Skip to content

UFO နဲ့ပါတ်သက်တဲ့ ပထမဆုံးအစည်းအဝေး နာဆာကျင်းပ

  • Space
UFO

အမျိုးအမည် ခွဲခြားနိုင်ခြင်း မရှိသော ကောင်းကင်ပျံ ဝတ္ထုများ (တနည်းအားဖြင့်) UFO တွေနဲ့ ပါတ်သက်လို့ နာဆာရဲ့ ထိပ်တန်း သိပ္ပံ ပညာရှင်တွေ ပါဝင်တဲ့ အဖွဲ့ဟာ ၄ နာရီ ကြာတဲ့  online တံခါးဖွင့် အစည်းအဝေး တစ်ရပ်ကို ပြုလုပ် ခဲ့ပါတယ်။ ဒီ အစည်းအဝေးကို အင်တာနက် ကနေ တိုက်ရိုက် ထုတ်လွှင့်ခဲ့ပြီး အများပြည်သူက အင်တာနက် ကနေတဆင့် မေးမြန်းတဲ့ မေးခွန်းတွေကိုလဲ ဖြေကြား ခဲ့ပါတယ်။

ဒီ အများပြည်သူ တက်ရောက်တဲ့ အစည်းအဝေးဟာ နာဆာက ဖွဲ့စည်းထားတဲ့ UFO စုံစမ်းလေ့လာရေး ကော်မစ်ရှင်ကနေ ပြုလုပ်တဲ့ ပထမဆုံး ပြည်သူ့ အစည်းအဝေး ဖြစ်ပါတယ်။ ဒီ အဖွဲ့ဟာ ဒီနှစ်ကုန်မှာ သူတို့ရဲ့ တွေ့ရှိချက်တွေကို တင်ပြနိုင်ဖို့ ရည်မှန်း ထားပါတယ်။

အခု အစည်းအဝေးရဲ့ ရည်ရွယ်ချက် တွေထဲမှာ အများပြည်သူ အနေနဲ့ သူတို့ရဲ့ UFO တွေ့ရှိမှု တွေကို သတင်းပို့ဖို့ အားပေးလှုံးဆော်ဖို့ ဖြစ်သလို ဒီ သတင်းပို့မှု တွေကို စုံစမ်းစစ်ဆေးမှုကို အထောက်အကူ ဖြစ်စေနိုင်ဖို့လဲ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီ စုံစမ်းစစ်ဆေးမှုမှာ ပါဝင်တဲ့ သိပ္ပံ ပညာရှင် တွေဟာ ယူအက်ဖ်အို မယုံကြည် သူတွေရဲ့ အနှောက်အယှက် ပေးမှု အများအပြားကို ကြုံတွေ့ခဲ့ရတယ်လို့ ထုတ်ဖော် ဝန်ခံ ခဲ့ပါတယ်။ ဒီလို အနှောက်အယှက် ပေးမှုတွေ၊ အနိုင်ကျင့်မှုတွေဟာ UFO တွေ့မြင်ခဲ့ရသူတွေ သတင်းပို့ဖို့ ဝန်လေးစေပြီး စုံစမ်း စစ်ဆေးမှုတွေကို နှောင့်နှေး ကြံ့ကြာ စေတယ်လို့လဲ​သူတို့က အခု အစည်းအဝေးမှာ တင်ပြ ခဲ့ကြပါတယ်။

ဒီလို နှောက်ယှက်မှုတွေ ရှိပေမယ့်လဲ နာဆာနဲ့ ပညာရှင်တွေကတော့ ဒီ UFO သတင်းပို့မှုတွေကို အပြည့်အဝ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်သွားမယ်လို့ ကြေငြာ ခဲ့ပါတယ်။

