Skip to content

အီဂျစ်မံမီ တွေကို ဘယ်လို ဆေးစိမ်ခဲ့သလဲ

  • History
Egyptian sarcophagus and mummy

ရှေးဟောင်း အီဂျစ်ခေတ်က ငွေကြေး ချမ်းသာတဲ့ သူတွေ အတွက် သူတို့ ကွယ်လွန်သွားတဲ့ အခါမှာ အများသူငါ လူသာမန် တွေလို မြေကြီးထဲ တွင်းတူး မြှုပ်နှံဖို့ ဆိုတာ စိတ်တောင် မကူးဝံ့တဲ့ အရာ တစ်ခု ဖြစ်ပါတယ်။

ရှေးဟောင်း အီဂျစ် လူမျိုးတွေဟာ “ခါ” ခေါ်တဲ့ ဝိညဉ်ကို ယုံကြည် ကြပါတယ်။ သူတို့ရဲ့ အယူအဆ အရ လူတစ်ယောက် သေဆုံး သွားတဲ့ အခါ သူ့ရဲ့ ဝိညဉ်ဟာ နောက်ဘဝကို ကူးပြောင်းလို့ သွားပါတယ်။ ဒါပေမယ့် ဒီလို ကူးပြောင်း သွားနိုင်ဖို့ အတွက် သူတို့ရဲ့ ကြွင်းကျန် ရစ်ခဲ့တဲ့ ရုပ်အလောင်းဟာ အကောင်း ပကတိ ရှိနေဖို့ လိုအပ်ပါတယ်။

ဒီနေရာမှာ ရှေးဟောင်း အီဂျစ်တွေ ယုံကြည်တဲ့ နောက်ဘဝ ဆိုတာက နောက်ထပ် လူထပ်ဖြစ်တဲ့ ဘဝမျိုး မဟုတ်ပဲ လူတွေ သေပြီး ရောက်ရှိသွားတဲ့ ဘုံတစ်ခု ဖြစ်ပါတယ်။

ဒီလို နောက်ဘဝကို အောင်အောင်မြင်မြင် ရောက်ရှိ ဘဝကူး နိုင်ဖို့ ရှေးဟောင်း အီဂျစ် လူမျိုးတွေဟာ သူတို့ သေဆုံးသွားတဲ့ အခါ ကြွင်းကျန်ရစ်တဲ့ ရုပ်အလောင်းကို မပုပ်သိုး မပျက်စီး ရအောင် ဆေးစိမ်ပြီး စီမံ ထားလေ့ ရှိကြပါတယ်။ ဒီ ဆေးစိမ် ရုပ်အလောင်း တွေဟာ ခုခေတ် ခေါ်တဲ့ မံမီ တွေပဲ ဖြစ်ကြပါတယ်။

ဒီ မံမီ ဆေးစိမ်တဲ့ တာဝန်ကို အီဂျစ် ဘုန်းကြီး တွေက တာဝန်ယူ လုပ်ဆောင်ပါတယ်။ ဒီ လုပ်ငန်းစဉ်ဟာ အီဂျစ်တို့ရဲ့ ကိုးကွယ်ယုံကြည်မှု ဆိုင်ရာ ဘာသာရေး လုပ်ထုံးလုပ်နည်း တစ်ခုလဲ ဖြစ်ပါတယ်။

အခုထိ ရှာဖွေ တွေ့ရှိ ပြီးသမျှ အစောဆုံး အီဂျစ် မံမီဟာ ဘီစီ ၃၀၀၀ (လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀၀ ခန့်) က မံမီ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ အစောပိုင်း ကာလမှာ မံမီပြုလုပ်တဲ့ လုပ်ငန်းစဉ်ဟာ အုပ်ချုပ်သူ ဘုရင်နဲ့ ဘုရင့် မျိုးနွယ်တွေပဲ လက်လှမ်းမှီတဲ့ အခွင့်ထူး တစ်ခု ဖြစ်နေပါ သေးတယ်။

ဒီ မံမီ ပြုလုပ်ခြင်းကို ကုန်ကျစားရိတ် တတ်နိုင်သူ ဘယ်သူမဆို လက်လှမ်းမှီတဲ့ ဝန်ဆောင်မှု တစ်ခု အဖြစ် ရောက်ရှိဖို့ ကတော့ နောက်ထပ် နှစ် ၈၀၀ လောက် ကြာမြင့် ခဲ့ပါတယ်။

နောက်ပိုင်း ကာလ တွေမှာတော့ မံမီ ပြုလုပ်ခြင်းကို လူသားတွေတင် မကတော့ပဲ အိမ်မွေး တိရိစ္ဆာန် တွေကိုပါ ပြုလုပ် လာကြတာ တွေ့ရပါတယ်။ ဥပမာ ၂၀၂၀ ခုနှစ်က အယ်လ် ဖေယမ် (El Faiyum) အိုအေစစ် မှာ တူးဖော် ရရှိတဲ့ သင်္ချိုင်းမှာ ခွေးတွေကို မံမီ ပြုလုပ် မြှုပ်နှံ ထားကြတာ တွေ့ရပါတယ်။

