတ်ငွေ့တွေ အားလုံး နီးပါးလောက်ကို စုပ်ယူ စားသုံးရင်းနဲ့ စကြာဝဠာ အတွင်းမှာ အကြီးဆုံး နျူထရွန် ကြယ်ကြီး တစ်စင်း ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

PSR J0952-0607 လို့ အမည်ပေးထားတဲ့ ဒီ နျူထရွန်ကြယ်ဟာ သူ့ရဲ့ ဝင်ရိုးပေါ်မှာ တစ်စက္ကန့်ကို အပတ်ပေါင်း ၇၀၇ ကြိမ်တောင် ပတ်နေပါတယ်။ ဒါဟာ နျူထရွန် ကြယ်တွေ အနက် လည်ပတ်နှုန်း အမြန်ဆုံး ကြယ်တစ်စင်း ဖြစ်ပါတယ်။ 

ဆက်စပ်ဆောင်းပါး – ဇွန်းတစ်ဇွန်းကို တန် ၁၀ သန်းလေးတယ်ဆိုတဲ့ နျူထရွန်ကြယ် ဆိုတာဘာလဲ

နျူထရွန် ကြယ်တွေဟာ မူလကတော့ ကြီးမားတဲ့ ကြယ်ကြီးတွေ ဖြစ်ကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့ သက်တမ်း ကုန်သွားတဲ့ အခါမှာ ဗဟို အူတိုင်က အဏုမြူ လောင်ကြွမ်းမှု ဖြစ်စဉ် ရပ်တန့်သွားပြီး တဲ့နောက်မှာ ပြင်းထန်တဲ့ ပေါက်ကွဲမှု ဖြစ်ပြီး အလယ် အူတိုင်က ကြွင်းကျန် ရစ်ခဲ့ပါတယ်။ ဒီ အူတိုင်က ဒြပ်ပစ္စည်း တွေဟာ ဒြပ်ဆွဲအား (gravity) ကြောင့် ပြိုကျလာပြီး အလွန် ကျစ်လစ် သိပ်သည်းတဲ့ နျူထရွန် အမှုန်တွေ အဖြစ် ပြောင်းလဲ သွားကြတာ ဖြစ်ပါတယ်။

အခု နျူထရွန် ကြယ်ရဲ့ ဒြပ်ထု ပမာဏဟာ နေရဲ့ ဒြပ်ထုရဲ့ ၂.၃၅ ဆ ရှိပါတယ်။ ဒါဟာ နျူထရွန် ကြယ်တစ်စင်းမှာ ရှိနိုင်တဲ့ အမြင့်ဆုံး ဒြပ်ထု ပမာဏပဲ ဖြစ်ပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ ဒီ့ထက် ဒြပ်ထု ပိုကြီးတဲ့ နျူထရွန် ကြယ်တွေဟာ black hold တွင်းနက် တွေအဖြစ် တမုဟုတ်ခြင်း ပြောင်းလဲ သွားကြတာကြောင့် ဖြစ်ပါတယ်။

ဒီ ဂြိုဟ်ကြီးရဲ့ အတွင်းပိုင်းဟာ နျူထရွန် (neutron) တွေနဲ့ အတူ up quarks နဲ့ down quarks တွေနဲ့ ဖွဲ့စည်း ထားကြမယ်လို့ ယူဆ ရပါတယ်။ Up နဲ့ Down ကွာက် (quarks) တွေ ဆိုတာက အက်တမ် တစ်လုံးရဲ့ ဗဟိုမှာ ရှိတဲ့ နျူထရွန် နဲ့ ပရိုတွန် အမှုန် တွေကို ဖွဲ့စည်း ထားတဲ့ အခြေခံ အမှုန်တွေ ဖြစ်ကြပါတယ်။ up နဲ့ down အမှုန် ၃ ခု ပေါင်းပြီး ပရိုတွန် နဲ့ နျူထရွန်တွေ ဖြစ်လာကြတာ ဖြစ်ပါတယ်။

ဒီလို ထူးဆန်းတဲ့ ကွမ်တမ် ဖွဲ့စည်းမှု တွေကြောင့် နျူထရွန် ကြယ်တွေကို ပညာရှင် တွေက စိတ်ဝင် စားကြပါတယ်။ ဘာကလေ တက္ကသိုလ်က နက္ခတ် ပါမောက္ခ ဖြစ်သူ အဲလက်စ် ဖိလစ်ပင်ကို (Alex Filippenko, Distinguished Professor of Astronomy at UC Berkeley) က “ယူရေနီယံ နူကလိယပ်စ် (အက်တမ်ရဲ့ ဗဟိုအူတိုင်)  လို အက်တမ်ရဲ့ အူတိုင်မှာ ဒြပ်တွေ ဘယ်လို ပြုမူကြလဲ​ဆိုတာကို ကျွန်တော်တို့ သိပြီး ဖြစ်ပါတယ်။ နျူထရွန် ကြယ် ဆိုတာက အလွန် ကြီးမားတဲ့ နျူကလိယပ်စ် ကြီးတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် သူ့မှာ အနည်းဆုံး နေ တစ်စင်းခွဲ စာနဲ့ ညီမျှတဲ့ ဒြပ်ထု (ကမ္ဘာ အလုံး ၅ သိန်းစာ ဒြပ်ထု) ရှိပြီး ဒါတွေအားလုံး တစ်နေရာ ထဲမှု စုပြုံ နေတဲ့ အခါကျတော့ သူတို့ ဘယ်လို ပြုမူနေလဲ ဆိုတာ မှန်းဆလို့ မရပါဘူး” လို့ ရှင်းပြပါတယ်။

