Skip to content

ဂြိုဟ်သားတွေနဲ့ ဘာကြောင့် အဆက်အသွယ် မရသေးတာလဲ

  • Space
အခြားဂြိုဟ်တွေပေါ်မှာ သက်ရှိတွေ ရှိတယ်ဆိုတဲ့ အထောက်အထား ရှာမတွေ့ သေးပါဘူး

ကမ္ဘာ့ သတင်းတွေ ထဲမှာ  UFO တွေ့တဲ့ သတင်းတွေဟာ ပလူပျံနေတာ တွေ့ကြရမှာပါ (အများအား ဖြင့်တော့ အတင်းအဖျင်း ရေးတဲ့ Tabloid တွေမှာ အတွေ့ရ များပါတယ်။) ဒါပေမယ့် တခါတလေ အထင်ကရ သတင်း ဌာန ကြီးတွေမှာပါ ပါလာတတ်တာမျိုးလဲ ရှိတတ်ပါတယ်။

ဒီလို  UFO မြင်တယ် ဆိုတဲ့ သတင်းပို့ချက်တွေ အများအပြား ရှိခဲ့လို့ အမေရိကန် အစိုးက ကိုယ်တိုင်က စုံစမ်း စစ်ဆေးရး အဖွဲ့ ဖွဲ့ပြီး စုံစမ်းစစ်ဆေးမှု ပြုခဲ့ ရပါတယ်။ ဒါပေမယ့် အခုထက်ထိတော့ ဒီ  UFO တွေနဲ့ ပါတ်သက်လို့ ခိုင်မာတဲ့ အထောက်အထား မရ သေးပါဘူး။ 

သိပ္ပံ ပညာရှင် များကလဲ အခြား နေအဖွဲ့အစည်း ပြင်ပက ဂြိုဟ်တွေ ပေါ်မှာ မှီတင်းနေထိုင်ကြတဲ့ အသိဉာဏ် မြင့်မားတဲ့ သက်ရှိတွေ ဆီက ထုတ်လွှင့်နိုင်တဲ့ ရေဒီယို အချက်ပြ လှိုင်းတွေကို ဖမ်းယူဖို့ ကြိုးစားခဲ့ ကြပါတယ်။ ဒီအထဲမှာ SETI စီမံကိန်းဟာ ထင်ရှားပါတယ်။ ဒါပေမယ့် သူလဲ​ဆယ်စု နှစ်ပေါင်းများစွာ ရှာဖွေခဲ့ပေမယ့် အာကာသ ထဲက ဘာအချက်ပြ ဆက်သွယ်မှုမှ မရရှိခဲ့ ပါဘူး။

မစ်ကီးဝေးထဲမှာ သက်ရှိတွေ ရှိနိုင်တဲ့ ဂြိုဟ်ဘယ်နှစ်စင်း ရှိမလဲ

ကျွန်တော်တို့ နေအဖွဲ့အစည်း တည်ရှိတဲ့ ဂလက်ဆီ ကြယ်စုကြီးကို မစ်ကီးဝေး ဂလက်ဆီ (Milky Way Galaxy) လို့ ခေါ်ပါတယ်။ ဒီ မစ်ကီးဝေး ဂလက်ဆီ ကြီးထဲမှာ စုစုပေါင်း ကြယ်အလုံးရေ သန်း တစ်သိန်း (၁၀၀,၀၀၀,၀၀၀,၀၀၀) ခန့် ရှိမယ်လို့ ခန့်မှန်းကြပါတယ်။ အချို့ကလဲ ဒီ့ထက်မက ပိုများမယ်လို့ ဆိုပါတယ်။  ဒီ အထဲကမှ နာဆာက ပညာရှင်တွေရဲ့ ခန့်မှန်းချက်အရ ဂြိုဟ်အလုံးပေါင်း သန်း ၃၀၀ လောက်ဟာ သက်ရှိတွေ ရှင်သန်ဖို့ ဖြစ်နိုင်တဲ့ သဘာဝ ပတ်ဝန်းကျင် အခြေအနေ ရှိတဲ့ Habitable planets တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ 

