Skip to content

အဒြကြယ်ကြီး ပေါက်ကွဲလုပြီလား

  • Space
betelgeuse
“အဒြကြယ် ကောင်းကင်လယ်မှာ၊
နေစွယ် ရထား၊လှည့်လည်သွားလို့၊
စက်နားမှ မေထုန်၊လွမ်းရန်ဘို့ ကြုံခဲ့ပြီ၊
နယုန်ဆီကိုတဲ့လေ။”
(မယ်ခွေ - အဲချင်း)

ဒီကဗျာမှာ ပါတဲ့ အဒြကြယ် ဆိုတာက Orion Constellation၊ အနောက်တိုင်း အခေါ် မုဆိုးကြယ်တာရာ၊ အရှေ့တိုင်း အခေါ်အားဖြင့် လိပ်ကြယ် တာရာစု အတွင်းမှာ ပါဝင်တဲ့ Betelgeuse ကြယ်ကြီး ဖြစ်ပါတယ်။ ဒီကြယ်ဟာ နက္ခတ်ပညာအရ အဓိက နက္ခတ် ၂၇ လုံး ထဲမှာ ၆ လုံးမြောက် ကြယ်လဲ ဖြစ်ပါတယ်။ တနည်းအားဖြင့် အရှေ့တိုင်း နက္ခတ်ပညာမှာ အလွန် အရေးပါတဲ့ ကြယ်ကြီး တစ်လုံး ဖြစ်ပါတယ်။

ဒါပေမယ့် အခုအချိန်မှာတော့ ဒီ အဒြ ကြယ်ကြီးဟာ ပေါက်ကွဲလု ဆဲဆဲ အခြေအနေနဲ့ ကြုံတွေ့နေရပြီလားလို့ အနောက်တိုင်း နက္ခတ်သိပ္ပံ ပညာရှင် တွေအကြားမှာ မေးခွန်းတွေ ထွက်ပေါ် လာနေ ကြပါတယ်။ ထုံးစံအတိုင်း ဆူပါနိုဗာ ကြယ်ပေါက်ကွဲမှုကြီး တစ်ခု တွေ့ရတော့မယ် ဆိုပြီး သိပ္ပံ ပညာရှင်တွေ ကတော့ စိတ်လှုပ်ရှားနေ ကြတာပေါ့။

ဘာ့ကြောင့် အခုလို ပေါက်ကွဲတော့မယ်လို့ နက္ခတ် ပညာရှင် တွေက ယူဆနေ ကြတာပါလဲ။ အဒြကြယ်ဟာ မူလ ကတဲက ကောင်းကင်မှာ အတောက်ပဆုံး ကြယ်တွေ အနက်က တစ်ခု အပါအဝင် ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ လပိုင်းတွေ အတွင်းမှာ အဒြကြယ်ဟာ မူလ တောက်ပမှုထက် ၅၀ ရာခိုင်နှုန်းလောက် ပိုတောက်ပ လာနေပါတယ်။ ဒါဟာ ဆူပါနိုဗာ ပေါက်ကွဲမှုကြီး မဖြစ်ပေါ်မီ မြင်တွေ့ရတဲ့ လက္ခဏာတစ်ရပ် ဖြစ်နိုင်တယ်လို့ ပညာရှင်တွေက မှန်းဆနေ ကြပါတယ်။

 အဒြကြယ်ဟာ ကမ္ဘာကနေ အလင်းနှစ် ၆၅၀ ခန့် အကွာမှာ တည်ရှိတဲ့ ကြယ်အိုကြီး တစ်စင်း ဖြစ်ပါတယ်။ သူ့ရဲ့ အရောင်ဟာ အဖြူရောင် မဟုတ်ပဲနဲ့ အနီရောင် သန်းနေပါတယ်။ 

အဒြကြယ်ဟာ ကောင်းကင်မှာ မြင်ရတဲ့ ကြယ်တွေအနက် တောက်ပမှု အနေနဲ့ ဒဿမမြောက် အတောက်ပဆုံး ကြယ်ဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ဧပြီလက စလို့ သတ္တမမြောက် အတောက်ပဆုံး ကြယ်အဆင့်ကို တက်လှမ်းလို့ လာခဲ့ပါတယ်။