ဆက်စပ်ဆောင်းပါး – နျူထရွန် ကြယ် နှစ်လုံးတိုက်မိပြီး ဖြစ်လာတဲ့ ‘သံလိုက်ကြယ်’

ပါမောက္ခ ဖိလစ်ပင်ကို နဲ့ စတင်းဖို့တ် တက္ကသိုလ်က ပါမောက္ခ ရော်ဂျာ ရိုမာနီ (Roger Romani) တို့ဟာ ဒီ ကြယ်နဲ့ ပတ်သက်လို့ လေ့လာထားတဲ့ စာတမ်း တစ်စောင်ကို တင်ပြခဲ့ ကြပါတယ်။ သူတို့ဟာ ဒီလိုမျိုး အဖော်ကြယ်ကို စုပ်ယူ စားသုံးနေတဲ့ black widow pulsars တွေကို လေ့လာနေ ကြတဲ့ ပညာရှင်တွေ ဖြစ်ပါတယ်။

အခု ဒီ နျူထရွန် ကြယ်ကို ဟာဝိုင်ယီ ကျွန်းမှာ ရှိတဲ့ ၁၀ မီတာ အချင်းရှိ Keck I တယ်လီစကုပ် ကြီးကို အသုံးပြုပြီး လေ့လာခဲ့ ကြပါတယ်။ ဒီ လေ့လာမှု ကနေ နျူထရွန် ကြယ်နဲ့ ပတ်သက်ပြီး တိကျတဲ့ တိုင်းထွာမှုတွေ ပြုလုပ် နိုင်ခဲ့ ကြပါတယ်။

ဒါ့အပြင် သူ့ရဲ့ အဖော်ကြယ်ရဲ့ အကြွင်းအကျန် တွေကနေလဲ အလင်းရောင်စဉ် (spectrum) ကို တိုင်းထွာ နိုင်ခဲ့ ကြပါတယ်။ ဒီ အဖော်ကြယ်ဟာ အခုအချိန်မှာတော့ ဂြိုဟ်ကြီး တစ်စင်း အရွယ်အစား လောက်ပဲ ကျန်ပါတော့တယ်။

အခု တိုင်းထွာ မှုတွေကို အရင်က အခြား အနက်ရောင် မုဆိုးမ တွေကို တိုင်းထွာခဲ့တဲ့ အချက် အလက် တွေနဲ့ ပေါင်းစပ် လိုက်တဲ့ အခါမှာတော့ ဒီ နျူထရွန် ကြယ်ရဲ့ ဒြပ်ထုဟာ နေ အစင်း ၂.၃၅ စင်းရဲ့ ဒြပ်ထု ရှိမယ် ဆိုတာ တွေ့လာ ရပါတယ်။ ဒါဟာ ပုံမှန် အက်တမ် တစ်လုံးရဲ့ ဗဟိုက သိပ်သည်းဆထက် အဆပေါင်း များစွာ သာလွန်တဲ့သိပ်သည်းဆ ဖြစ်ပါတယ်။ 

ပုံမှန် pulsar တွေဟာ အများအားဖြင့် တစ်စက်က္ကန့်ကို တစ်ကြိမ်လောက်ပဲ လည်နေ ကြပါတယ်။ ရှားပါးတဲ့ pulsar တွေကပဲ တစ်စက္ကန့်ကို အကြိမ် ရာချီ အမြန်နှုန်းနဲ့ လည်ပတ်နေ ကြတာ ဖြစ်ပါတယ်။ 

ဒီ လည်ပတ်နှုန်းဟာ တကယ်တော့ အတော်လေး ပုံမှန် မဟုတ်တဲ့ လည်ပတ်နှုန်း ဖြစ်ပါတယ်။ အထူးသဖြင့် နျူထရွန် ကြယ်ဖြစ်လာမယ့် ကြယ်ကြီးရဲ့ လည်ပတ်နှုန်းဟာ ပုံမှန် အတိုင်း လည်ပတ်နေ ခဲ့မယ်ဆိုရင် နျူထရွန် ကြယ် ဖြစ်သွားပြီး ဒီလောက် မြန်တဲ့ လည်နှုန်း ဖြစ်လာဖို့ ဆိုတာက အတော် ထူးဆန်းတဲ့ ကိစ္စ ဖြစ်နေပါတယ်။