အခုထိ နေအဖွဲ့အစည်းရဲ့ ပြင်ပမှာ ရှိတဲ့ ဂြိုဟ်အလုံးပေါင်း ၄,၀၀၀ ကျော် ရှာတွေ့ထားပြီး ဖြစ်ပါတယ်။ ဒီအထဲက အနည်းငယ်သော ဂြိုဟ်တွေဟာ သက်ရှိတွေ ရှင်သန်ဖို့ ဖြစ်နိုင်တဲ့ သဘာဝ ပတ်ဝန်းကျင် ရှိမယ်လို့ ပညာရှင်တွေက ခန့်မှန်းကြပါတယ်။ (Kepler-442b ကတော့ အဖြစ်နိုင်ဆုံး လို့ ဆိုပါတယ်။) ဒါပေမယ့် အခုထိတော့ ဒီဂြိုဟ်တွေ ပေါ်မှာ သက်ရှိတွေ ရှိနေတယ် ဆိုတဲ့ အထောက်အထား ရှာမတွေ့ သေးပါဘူး။

ဖားမီး ဝိရောဓိ (Fermi Paradox)

နက္ခတ် ပညာရှင် တစ်ဦးဖြစ်တဲ့ အွန်ရီကို ဖားမီး (Enrico Fermi) က မေးခွန်းတခု မေးခဲ့ပါတယ်။ (ကျောင်းစားသောက်ခန်းမှာ သူ့မိတ်ဆွေ ဆရာတွေနဲ့  UFO အကြောင်း ပြောရင်း မေးခဲ့တာလို့ ဆိုပါတယ်။) သူက

“ဖြစ်တန်စွမ်း သင်္ချာနည်းနဲ့ တွက်ချက်မှုတွေအရ ဒီ စကြာဝဠာထဲမှာ အသိဉာဏ် မြင့်မားတဲ့ သက်ရှိတွေ ရှိဖို့ အခွင့်အလမ်း များတယ်ဆိုပြီး ဘာလို့ အခုထိ ကမ္ဘာပြင်ပမှာ သက်ရှိတွေ ရှိတယ်ဆိုတဲ့ အထောက်အထား  မတွေ့ရသေးတာလဲ”

ဒီ မေးခွန်းကို နောက်တော့ Fermi Paradox ဖားမီး ဝိရောဓိ လို့ လူသိများလာပါတယ်။ ဒီ ဝိရောဓိကို အဖြေပေးနိုင်ဖို့ သိပ္ပံပညာရှင်တွေ ကြိုးစားကြ ပေမယ့် အခုထိတော့ ကျေနပ်လောက်တဲ့ အဖြေ မပေးနိုင် သေးပါဘူး။ အောက်မှာ ဘာ့ကြောင့် အခုထိ ဂြိုဟ်သားတွေနဲ့ အဆက်အသွယ် မရသေးလဲ ဆိုတာကို ဖြေရှင်းထားချက်တွေကို စုစည်း တင်ပြလိုက်ပါတယ်။

ဘာ့ကြောင့်ဂြိုဟ်သားတွေဆီက ဘာမှ မကြားသေးတာလဲ

ကျွန်တော်တို့ နည်းပညာ အဆင့်မမှီလို့

အကယ်လို့ အာကာသ ထဲက အသိဉာဏ် အဆင့်မြင့်တဲ့ ဂြိုဟ်သားတွေဟာ ကျွန်တော်တို့လို ရေဒီယို လှိုင်းတွေ သုံးပြီး ဆက်သွယ်တာ မဟုတ်ပဲ အခြား အဆင့်မြင့် နည်းပညာတွေ သုံးပြီး ဆက်သွယ်တာမျိုးလဲ ဖြစ်နိုင်ပါတယ်။ ဒါဆို ရေဒီယို ဆက်သွယ်မှု တွေကို ကျောက်ခေတ်လူသားတွေ မဖမ်းယူနိုင်သလို ဂြိုဟ်သားတွေ ထုတ်လွှင့်တဲ့ အချက်ပြ ဆက်သွယ်မှုတွေကိုလဲ​ ကျွန်တော်တို့ လက်ရှိ နည်းပညာ အဆင့်အတန်းနဲ့ ဖမ်းယူနိုင်မှာ မဟုတ်ပါဘူး။