ဒီကြယ်ဟာ အနီရောင် ကြယ်နီဘီလူးကြီး (red giant) တစ်စင်း ဖြစ်ပါတယ်။ တနည်းအားဖြင့် သူ့ရဲ့ ဗဟိုက ဟိုက်ဒြိုဂျင်တွေ အားလုံးနီးပါးကို လောင်မြိုက်ပြီးတဲ့ ဘဝနေဝင်ချိန် ရောက်နေပြီ ဖြစ်တဲ့ ကြယ်အိုကြီး တစ်စင်းပါ။ 

ဒီ ဘဝနေဝင်ချိန် ရောက်နေတဲ့ ကြယ်နီဘီလူးကြီးရဲ့ အရွယ်အစားဟာ မူလ အရွယ်ထက် အဆရာချီအောင် ပိုမို ကြီးထွား လာကြပါတယ်။ နက္ခတ်ပညာရှင် တွေက အဒြဟာ သူ့ရဲ့ ဗဟိုအူတိုင်မှာ လောင်ကျွမ်းစရာ ဟိုက်ဒြိုဂျင် ကုန်ခမ်းသွား ပြီမို့ ဟီလီယံ ဓါတ်ငွေ့တွေကို အဏုမြူ ဓါတ်ပေါင်းမှု ဖြစ်ပေါ်ပြီး ကာဗွန် နဲ့ အောက်ဆီဂျင် တွေအဖြစ် ပြောင်းလဲ ပစ်နေတယ်လို့ ယူဆ ကြပါတယ်။

ဒီ အဆင့်ရောက်နေတဲ့ ကြယ်နီဘီလူးကြီး တွေဟာ ပြင်းထန်တဲ့ ဆူပါနိုဗာ ကြယ်ပေါက်ကွဲမှု မဖြစ်ပေါ်မီ နှစ်ပေါင်း ရာဂဏန်း အနည်းငယ် ကနေ နှစ်သိန်းချီ ကြာအောင် အသက်ရှင်သန် နိုင်ကြပါတယ်။ 

အဒြရဲ့ တဖြည်းဖြည်း လင်းလက်လာမှုဟာ ၂၀၁၉ မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။ ပညာရှင် တွေက ဒါဟာ အဒြရဲ့ နောက်ဆုံး ထွက်သက် ဖြစ်ပြီး ဆူပါနိုဗာ ပေါက်ကွဲမှုကြီး ဖြစ်ဖို့ အရမ်း နီးကပ် လာနေပြီလို့ သုံးသပ် ကြပါတယ်။

အကယ်လို့ ခန့်မှန်းထား သလို အဒြကြယ်ဟာ ဆူပါနိုဗာ အနေနဲ့ ပေါက်ကွဲသွားမယ် ဆိုရင် ဒါဟာ လွန်ခဲ့တဲ့ နှစ် ၄၀၀ အတွင်း ကမ္ဘာနဲ့ အနီးဆုံး ဆူပါနိုဗာ ပေါက်ကွဲမှုကြီး တစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒီ ပေါက်ကွဲမှုဟာ ဘယ်လောက်အထိ ပြင်းထန်မလဲ ဆိုရင် နေ့ဖက် အချိန်တောင်မှ သူ့ကို သာမန်မျက်စေ့နဲ့ မြင်တွေ့နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

မဟာ အလင်းမှိန်ကျသွားမှုကြီး

အဒြရဲ့ နောက်ထူးဆန်းတဲ့ အချက်တခုကတော့ သူ့ဟာ အလင်းရောင် တောက်လာလိုက် မှိန်သွားလိုက်နဲ့ ပုံမှန် ဖြစ်ပေါ်နေတာပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၁၀၀ အတွင်းမှာ အဒြကြယ်ဟာ ရက် ၄၀၀ တိုင်းမှာ တစ်ကြိမ် အလင်းရောင် တောက်ပလို့ လာလေ့ရှိတာကို မှတ်တမ်း တင်ထားနိုင်ခဲ့ပါတယ်။ ဒီ့နောက်မှာတော့ သူ့ရဲ့ တောက်ပမှုဟာ ထက်ဝက် ခေါက်ချိုး ကျဆင်း သွားပါတယ်။ ဒီ့နောက်တခါပြန်ပြီး အလင်းရောင် တောက်ပလာ ပြန်ပါတယ်။