နောက်အကျဆုံး မံမီကတော့ အေဒီ ၄ ရာစုက မြှုပ်နှံ ခဲ့တဲ့ မံမီပဲ ဖြစ်ပါတယ်။ ဒီကာလ မှာတော့ ရောမ အင်ပါယာရဲ့ လွှမ်းမိုး လာမှုနဲ့ ခရစ်ယာန် ဘာသာ ပြန့်ပွား လာမှု တွေကြောင့် ရှေးဟောင်း အီဂျစ် ကိုးကွယ် ယုံကြည်မှုတွေ ကျဆင်းလာပြီး မံမီ ပြုလုပ်တဲ့ အလေ့အထလဲ​တဖြည်းဖြည်း တိမ်မြုပ် ပျောက်ကွယ် သွားခဲ့ပါတယ်။

မံမီပြုလုပ်ခြင်းလုပ်ငန်းစဉ်များ

အဆင့် (၁) – ရုပ်ကြွင်းအား ဆေးကြော သန့်စင်ခြင်း

သေဆုံးသွားတဲ့ သူရဲ့ ရုပ်ကြွင်းကို ဆေးကြော သန့်စင်ခြင်းကို နိုင်းမြစ်ရဲ့ အနောက်ဖက် ကမ်းခြေမှာ ပြုလုပ် ကြပါတယ်။ ဒီ အနောက်ဖက်ကမ်းဟာ ရှေးဟောင်း သင်္ချိုင်းတွေ တည်ဆောက်ထားတဲ့ ဒေသလဲ ဖြစ်ပါတယ်။ မြစ်ကမ်းခြေမှာ ဘေးဖက်လေးတန် ဖွင့်ထားတဲ့ တဲတွေ ထိုးထားပြီး ဒီ တဲတွေ ထဲမှာ အလောင်းကို ဆေးကြော ကြပါတယ်။ 

ဒီ အလောင်းဆေး တာကို အီဂျစ် ဘုန်းကြီး တွေက ပြုလုပ်ကြပါတယ်။ အလောင်းကို နိုင်းမြစ်ရေနဲ့ ထန်းရည် တို့နဲ့ ဆေးကြော သန့်စင် ကြပါတယ်။

အဆင့် (၂) – ကိုယ်တွင်းအင်္ဂါများ ဖယ်ရှားခြင်း

ဒီလို ဆေးကြောပြီး တဲ့နောက်မှာ ဝမ်းဗိုက်ရဲ့ ဘယ်ဖက်ခြမ်းကို ဖွင့်ပြီး အတွင်းက ကိုယ်တွင်း ကလီစာ တွေကို ထုတ်ယူ ပါတယ်။ ဒါပေမယ့် ကိုယ်ခန္ဓာ တွင်းမှာ နှလုံးကိုတော့ ချန်လှပ် ထားကြပါတယ်။ (ဒီ နှလုံးကို ဘဝ မကူးမီ အီဂျစ် နတ်ဘုရား တွေက ချိန်တွယ်ပြီး သေဆုံးသူမှာ အပြစ် ရှိမရှိ ဆုံးဖြတ်ကြမှာမို့ ချန်ထားခဲ့တာ ဖြစ်ပါတယ်။)

သေဆုံးသူ၏ နှလုံးအား နတ်ဘုရား များမှ ငှက်တောင်မွှေးနှင့် ယှဉ်၍ ချိန်တွယ်နေကြစဉ် (Credit: Wikipedia)

ထုတ်ယူ ထားတဲ့ အူ၊ အသဲ၊ အစာအိမ်၊ အဆုတ် တွေကို အိုးတွေထဲ ထည့်ပြီး သီးသန့် သိမ်းဆည်း ထားပါတယ်။ ကျန် ကိုယ်တွင်း ကလီစာ တွေကိုတော့ နိုင်းမြစ်ထဲကို ပစ်ချ လိုက်ကြပါတယ်။ (ဦးဏှောက်ကို နှာခေါင်းကနေ အပေါက်ဖေါက်ပြီး ထုတ်ယူ ပါတယ်။ ဦးဏှောက် ကိုလဲ နိုင်းမြစ်ထဲ ပစ်ချ ကြပါတယ်။)

အဆင့် (၃) – အစောင့် နတ်ဘုရားများ

ချန်ထားတဲ့ ကိုယ်တွင်း အင်္ဂါ ၄ ခုကို တော့ သီးသန့် အိုးတွေနဲ့ သိမ်းဆည်း ထားပါတယ်။ ဒီ ကိုယ်တွင်း အင်္ဂါ တစ်ခုချင်းကို နတ်ဘုရား တစ်ပါးစီက တာဝန်ယူ စောင့်ရှောက်ကြမှာ ဖြစ်ပါတယ်။ 