ဂြိုဟ်သားတွေ မရှိကြတော့ဘူး

ပညာရှင်တွေရဲ့ ခန့်မှန်းချက်အရ စကြာဝဠာကြီးရဲ့ သက်တမ်းဟာ နှစ်သန်းပေါင် ၁၃,၈၀၀ ရှိပါပြီ။ ဒီအထဲကမှ လူ့ယဉ်ကျေးမှု ဖြစ်ထွန်းလာတာ နှစ် ၅,၀၀၀ ကျော်ပဲ ရှိပါသေးတယ်။ ရေဒီယို စတင် သုံးစွဲနိုင်တာဆို နှစ် ၁၀၀ လောက်ပဲ ရှိသေးတာပါ။ ဒီတော့ ကျွန်တော်တို့နဲ့ အဆက်အသွယ် လုပ်နိုင်မယ့် ဂြိုဟ်သားတွေဟာ ကျွန်တော်တို့ အရင် ဖြစ်ထွန်း ပေါက်ဖွား ခဲ့ပြီး အကြောင်းကြောင်းကြောင့် ပျက်စီး ပျောက်ကွယ် သွားတာမျိုးလဲ ဖြစ်နိုင်ပါသေးတယ်။

အဆက်အသွယ် ရတာကို အစိုးရတွေက ဖုံးကွယ်ထားကြတယ်

စိတ်ကူးယာဉ် စာရေးဆရာ တွေနဲ့ conspiracy theorist တွေ အကြား လူကြိုက်များတဲ့ အယူအဆ တစ်ခုကတော့ ကျွန်တော်တို့ဟာ ဂြိုဟ်သား တွေနဲ့ အဆက်အသွယ် ရပြီး ဖြစ်တယ်။ ဒါပေမယ့် ဒါကို အစိုးရ တွေက လူထုကို အသိမပေးပဲ ဖုံးကွယ် ထားကြတယ်လို့ ဆိုပါတယ်။ သိပ္ပံ ပညာရှင် အသိုင်းအဝိုင်းကတော့ ဒီ အယူအဆကို ဟာသ တစ်ခုလိုပဲ သဘောထားကြပါတယ်။

အာကာသက အရမ်း ကျယ်လွန်းတယ်

လက်ရှိ ခန့်မှန်းချက်တွေအရ စကြာဝဠာ ကြီးဟာ အနည်းဆုံး အလင်းနှစ် ၉၁ ဘီလီယံ (၁ ဘီလီယံ  = သန်း ၁၀၀၀) ကျယ်ဝန်းပါတယ်။ ဒီ အထဲမှာ ကြယ်ပေါင်း ထရီလီယံ သန်း ၁၀၀၀ လောက် (၁၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀ ခန့်) ရှိမယ်လို့ ခန့်မှန်း ကြပါတယ်။ ဒီ ပမာဏဟာ အလွန် ကြီးမားတဲ့ ပမာဏ ဖြစ်ပါတယ်။ 

ဒီတော့ ဒီအထဲပါ သန်းထောင်ပေါင်းများစွာသော ဂြိုဟ်တွေမှာ အသိဉာဏ် မြင့်မားတဲ့ သက်ရှိတွေ ရှိနေတယ် ဆိုရင်တောင် အချင်းချင်း အဆက်အသွယ် ရဖို့ဆိုတာ မလွယ်ပါဘူး။ အထူးသဖြင့် တနေရာနဲ့ တနေရာ ရေဒီယို လှိုင်းတွေ သွားဖို့ ကြာတဲ့ အချိန် နဲ့ ကျွန်တော်တို့ ရေဒီယို စတင် အသုံးပြုတဲ့ နှစ် ၁၀၀ လောက်အတွင်း အဆက်အသွယ် ရဖို့က အတော်လေး မလွယ်ဘူး ဆိုတာ စဉ်းစားကြည့်ရင် သိနိုင်ပါတယ်။