ဒါပေမယ့် ၂၀၁၉ ဒီဇင်ဘာ မှာတော့ အဒြဟာ အရင် အရောင် မှိန်ခဲ့တာ တွေထက်ကို ပိုပြီး ထူးထူးခြားခြား အရောင် မှိန်ကျလို့ သွားခဲ့ပါတယ်။ ဘယ်လောက်တောင် မှိန်ကျသွားလဲ ဆိုရင် အရင်က အမှိန်ဆုံးလို့ ဆိုခဲ့တာထက်တောင့် ၂.၅ ဆ ပိုမှိန် သွားခဲ့ပါတယ်။

မဟာမှိန်ကျသွားမှုကြီး (the Great Dimming) လို့ အမည်ပေး ထားခဲ့တဲ့ ဒီ အရောင်မှိန်သွား ခဲ့မှု ဟာ ကြယ်ထဲကနေ ရုတ်တရက် ဖုန်မှုန့်တွေ အများအပြားကို မှုတ်ထုတ် လိုက်တာကြောင့် ဖြစ်တယ် ဆိုတာကို ရှာဖွေ တွေ့ရှိ ခဲ့ကြပါတယ်။ ဒီ ဖုန်မှုန့်တွေဟာ ကြယ်အနီး ပတ်ခြာလည်မှာ ဆိုင်းနေခဲ့တဲ့ အတွက် ကမ္ဘာကနေ မြင်ကွင်းကို မှောင်ကျ သွားစေခဲ့တာ ဖြစ်ပါတယ်။

ဘဝ နောက်ဆုံးအချိန်

အဒြဟာ ဒီအဖြစ်အပျက် အပြီးမှာတော့ သူ့ရဲ့ အလင်းရောင်တွေ ပြန်လည် တောက်ပလို့ လာခဲ့ ပြန်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အမူအကျင့် တွေကတော့ ပုံမှန်နဲ့ မတူတော့ပါဘူး။

ယခင်က ရက် ၄၀၀ တခါ အရောင်တောက်ပ နေခဲ့ရာကနေ အခုအခါမှာတော့ အဒြ ကြယ်ဟာ ရက် ၂၀၀ တစ်ခါ ပြောင်းလဲ တောက်ပလို့ လာခဲ့ပါတယ်။ ဒါတင် မကသေးပါဘူး။ အရင် တောက်ပခဲ့တာတွေထက် ပိုတဲ့ တောက်ပမှု မျိုးနဲ့ပါ တောက်ပ လာနေခဲ့ပါတယ်။

ဟားဗတ် တက္ကသိုလ်က ပါရဂူ ဘွဲလွန် သုတေသီ (postdoctoral fellow) တစ်ဦးဖြစ်ပြီး ဒီကြယ်ကို အထူးပြု လေ့လာနေ ခဲ့သူ မောဂန် မက္ကလောက် (Morgan MacLeod) က အဒြဟာ သူ့ရဲ့ ဟီလီယံ တွေကို ကာဗွန်နဲ့ အောက်ဆီဂျင် တွေအဖြစ် ပြောင်းလဲပေးနေတဲ့ အဆင့်ကို ရောက်နေပြီလို့ သုံးသပ်ပါတယ်။ ဒီအချက်သာ မှန်မယ်ဆိုရင် အဒြကြယ် ပေါက်ကွဲမှု ဖြစ်ဖို့ဆိုတာ နောက်ထပ် နှစ်သောင်းဂဏန်း ကနေ သိန်းဂဏိန်းထိ ကြာမြင့်အုံးမှာ ဖြစ်ပါတယ်။

