Skip to content

ဂြိုဟ်ငယ်လေးကို ဝါးမြိုခဲ့တဲ့ သံမိုးတွေ ရွာနေတဲ့ ဂြိုဟ်ကြီး

  • Space
hot-jupiter

ဘလက်ဟိုး တွင်းနက်တွေက ဂြိုဟ်တွေ ကြယ်တွေကို ဝါးမြိုစားသုံး ပစ်တယ်ဆိုတဲ့ အကြောင်း ကြားဖူး ဖတ်ဖူး ကြမှာပါ။ ဒါပေမယ့် ဂြိုဟ်တစ်စင်းက အခြား ဂြိုဟ်တစ်စင်းကို ဝါးမြိုစားသုံး ပစ်လိုက်တယ် ဆိုတဲ့ ဖြစ်ရပ် ရှိတယ် ဆိုရင်တော့ သင့်အနေနဲ့ ယုံကောင်းမှ ယုံပါလိမ့်မယ်။ ဒီလို ဂြိုဟ်တစ်စင်းက အခြားဂြိုဟ် တစ်စင်းကို ဝါးမြို စားသုံး ပစ်လိုက်တဲ့ ဖြစ်စဉ် ဖြစ်ခဲ့တဲ့ အထောက်အထားကို သိပ္ပံ ပညာရှင်တွေ ရှာဖွေ တွေ့ရှိ ထားပါတယ်။

ဒီနွေကို ပူလှပြီလို့ သင်ထင်ကောင်း ထင်ပါလိမ့်မယ်။ ဒါပေမယ့် ကမ္ဘာပေါ်မှာ အပူဆုံး ဆိုတဲ့အချိန်မှတောင် WASP-76 b ဂြိုဟ်ပေါ်က အပူချိန်ကို မှီမှာ မဟုတ်ပါဘူး။

ဒီ WASP-76 b ဂြိုဟ်ရဲ့ မျက်နှာပြင် အပူချိန်ဟာ ဒီဂရီ စင်တီဂရိတ် ၂၄၀၀ ထိတောင် ပူပြင်းပါတယ်။ ဒီ အပူချိန်ဟာ သံ ကို အရည်ပျော် စေရုံမကပဲ အငွေ့ပျံ သွားစေတဲ့ အထိ ပူပြင်းတဲ့ အပူချိန် ဖြစ်ပါတယ်။ 

ဒီလောက် ပူပြင်းတဲ့ ဂြိုဟ်ပူကြီးကို နက္ခတ်ပညာရှင်တွေ အတော်လေး စိတ်ဝင် စားကြပါတယ်။ ဒါ့ကြောင့်လဲ ဒီဂြိုဟ်ကို နက္ခတ်ပညာရှင် အများအပြားက လေ့လာခဲ့ ကြပါတယ်။ 

ဒီလို လေ့လာရာမှာ ဂြိုဟ်ရဲ့ လေထုထဲမှာ လွင့်ပျံနေတဲ့ ဒြပ်စင် အမျိုးအစား ၁၁ ခုကို ရှာဖွေ ဖော်ထုတ် နိုင်ခဲ့ ကြပါတယ်။ ပြီးတော့ ဒီ ဒြပ်စင်တွေရဲ့ ပါဝင်မှု အချိုးကိုလဲ တွက်ချက် နိုင်ခဲ့ ကြပါတယ်။

ဒီလို တွက်ချက်ကြည့်ရာမှာ ထူးဆန်းတဲ့ အချက်အချို့ကို နက္ခတ် ပညာရှင်တွေ သတိပြုမိ ကြပါတယ်။ ဒါကတော့ ဒီ ဂြိုဟ်ပူကြီးရဲ့ လေထုထဲမှာ ရှာတွေ့တဲ့ အချို့ဒြပ်စင်တွေဟာ နေအဖွဲ့အစည်း ထဲက ဓါတ်ငွေ့ဂြိုဟ် ကြီးတွေဖြစ်ကြတဲ့ ကြာသပတေးဂြိုဟ်နဲ့ စနေဂြိုဟ် တွေပေါ်မှာတောင် ရှာမတွေ့တဲ့ ဒြပ်စင်တွေ ဖြစ်နေတာပဲ ဖြစ်ပါတယ်။

WASP-76 b ဂြိုဟ်ပူကြီးဟာ ကမ္ဘာကနေဆို အလင်းနှစ် ၆၃၄ အကွာမှာ ရှိပါတယ်။ ဆိုလိုတာက ဒီဂြိုဟ်က လာတဲ့ အလင်းဟာ ကမ္ဘာကိုရောက်ဖို့ နှစ်ပေါင်း ၆၃၄ နှစ်တောင် အချိန်ယူရမှာ ဖြစ်ပါတယ်။ အလင်းဟာ တစ်စက္ကန့်ကို ကီလိုမီတာ ၃၀၀,၀၀၀ တောင် သွားနိုင်တာမို့ ဘယ်လောက် ဝေးမလဲ စဉ်းစားကြည့်နိုင် ပါတယ်။