ဒွာမူတက်ဖ် (Duamutef) နတ်ဘုရားက အစာအိမ်ကို တာဝန်ယူ စောင့်ရှောက်ပါတယ်။ ကီဘီစနုဖ် (Qebehsenuef) နတ်ဘုရားက အူတွေကို စောင့်ရှောက်ပါတယ်။ ဟာပီ (Hapi) နတ်ဘုရား ကတော့ အဆုတ်တွေကို တာဝန်ယူ စောင့်ရှောက် ပါတယ်။ အင်မ်စက်တီ (Imsety) နတ်ဘုရား ကတော့ အသဲကို တာဝန်ယူ စောင့်ရှောက် ပါတယ်။

ကိုယ်တွင်း ကလီစာများ ထည့်သွင်း သိမ်းဆည်းထားသော မြေအိုးများ (Image by lakewooducc from Pixabay)

အဆင့် (၄) ဆားစိမ်ခြင်း

ကိုယ်တွင်း ကလီစာတွေ ထုတ်ယူပြီးတဲ့ ရုပ်ကြွင်းကို အခြောက်ခံ ဖို့ တွင်းထွက် ဆား တွေနဲ့ တစ်ကိုယ်လုံးကို ဖုံးအုပ် ထားရပါတယ်။ ဒီ တွင်းထွက် ဆားတွေကို အီဂျစ် သဲကန္တာရ ထဲမှာ တူးဖော် ရရှိတာ ဖြစ်ပါတယ်။

ဒီလို ဆားတွေနဲ့ ဖုံးအုပ်ထားတဲ့ ကိုယ်ခန္ဓာကို အဝတ်စ တွေနဲ့ ထုပ်ပြီး ရပ်ပေါင်း ၄၀ ကြာအောင် ထားရှိ ရပါတယ်။

အဆင့် (၅) – အစာသွတ်ခြင်း

ရက် ၄၀ ပြည့်လို့ ခြောက်သွားတဲ့ အခါမှာ ရုပ်ကြွင်းကို နိုင်းမြစ်ရေနဲ့ ဆေးကြော ရပါတယ်။ ပြီးတော့ အရေပြားတွေ ပြော့ပြောင်းအောင် အမွှေးနံ့သာ ထုံမွမ်းထားတဲ့ ဆီတွေနဲ့ လိမ်းကြံ ပေးရပါတယ်။

ကိုယ်တွင်း ကလီစာတွေ ထုတ်ထားတဲ့ အတွက် ပိန်ရှုံ့ မသွားအောင်လို့ ကိုယ်တွင်း ရင်ခေါင်းနဲ့ ဝမ်းဗိုက် အတွင်းကို လွှစာ မှုန့် တွေ၊ အပင်ခြောက်တွေနဲ့ ဖြည့်ရပါတယ်။ ပြီးတဲ့ နောက်မှာတော့ ဒီ မံမီ ဆေးစိမ်ရုပ်ကြွင်းကို အဝတ်စ နဲ့ အထပ် ၂၀ ရစ်ပတ် တုပ်နှောင် ရပါတယ်။

အဆင့် (၆) – ခေါင်းမှ ခြေထောက်ဆီသို့

အဝတ်စနဲ့ ရစ်ပတ်တဲ့ အခါမှာ ခေါင်းကနေ စရစ်ပတ်ပြီး လက်တွေ၊ ပြီးမှ ခြေထောက်တွေဆီ တဖြည်းဖြည်း ရစ်ပတ် သွားရပါတယ်။ လက်နဲ့ ခြေတွေကို ရစ်ပတ်တဲ့ အခါ ညာလက် နဲ့ ညာခြေ တွေကို အရင် ရစ်ပတ် ရပါတယ်။

ဒီလို ထုပ်ပိုး ရစ်ပတ်တဲ့ အချိန်မှာ ဦးဆောင် ပြုလုပ်တဲ့ ဘုန်းတော်ကြီးဟာ အနုဘီစ် (Anubis) နတ်ဘုရားရဲ့ မျက်နှာဖုံးကို တပ်ဆင် ထားရပါတယ်။ ပိတ်စတွေ ကွာကျ မသွားအောင် သစ်စေးနဲ့ သုတ်လိမ်း ကြပါတယ်။

ဒီ့နောက်တော့ မံမီ ဆေးစိမ် ရုပ်အလောင်းကို မူရင်း မိသားစုထံ ပြန်လည် လွှဲအပ်ပေးပြီး ထုံးတမ်း စဉ်လာ နဲ့ အညီ ဆက်လက် မြှုပ်နှံ ကြပါတယ်။

ရှေး အီဂျစ် မသာတော် အခမ်း အနား (Credit: Wikipedia)
Advertisement