ကြယ်တစ်စင်းရဲ့ ဗဟိုမှာ ဟိုက်ဒြိုဂျင်တွေ ပေါင်းစပ်တဲ့ အဏုမြူ ဓါတ်ပြုမှု ဖြစ်နေပါတယ်။ ဒီ nuclear fusion reaction ဟာ ဟိုက်ဒြိုဂျင် ဒြပ်စင်တွေကို ဟီလီယံ ဒြပ်စင်တွေ အဖြစ် ပြောင်းလဲ ပေးပါတယ်။

ဗဟိုအူတိုင်မှာ ဟိုက်ဒြိုဂျင် ကုန်ခမ်းသွားတဲ့ အခါ ဟီလီယံ တွေကို ဆက်လက် လောင်ကြွမ်း ဓါတ်ပြုပါတယ်။ ဟီလီယံတွေ ကုန်သွားတဲ့ အခါမှာတော့ ကာဗွန် နဲ့ အောက်ဆီဂျင် တွေကို နီယွန် နဲ့ မဂ္ဂနီဆီယံ တွေအဖြစ် ဆက်လက် ပြောင်းလဲပေးပါတယ်။ ဒီလို အဆင့်ဆင့် လောင်ကြွမ်းလာ ခဲ့ရာက နောက်ဆုံးမှာတော့ ဗဟိုအူတိုင် တစ်ခုလုံးဟာ သံ (iron) အူတိုင်ကြီး အဖြစ်ကို ပြောင်းလဲသွားခဲ့ ပါတယ်။

ဒီအဆင့် ရောက်တဲ့ အခါမှာတော့ ကြယ်ရဲ့ ဗဟိုအူတိုင်ဟာ အတွင်းကို ကျွံကျ လို့ သွားပါတော့တယ်။ ဒီ့နောက်မှာတော့ ကြယ်ရဲ့ အကာဟာ ပြင်းထန်တဲ့ ဆူပါနိုဗာ ပေါက်ကွဲမှု ကြီးနဲ့အတူ ပေါက်ကွဲလို့ သွားပါတော့တယ်။

ကြယ်သေဖို့ အချိန်ဘယ်လောက် ကြာမလဲ

ကြယ် ဘဝရဲ့ အဓိက အစိတ်အပိုင်း ဖြစ်တဲ့ ဟိုက်ဒြိုဂျင် လောင်ကြွမ်းမှု ကာလဟာ နှစ်သန်းပေါင်း ထောင်ချီအောင် ကြာမြင့်ပါတယ်။ ဒါပေမယ့် သူ့နောက်မှာ ဖြစ်ပေါ်တဲ့ ဟီလီယံ လောင်ကြွမ်းမှု၊ ကာဗွန် လောင်ကြွမ်းမှု နဲ့ အခြား လောင်ကြွမ်းမှုတွေ အားလုံးဟာ တဖြည်းဖြည်းနဲ့  အချိန် တိုတောင်းလို့ လာပါတ​ယ်။

ဟီလီယံ လောင်ကြွမ်းမှု ဖြစ်စဉ်ဟာ နှစ်ပေါင်း သိန်းချီအောင် ကြာမြင့်နိုင်ပါတယ်။ ဒီ ဟီလီယမ်တွေ ကုန်သွားတဲ့ အခါ နောက်တဆင့် ဖြစ်တဲ့ ကာဗွန်နဲ့ အောက်ဆီဂျင် လောင်ကျွမ်းမှုဟာ နှစ် ၁၀,၀၀၀ လောက်ပဲ ကြာပါတယ်။ သူ့နောက်က နောက်တဆင့်ဟာ နှစ် ၁၀၀၀ လောက်ပဲ ကြာပါမယ်။ ဒီလို အဆင့်ဆင့်ဟာ တဖြည်းဖြည်း တိုတောင်းသွား ပြီးတဲ့နောက် နောက်ဆုံး အဆင့် ရောက်တဲ့ အခါမှာတော့ နာရီ အနည်းငယ်ပဲ ကြာမြင့်ပါတော့တယ်။ ဒီ့နောက်မှာတော့ ကြယ်ဟာ ဆူပါနိုဗာ ပေါက်ကွဲမှု အဖြစ် ပေါက်ကွဲ ထွက်သွားမှာ ဖြစ်ပါတယ်။