ဂြိဟ်သားတွေက ကျွန်တော်တို့နဲ့ မတွေ့ချင်ကြဘူး

အကြောင်း အမျိုးမျိုး ကြောင့်လဲ​ဂြိုဟ်သားတွေဟာ ကျွန်တော်တို့နဲ့ အဆက်အသွယ် မလုပ်ချင်တာမျိုး  ရှိနိုင်ပါတယ်။ ဥပမာ အဆက်အသွယ် လုပ်ရမှာ ကြောက်ရွှံ့တာ၊ ကျွန်တော်တို့ကို စိတ်ဝင်စား စရာလို့ မတင်တာ၊ ဒါမှမဟုတ် ကျွန်တော်တို့က အဆင့်နိမ့်လွန်းလို့ အရေး မလုပ်ချင်တာ။ အကြောင်းအမျိုးမျိုး ရှိနိုင်ပါတယ်။ ကျွန်တော်တို့ ဖွံ့ဖြိုးမှု အတိုင်းအတာ တစ်ခု ရောက်တဲ့ အထိ စောင့်နေတာ မျိုးလဲ ဖြစ်နိုင်ပါတယ်။

သူတို့မှာ ကျွန်တော်တို့ကို အဆက်အသွယ် လုပ်ဖို့ နည်းပညာ မရှိဘူး

သိပ္ပံ ရုပ်ရှင်တွေ ဝတ္ထုတွေ ထဲမှာ ဂြိုဟ်သားတွေဟာ ကျွန်တော်တို့ထက် နည်းပညာ ပိုမို တိုးတက်ပြီး ပို အသိဉာဏ် မြင့်မားတယ် ဆိုပြီး အမြဲ ပြလေ့ ရှိပါတယ်။ ဒါပေမယ့် တကယ့် အဖြစ်မှန်က အခြားဂြိုဟ်က သက်ရှိတွေဟာ ဒိုင်နိုဆောတွေလို အသိဉာဏ် နိုမ့်ကျတဲ့ သက်ရှိတွေ ဖြစ်နေရင် ဘယ်လို လုပ်မလဲ။ (ကျွန်တော်တို့တောင် ဥက္ကာပျံ ကြီးက ဒိုင်နိုဆောတွေကို ရှင်းထုတ်လိုက်လို့ နို့တိုက် သတ္တဝါတွေ ရှင်သန်ခွင့် ရလာပြီး ဒီကမှ လူဖြစ်မယ့် ပရိုင်းမိတ်တွေ ပေါက်ဖွား ဖြစ်ထွန်း လာနိုင်ခဲ့တာပါ။ ပြောရရင် အလွန် ကံကောင်း လွန်းလို့ပါ။)

ဒါမှ မဟုတ်လဲ သူတို့ရဲ့ နည်းပညာဟာ ကျွန်တော်တို့ ကျောက်ခေတ်က လောက်ပဲ ရှိနေသေးရင်ရော။ ဂြိဟ်တစ်စင်း ပေါ်မှာ သက်ရှိတွေ ရှိတိုင်း အသိဉာဏ် မြင့်မားတဲ့ သက်ရှိတွေ အဖြစ် ပေါက်ဖွားလာမယ်လို့ ကံသေကံမ ပြောလို့ မရပါဘူး။ ဥပမာ ဒိုင်နိုဆော တွေဟာ နှစ်သန်းပေါင်း များစွာ ကမ္ဘာပေါ်မှာ ကြီးစိုးခဲ့ပေမယ့် အသိဉာဏ် မြင့်တဲ့ သတ္တဝါ တွေအဖြစ် ဆင့်ကဲ ပြောင်းလဲခြင်း ဖြစ်မသွား ပါဘူး။ နို့တိုက်သတ္တဝါ တွေထဲမှာလဲ လူဖြစ်လာမယ့် ရှေးဦး ပရိုင်းမိတ် ကနေပဲ လူဖြစ်လာ ခဲ့တာပါ။