ဒါဆို ဘာလို့ ဒီ နျူထရွန် ကြယ်တွေ ဒီလောက် မြန်မြန် လည်နေရတာလဲ။ အခု အချိန် ထိတော့ နက္ခတ် ပညာရှင် တွေအနေနဲ့ တိကျတဲ့ အဖြေ မပေးနိုင် ကြသေးပါဘူး။

ဖြစ်နိုင်ခြေ ရှိတဲ့ သီအိုရီ တစ်ခုကတော့ ဒီ နျူထရွန် ကြယ်တွေဟာ သူတို့ရဲ့ အဖော်ကြယ်ရဲ့ ဒြပ်ပစ္စည်း တွေကို လုံးဝ ကုန်စင်လု နီးပါး စုပ်ယူ ဝါးမြို လိုက်လို့ ဒီလောက် လည်ပတ်နှုန်း မြန်လာရတာ ဆိုတဲ့ အယူအဆ ပဲ ဖြစ်ပါတယ်။

အဖော်ကြယ်ရဲ့ သက်တမ်း ရင့်လာပြီး သာမန် ကြယ် တစ်စင်းကနေ အနီရောင် ကြယ်ဘီလူး (red giant)  အဖြစ် ပြောင်းသွားတဲ့ အချိန်မှာ သူတို့ရဲ့ ဒြပ်ထုတွေကို နျူထရွန် ကြယ်က စုပ်ယူ စားသုံးတာ ခံကြရ ပါတယ်။ 

ဒီလို နျူထရွန် ကြယ်ရဲ့ ဒြပ်ထု ပမာဏ တိုးပွားလာ တာနဲ့ အမျှ သူ့ရဲ့ လည်ပတ်တဲ့ အမြန်နှုန်း ကလဲ ပိုပြီး မြန်လာပါတယ်။ ဒီလို လည်ပတ်နှုန်း မြန်လာတာနဲ့ အမျှ သူ့ထဲ့က ဒြပ်မှုန်တွေရဲ့ စွမ်းအင်ကလဲ တိုးပွားလာ ပါတယ်။

ဒီ စွမ်းအင်တွေ တိုးလာတဲ့ ဒြပ်မှုန်တွေဟာ နျူထရွန် ကြယ်ကနေ အပြင်ကို အရှိန်အဟုန်နဲ့ လွင့်ထွက် လာကြပါတယ်။ ဒီ အမှုန်တွေက အဖော်ကြယ်ကို ဝင်တိုက်ပြီး အဖော်ကြယ်ရဲ့ အပြင် အကာက ဒြပ်ပစ္စည်းတွေကို  ဆွဲခွာပစ်လိုက် ကြပါတယ်။ (လေတိုက် စား ခံရ သလိုမျိုးပေါ့ဗျာ)

ဒီနည်းနဲ့ အဖော်ကြယ်ရဲ့ ဒြပ်ထုဟာ အာကာသ ထဲကို လွင့်ထွက် ပျောက်ဆုံး သွားရပါတယ် (အချို့ကလဲ နျူထရွန် ကြယ်ရဲ့ ဖမ်းယူ စားသောက်ခြင်း ခံကြရ ပါတယ်။) အချိန်ကြာလာတာနဲ့ အမျှ အဖော်ကြယ်ဟာ တဖြည်းဖြည်း သေးငယ်ပြီး ပျောက်ဆုံး သွားရပါတော့တယ်။

ဒါဟာ လည်ပတ်နှုန်း အလွန်မြန်တဲ့ pulsar  တွေ ဖြစ်ပေါ်လာပုံ ဖြစ်ပါတယ်။ သူတို့ဟာ အစမူလက တစ်လုံးထဲ ရှိခဲ့တာ မဟုတ်ပဲ အဖော်ကြယ်နဲ့ အတူ နှစ်လုံးတွဲ ရှိနေခဲ့ ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် အဖော်ကြယ် တဖြည်းဖြည်း အငွေ့ပျံ သွားရာက တစ်လုံးထဲ ကြွင်းကျန်ရစ် ခဲ့ကြတာပါ။

အခု တွေ့ရှိချက်က အပေါ်က ပြောခဲ့တဲ့ သီအိုရီကို ထောက်ခံ နေပါတယ်။ ဒီ နျူထရွန် ကြယ်ရဲ့ အဖော်ကြယ်ဟာ အခုဆို ဂြိုဟ်ကြီးတစ်စင်း အရွယ်ပဲ ကျန်တော့ပါတယ်။ သိပ်မကြာမီ ကာလမှာတော့ ဒီ အဖော်ကြယ်ဟာ လုံးဝ အငွေ့ပျံပြီး ပျောက်ဆုံး သွားမယ်လို့ ပညာရှင် တွေက ယူဆကြပါတယ်။

Ref: The Heaviest Neutron Star Ever Seen Got There by Feasting on its Companion  | Universe Today

Advertisement