မက္ကလောက် ကတော့ အဒြကြယ်ဟာ သက်တမ်းအားဖြင့် နှစ် ထောင်ပေါင်းများစွာ သက်တမ်း ကျန်ရှိသေးတယ်လို့ ယုံကြည် ကြပါတယ်။ သူက ယခုလက်ရှိ ဖြစ်ပါ်နေတဲ့ မှိန်ကျသွားမှုနဲ့ လင်းထိန်လာမှု တွေဟာ တကယ်တော့ သိပ်ပြီး စိုးရိမ်ရလောက်တဲ့ ကွာခြားချက် မဟုတ်ပါဘူးလို့ ရှင်းပြပါတယ်။

မက္ကလောက်နဲ့ အဖွဲ့က ပြီးခဲ့တဲ့ မေ ၁၆ ရက်က တင်သွင်းတဲ့ စာတမ်းမှာ အဒြကြယ်ဟာ ဆူပါနိုဗာ အဖြစ် ပေါက်ကွဲသွားမှာ မဟုတ်သေးပဲ မူလ အလင်းကို ပြန်ရောက်သွားလိမ့်မယ်လို့ သုံးသပ် တင်ပြ ခဲ့ကြပါတယ်။နောက်ပြီး လာမယ့် ၅ နှစ်က ၁၀ နှစ် အတွင်းမှာ မူလက လင်း-မှိန် စက်ဝန်း ဖြစ်တဲ့ ရက် ၄၀၀ စက်ဝန်းကို ပြန်ရောက်သွားမယ်လို့လဲ ဟောကိန်း ထုတ်လိုက်ပါတယ်။

အဒြကြယ် ပေါက်ကွဲမှာကို ကြိုသိနိုင်မလား

အဒြကြယ်ရဲ့ အပြင်အကာမှာ ဖြစ်ပေါ်နေတာ တွေကို ကမ္ဘာကနေပြီး နက္ခတ်ပညာရှင်တွေ လေ့လာ နိုင်ကြပေမယ့် ကြယ်ရဲ့ အူတိုင်မှာ ဘာတွေ ဖြစ်နေလဲ ဆိုတာကိုတော့ ဘယ်လိုမှ မသိနိုင်ပါဘူး။ လက်ရှိမှာ ဟီလီယံတွေ ဆက်လောင်ကျွမ်း နေတုန်းလား၊ ကာဗွန် လောင်ကျွမ်းတဲ့ အဆင့် ရောက်နေပြီလား၊ ဘယ် ဒြပ်စင် တွေကို လောင်ကျွမ်း နေသလဲ ဆိုတာတွေကို မှန်းဆကြည့်ရုံထက် ပိုပြီး မသိနိုင် ပါဘူး။

ကြယ်တစ်စင်း ပေါက်ကွဲကာနီး ရောက်လာရင် သူ့ရဲ့ ဒြပ်ထု အများအပြားကို အာကာသထဲ မှုန်ထုတ် ပစ်လိမ့်မယ်လို့ ပညာရှင် တွေက ယူဆ ကြပါတယ်။ လက်ရှိမှာ အဒြဟာ သူ့ရဲ့ ဒြပ်ထု ၉၅% ကို ဆက်လက်ထိန်းသိမ်း ထားဆဲပဲ ဖြစ်ပါတယ်။​တနည်း ပြောရရင် ဆူပါနိုဗာ ပေါက်ကွဲမှု ဖြစ်ဖို့ အချိန် အတော်လေး လိုလိမ့်အုံးမှာ ဖြစ်ပါတယ်။