ဒီဂြိုဟ်ပူကြီး ဘာ့ကြောင့် ပူနေရတာပါလဲ။ အဓိက ကတော့ ဒီဂြိုဟ်ဟာ သူ့ရဲ့ မိခင်ဂြိုဟ်နဲ့ အရမ်းကို နီးကပ်နေလို့ ဖြစ်ပါတယ်။ ဘယ်လောက်တောာင် နီးကပ်လဲ ဆိုရင် နေအဖွဲ့အစည်းမှာ နေနဲ့ အနီးဆုံး ဖြစ်တဲ့ ဗုဒ္ဓဟူးဂြိုဟ် နဲ့ နေရဲ့ အကွာအဝေးရဲ့ ၁၂ ပုံ ၁ ပုံပဲ ရှိအောင် နီးကပ် နေပါတယ်။ ဒီလို နီးကပ်နေတာမို့ နေရဲ့ ပြင်းထန်တဲ့ အပူချိန် တွေဟာ ဂြိုဟ်ပေါ်ကို ကျရောက် နေပါတယ်။ 

ဒီဂြိုဟ်ပူကြီးက သူ့မိခင်ကြယ်ကို တစ်ပတ် ပတ်မိဖို့ အချိန် ကမ္ဘာရက်နဲ့ ၁.၈ ရက်ပဲ ကြာပါတယ်။ သူ့ရဲ့ ဒြပ်ထုဟာ ကြာသပတေးဂြိုဟ်ရဲ့ ဒြပ်ထုရဲ့ 85% ခန့် ပဲ ရှိပေမယ့် သူ့ရဲ့ အရွယ်ကတော့ ကြာသပတေးဂြိုဟ် အချင်းရဲ့ နှစ်ဆခန့် ရှိပြီး ထုထည်အားဖြင့်တော့ ၆ ဆ ခန့် ပိုမိုကြီးမား နေပါတယ်။ ဒီလို ဖြစ်ရတာ ကတော့ နေက လာတဲ့ ရေဒီယို ဓါတ်ရောင်ခြည်တွေက ဓါတ်ငွေ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ဂြိုဟ်ကြီးကို ဖေါင်းကားလာအောင် ပြုလုပ်ပေးလို့ပဲ ဖြစ်ပါတယ်။

ဂြိုဟ်ရဲ့ ညဖက်ခြမ်းမှာ သံရည်ပူတွေ မိုးအဖြစ် ရွာကျနေပါတယ် (Image credit: ESO/M. Kornmesser, CC BY 4.0, via Wikimedia Commons)

ဒီဂြိုဟ်ရဲ့ တစ်ဖက်ခြမ်းဟာ နေကို အမြဲ မျက်နှာပြု နေပြီး အခြားဖက်ခြမ်းကတော့ နေရဲ့ ဆန့်ကျင်ဖက်မှာ အမြဲကျရောက် နေပါတယ်။ ဒီလို့ နေ့ဖက်အမြဲကျနေတဲ့ မျက်နှာပြင်ခြမ်းဟာ အလွန်ပူပြင်းတာမို့ သံတွေဟာ အငွေ့ပျံနေကြပါတယ်။ ဒီ သံငွေ့တွေဟာ ညဖက်ခြမ်းကို ရောက်လာတဲ့ အခါမှာ အေးလာတာမို့ အရည်ပြန်ဖြစ်ပြီး သံရည်မိုးတွေ အဖြစ် ရွာချပါတယ်။ 

အံ့ဩစရာ အကောင်းဆုံး ကတော့ နစ်ကယ်တွေ အများအပြား ရှာတွေ့တာပဲ ဖြစ်ပါတယ်။ နစ်ကယ်ဟာ မြေသားနဲ့ ဖွဲ့စည်းထားတဲ့ ဂြိုဟ်တွေမှာပဲ ရှိပြီး ဓါတ်ငွေ့ဂြိုဟ် ကြီးတွေမှာ တွေ့ရလေ့ မရှိတဲ့ ဒြပ်စင်တစ်မျိုး ဖြစ်ပါတယ်။

ပညာရှင် တွေက ဒီလို နစ်ကယ် အများအပြား ရှာတွေ့တာဟာ WASP-76 b ဂြိုဟ်ဟာ အတိတ်တစ်ချိန်တုံးက မြေသား ဂြိုဟ်ငယ်လေး တစ်လုံးကို ဝါးမြို ပစ်ခဲ့လို့ ဖြစ်မယ်လို့ ယူဆ ကြပါတယ်။ ဒီဝါးမြို ခံခဲ့ရတဲ့ ဂြိုဟ်ရဲ့ အရွယ်ဟာ ဗုဒ္ဓဟူးဂြိုဟ်နဲ့ အရွယ်တူလောက် ဖြစ်မယ်လို့လဲ​ပညာရှင် တွေက ခန့်မှန်း ကြ ပါတယ်။

နက္ခတ်ပညာရှင် တွေကတော့ ယခု တွေ့ရှိမှုကို အားရ ကျေနပ်ခြင်း မရှိကြ သေးပါဘူး။ သူတို့ကတော့ ဒီ WASP-76 b ဂြိုဟ်နဲ့ အလားတူ ဂြိုဟ်တွေကို ဆက်လက် လေ့လာသွားဖို့ ပြင်ဆင် နေကြပါတယ်။

Ref: ‘Hot Jupiter’ planet killed and ate its Mercury-sized neighbor | Live Science

Advertisement