ဒီတော့ စကြာဝဠာ ထဲက အခြားဂြိုဟ်တွေ ပေါ်မှာ သက်ရှိတွေ ရှိနေလျှင်လဲ ဒီ သက်ရှိ အများစုဟာ အသိဉာဏ်ရည် နိမ့်ကျတဲ့ သက်ရှိတွေပဲ ဖြစ်နေဖို့ များပါတယ်။

ကျွန်တော်တို့နဲ့ ဆက်သွယ်တဲ့ ဘာသာဗေဒ မတူဘူး

ကျွန်တော်တို့က ဂြိုဟ်သားတွေဟာလဲ ကျွန်တော်တို့လို စကားပြောမယ်လို့ပဲ ယူဆကြတာကိုး။ အကယ်လို့ ဂြိုဟ်သား တွေက အချင်းချင်း ဆက်သွယ်တဲ့ အခါ အလင်းရောင်နဲ့ ဆက်သွယ်တာ၊ ခြေဟန် လက်ဟန် နဲ့ ဆက်သွယ်တာ၊ နောက်ဆုံး စိတ်နဲ့ ဆက်သွယ်တာ (ဥပမာ လျှပ်စစ်သံလိုက် လှိုင်းတွေ အသုံးပြုပြီး ဆက်သွယ်တာ မျိုးပေါ့) အစရှိသဖြင့် အသံမထွက်တဲ့ ဆက်သွယ်မှုမျိုးကို အသုံးပြုမယ် ဆိုရင် သူတို့နဲ့ ကျွန်တော်တို့ အဆက်အသွယ် လုပ်ဖို့ဟာ ကြိုစားပေမယ့် အံချော် နေတာမျိုး ဖြစ်နိုင်ပါတယ်။

ဂြိုဟ်သားတွေ မရှိကြဘူး

ဂြိုဟ်သားတွေ မရှိတာမျိုးရော မဖြစ်နိုင် ဘူးလား။ အကယ်လို့ အသက်ဇီဝ ဟာ စကြာဝဠာထဲမှာ ဖြစ်ရိုးဖြစ်စဉ် တစ်ခု မဟုတ်ပဲ ပုံမှန်ကနေ အံချော်ပြီး ဖြစ်လာတဲ့ မှားယွင်းမှု တစ်ခု ဖြစ်နေခဲ့ရင် ဘယ်လို လုပ်မလဲ။ ဒါဆို ကျွန်တော်တို့ ကမ္ဘာမှာ သက်ရှိတွေ ဖြစ်တည်လာတာဟာ အလွန်ကို အကြောင်းတိုက်ဆိုင်ပြီး အလွန် ကံကောင်းလို့ ဖြစ်လာတဲလဲ​ဖြစ်နိုင်ပါတယ်။ ဒီ စကြာဝဠာကြီး တစ်ခုလုံးမှာ ကျွန်တော်တို့ လူသားတွေ သာလျှင် နည်းပညာ မြင့်မားတဲ့ တစ်ခုတည်းသော သက်ရှိတွေ ဖြစ်နေခဲ့မယ်ဆိုရင် ကောဗျာ။

အခုထိတော့ ဒါတွေ အားလုံးဟာ ဘာမှ သက်သေပြစရာ အထောက်အထား မရှိသေးပါဘူး။ ကမ္ဘာပြင်ပမှာ သက်ရှိတွေ ရှိတယ်ဆိုတဲ့ အထောက်အထား အခုထိ ရှာမတွေ့သေး သလို သက်ရှိတွေ ရှိနေပါတယ် (သို့) ရှိခဲ့ဖူးတယ် ဆိုတဲ့ အထောက်အထားလဲ ရှာမတွေ့သေးကြောင်း ပါခင်ဗျာ။

— မောင်သူရ —

Advertisement