ဒုတိယ နေ

ဒါဆို ဘာလို့ အဒြကြယ် ပေါက်ကွဲမှုကို နက္ခတ်ပညာရှင်တွေ စိတ်လှုပ်ရှား နေရတာပါလဲ။

အကယ်လို့သာ အဒြကြယ် ပေါက်ကွဲခဲ့မယ် ဆိုရင် ဒါဟာ ကမ္ဘာ့ သတင်းဌာနတွေ လနဲ့ချီပြီး ပြောနေကြမယ့် အကြောင်းအရာ တစ်ရပ် ဖြစ်လာမှာ ဖြစ်ပါတယ်။ ဘာလို့လဲ ဆိုတော့ ဒီ ဆူပါနိုဗာ ရဲ့ အလင်းဟာ လပြည့်လ အလင်းလောက်ကို လင်းလက်တောက်ပလာမှာ မို့လို့ ဖြစ်ပါတယ်။ 

နှစ်လခန့် ကြာတဲ့ ကာလ အတွင်းမှာ ဒီကြယ်ဟာ အလွန်လင်းလက် တောက်ပစွာ ထွန်းလင်းနေမှာ ဖြစ်ပါတယ်။​ ဘယ်လောက်တောင် လင်းလက်နေ မလဲဆိုတော့ သူ့ရဲ့ အလင်းနဲ့ ညဖက် စာဖတ်လို့ ရတဲ့ အထိ လင်းလက်တောက်ပနေမှာ ဖြစ်ပါတယ်။ လင်းလွန်းလို့ နေ့ဖက်ဆိုရင်တောင် ထင်ထင်ရှားရှား မြင်တွေ့ရမှာ ဖြစ်ပါတယ်။

တနည်းအား ဖြင့်တော့ နေ နှစ်စင်း ထွက်နေသလိုမျိုး မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဒီလို လင်းလက်တောက်ပ နေပေမယ့်လို့ အဒြကြယ်ဟာ ကမ္ဘာကနေ ဝေးကွာလွန်း တာမို့ သူ့ရဲ့ ပေါက်ကွဲမှုဟာ ကမ္ဘာကိုတော့ အန္တရာယ် ကျရောက်စေမှာ မဟုတ်ပါဘူး။ သိပ္ပံ ပညာရှင် တွေရဲ့ ခန့်မှန်းချက် အရ ကမ္ဘာကို အကျိုးသက်ရောက် ဖို့ဆိုရင် ကြီးမားတဲ့ ကြယ်ကြီး တစ်စင်း အလင်းနှစ် ၁၆၀ အတွင်း ပေါက်ကွဲသွားမှ ဖြစ်နိုင်မယ်လို့ ဆိုပါတယ်။

မစ်ကီးဝေး ဂလက်ဆီ အတွင်း နောက်ဆုံး ပေါက်ကွဲခဲ့တဲ့ ဆူပါနိုဗာဟာ SN 1604 ဖြစ်ပါတယ်။ ဒီ ဆူပါနိုဗာ ပေါက်ကွဲမှုဟာ အဒြကြယ်ထက် အဆ ၃၀ ပိုဝေးတဲ့ အရပ်မှာ ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ ဒါတောင်မှ လင်းလွန်းလို့ သူ့ကို နေ့ဖက်အချိန် မြင်တွေ့နိုင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ အဒြဟာ နေနဲ့ နီးကပ် နေတာမို့ သူ့ကို မြင်တွေ့နိုင်ခြင်း မရှိ သေးပါဘူး။ လာမယ့် စက်တင်ဘာ လဆိုရင်တော့ နေနဲ့ ဝေးရာကို ရောက်ရှိ သွားမှာမို့ သူ့ရဲ့ အခြေအနေကို သိမြင်နိုင်မှာ ဖြစ်ပါတယ်။ အဲ့သည် အချိန်ထိ သူ့ရဲ့ အလင်းဟာ ဆက်လက်ပြီး ပိုမိုတောက်ပ လာနေတယ် ဆိုရင်တော့ ဒါဟာ သေခြာတဲ့ ထူးခြား ဖြစ်စဉ် တစ်ရပ် ဖြစ်လာမှာ ဖြစ်ပါတယ်။

Ref: Odd supergiant star Betelgeuse is brightening up. Is it about to go supernova? | Space

Advertisement