နာဆာက ပညာရှင် တွေက ပြောကြားရာမှာ အခုလို UFO တွေ တွေ့မြင်ရတာဟာ လေပိုင်နက် လုံခြုံရေးအတွက် စိုးရိမ်ဖွယ်ရာ ဖြစ်တယ်လို့ ဝန်ခံ ခဲ့ပါတယ်။ ဒါ့ကြောင့် ဒီ ဖြစ်ရပ်တွေကို စုံစမ်းစစ်ဆေးဖို့နဲ့ သူတို့ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်တွေကို ဆုံးဖြတ်ဖို့ဟာ နိုင်ငံအစိုးရရဲ့ တာဝန်တစ်ရပ် ဖြစ်လာတယ်လို့ ရှင်းပြပါတယ်။

အခု စုံစမ်းစစ်ဆေးမှုဟာ လုံခြုံရေးနဲ့ ပါတ်သက် နေသလို တဖက်ကလဲ နာဆာ အာကာသ အေဂျင်စီရဲ့ မူဝါဒ တစ်ခုဖြစ်တဲ့ ရိုးသားပွင့်လင်းမှု နဲ့ သိပ္ပံ နည်းစနစ်တွေကို လိုက်နာ ကျင့်သုံးမှု တွေကိုလဲ​အပြည်အဝ လိုက်နာ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

သုတေသီ တွေဟာ UFO စုံစမ်းရေးမှာ တွေ့ကြုံရတဲ့ အခက်အခဲ တွေကိုလဲ​တင်ပြ ခဲ့ပါတယ်။ အဓိက ကြုံတွေ့ရတဲ့ အခက်အခဲ ကတော့ အချက်အလက်တွေ ပြီးပြည့်စုံမှု မရှိတာပဲ ဖြစ်ပါတယ်။

နောက်ပြီး အချက်အလက် တွေရဲ့ စိတ်ချယုံကြည်ရမှုကို ဆုံးဖြတ်ရာမှာလဲ အခက်အခဲ တွေ ကြုံတွေ့ ရပါတယ်။ ရလာတဲ့ အချက်အလက် တွေရဲ့ တိကျမှုကလဲ အားနည်း နေပြန်ပါတယ်။ ပြီးတော့ အချက်အလက် တွေဟာ မတူညီတဲ့ ဌာနဆိုင်ရာ အများအပြား ဆီမှာ ပြန့်ကျဲနေ ပြန်ပါတယ်။

ဒီတော့ UFO တွေ့မြင်ရမှု သတင်းပို့ချက်တိုင်းကို အဆုံးစွန် စုံစမ်းစစ်ဆေးဖို့ အခက်အခဲတွေ ဖြစ်လာ နေပါတယ်။ ဒီ အချက်အလက် တွေကနေ ခိုင်မာတဲ့ ကောက်ချက်ချဖို့ဟာ အတော် ခက်ခဲ နေပါတယ်။

နာဆာ တာဝန်ရှိသူက ပိုမို ကောင်းမွန်တဲ့ သတင်းအချက်အလက်တွေ ရရှိဖို့ ကြိုးစားသွားဖို့ လိုတယ်လို့ အလေးအနက် ပြောကြား ခဲ့ပါတယ်။ နောက်ပြီး ဒီလို သတင်းပို့ သူတွေအပေါ်မှာလဲ ခွဲခြား နှိမ်ချ ဆက်ဆံတာမျိုးတွေ ရှောင်ရှားကြဖို့ တိုက်တွန်း သွားပါတယ်။

အခု အစည်းအဝေးမှာ UFO သတင်းပို့ချက် အချို့ရဲ့ စုံစမ်း တွေ့ရှိချက်တွေကိုလဲ တင်ပြ ခဲ့ပါတယ်။ နာဆာ ပညာရှင် တွေရဲ့ အဆိုအရ အချို့ တွေ့ရှိချက် တွေဟာ လျှပ်စီးလက်တာကို အမြင်မှားယွင်းခြင်း ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။ ဒါပေမယ့် တွေ့ရှိမှု အများအပြားနဲ့ ပါတ်သက်ပြီး ဖြေရှင်းချက် မပေးနိုင်တာကိုလဲ ဝန်ခံ ခဲ့ပါတယ်။

UFO အများစုဟာတော့ သာမန် ဖြစ်ရိုးဖြစ်စဉ် သဘာဝ တွေသာ ဖြစ်တယ်လို့ ပညာရှင် တွေက ရှင်းပြပါတယ်။ သတင်းပို့ချက် တွေအနက် အနည်းအကျဉ်းကသာလျှင် တကယ့်ကို ထူးခြားတဲ့ ဖြစ်စဉ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဥပမာ လျှင်မြန်စွာ ပျံသန်းနေတဲ့ အစက်လေး ၃ စက်ကို လေယာဉ်ပေါ်က ကင်မရာကနေ ရိုက်ကူး ထားတဲ့ ဗီဒီယို တစ်ခုကို စုံစမ်းစစ်ဆေးခဲ့ကြပါတယ်။ ဒီ တွေ့ရှိချက်ကို ရေဒါ ပုံရိပ်တွေနဲ့ တိုက်ဆိုင် စစ်ဆေးလိုက်တဲ့ အခါမှာ ဒီ အစက် ၃ စက်ဟာ ခရီးသည်တင် လေယာဉ်တွေ အဝေးတနေရာမှာ ပျံသန်း နေတာ ဖြစ်နေတာကို နောက်ဆုံး တွေ့ရှိ ခဲ့ကြပါတယ်။

ဒီ စုံစမ်းစစ်ဆေးရေး ကော်မစ်ရှင်မှာ နယ်ပယ်စုံက ထင်ရှားတဲ့ သိပ္ပံ ပညာရှင် ၁၆ ဦး ပါဝင်ပါတယ်။ သူတို့ဟာ ပြီးခဲ့တဲ့နှစ် ဇွန်လက စတင်ပြီး စုံစမ်းစစ်ဆေးမှုကို စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ UFO နဲ့ ပါတ်သက်လို့ နာဆာကနေ ပထမဆုံး လူသိရှင်ကြား တရားဝင် စုံစမ်းစစ်ဆေးမှုပဲ ဖြစ်ပါတယ်။

အခု နာဆာရဲ့ စုံစမ်းစစ်ဆေးမှုဟာ သူနဲ့ တပြိုင်တဲ့ စတင်ခဲ့တဲ့ ပင်တဂွန် စစ်ဌာနချုပ်ရဲ့ UFO စုံစစ်းရေး စီမံချက်နဲ့ သက်ဆိုင်ခြင်း မရှိပါဘူး။ ဒီ ပင်တဂွန် စုံစမ်းစစ်ဆေး မှုကိုတော့ စစ်ဖက် နဲ့ ထောက်လှမ်းရေး အရာရှိတွေက ဦးဆောင် ပြုလုပ်နေတာ ဖြစ်ပါတယ်။

အခုလို UFO နဲ့ ပါတ်သက်လို့ နာဆာရော ပင်တဂွန်ရောက ပြိုင်တူ စုံစမ်း စစ်ဆေးမှု ပြုလုပ်နေတာဟာ နည်းနည်းတော့ ထူးခြား နေပါတယ်။ အမေရိကန် အစိုးရ အဆက်ဆက်က ဆယ်စုနှစ်ပေါင်းများစွာ ဒီကိစ္စနဲ့ ပါတ်သက်လို့ အမြဲ ရှောင်လွှဲခဲ့တာပါ။

ပင်တဂွန် စုံစမ်းစစ်ဆေးရေး ကို ဦးဆောင်သူ ကတော့ အသိဉာဏ် မြင့်မားတဲ့ ကမ္ဘာပြင်ပ သက်ရှိ (ဂြိုဟ်သား) တွေရှိတယ် ဆိုတာနဲ့ ပါတ်သက်လို့ လုံးဝ ညင်းပယ်နိုင်ခြင်းတော့ မရှိဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် အခုထိတော့ ဂြိုဟ်သားတွေ ပါဝင်ပါတ်သက် နေတယ်ဆိုတဲ့ အထောက်အထား ရှာမတွေ့သေးဖူးလို့ ပြောကြား ခဲ့ပါတယ်။

Advertisement