Skip to content

ကမ္ဘာနှင့် အရွယ်တူ ဂြိုဟ်များရှာတွေ့

  • Space
TRAPPIST ကြယ်ကို ပတ်နေတဲ့ ဂြိုဟ် ၇ စင်းလုံးဟာ ကမ္ဘာနဲ့ အရွယ် မတိမ်းမယိမ်း တူညီ ကြပါတယ်

ကမ္ဘာနဲ့ အရွယ် အစား တူညီတဲ့ ဂြိုဟ်တစ်စင်းကို မစ်ကီးဝေး ဂလက်ဆီ ထဲမှာ ရှာတွေ့ဖို့ ဆိုတာ တကယ်တော့ ထင်သလောက် မလွယ်ပါဘူး။ မစ်ကီးဝေး ထဲမှာ ရှာဖွေ တွေ့ရှိတဲ့ ဂြိုဟ် အများစုဟာ ကမ္ဘာထက် သေးရင် သေးမယ်၊ ဒါမှ မဟုတ် အရွယ် အဆမတန် ကြီးတာမျိုးလဲ ဖြစ်နိုင်ပါတယ်။ ရှားရှား ပါးပါး ရံဖန်ရံခါ မှသာ ကမ္ဘာနဲ့ အရွယ်တူ ဂြိုဟ် တစ်စင်းက ကြယ်တစ်စင်းကို ပတ်နေတာမျိုး ရှာဖွေ တွေ့ရှိ တတ်ပါတယ်။

ဒါပေမယ့် ၂၀၁၇ ခုနှစ်မှာတော့ နာဆာ အဖွဲ့ကြီးက ကမ္ဘာနဲ့ အရွယ် အစား မတိမ်းမယိမ်း တူညီတဲ့ ဂြိုဟ် ရ လုံး ပတ်နေတဲ့ ကြယ်တစ်စင်းကို ရှာဖွေ တွေ့ရှိ ခဲ့တယ်လို့ ကြေငြာ လိုက်ပါတယ်။ 

အခု တွေ့ရှိရတဲ့ ကြယ်ဟာ  red dwarf လို့ ခေါ်တဲ့ အရွယ်အစား သေးငယ်တဲ့ ကြယ်နီပုလေး တစ်စင်း ဖြစ်ပါတယ်။ ဒီ ကြယ်ကို တစ်စင်းနဲ့ တစ်စင်း နီးကပ်စွာနဲ့ လှည့်ပတ် နေတဲ့ ကမ္ဘာအရွယ် ဂြိုဟ် ၇ လုံးက ပတ်နေတာကို တွေ့ရှိခဲ့ ကြတာပါ။

အခု တွေ့ရတဲ့ ကြယ်ကို TRAPPIST-1 လို့ အမည် ပေးထားပါတယ်။ ဒီ ကြယ်ဟာ ကမ္ဘာက နေဆို အလင်းနှစ် ၄၁ နှစ် အကွာမှာ ရှိပါတယ်။ ဒီ ကြယ်ကို အာကာသ ထဲမှာ လွှတ်တင်ထားတဲ့ နက္ခတ်ကြည့် မှန်ပြောင်းတွေနဲ့ မြေပြင်က နက္ခတ်ကြည့် မှန်ပြောင်းတွေ ပူးတွဲလေ့လာပြီး သူ့မှာ ရှိတဲ့ ဂြိုဟ် ၇ စင်းကို ရှာဖွေ တွေ့ရှိ ခဲ့တာ ဖြစ်ပါတယ်။

အခုထိ တွေ့ပြီးသမျှ ကြယ် အဖွဲ့အစည်း တွေ ထဲမှာ ဒီကြယ်ဟာ အထူးဆန်း ဆုံးလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီ ကြယ်လို ကမ္ဘာအရွယ် ဂြိုဟ် ၇ စင်း ပတ်နေတဲ့ ကြယ်မျိုး အရင်က တခါမှ မတွေ့ခဲ့ရ ဖူးလို့ပါ။

ဒီ ဂြိုဟ် ရှာဖွေ တွေ့ရှိ မှုနဲ့ အတူ သိပ္ပံ ပညာရှင်တွေ ကြားမှာ မေးခွန်းတွေလဲ ပေါ်ထွက်လို့ လာပါတယ်။ အထူးသဖြင့်တော့ ဒီ ဂြိုဟ် ၇ စင်း အနက်က တစ်စင်းစင်းမှာ သက်ရှိတွေ မှီတင်း နေထိုင် ရှင်သန် နိုင်မယ့် သဘာဝ ပတ်ဝန်းကျင်မျိုး ရှိနေမလား ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။

ဒီ ဂြိုဟ်တွေကို ရှာဖွေ တွေ့ရှိခဲ့ပြီး ၅ နှစ်အကြာ ၂၀၂၂ ရောက်တဲ့ အထိ ဒီ ဂြိုဟ်တွေဟာ နက္ခတ် ပညာရှင်တွေ အတွက် ပဟေဠိ တစ်ခု ဖြစ်နေဆဲပါ။ 

ဒီ ဂြိုဟ်တွေကို ရှာဖွေ တွေ့ရှိ ခဲ့ချိန်က စလို့ ပြုလုပ်ခဲ့တဲ့ လေ့လာမှုတွေ အရ ဒီဂြိုဟ်တွေရဲ့ အကြောင်းကို ပိုသိလာရတယ် ဆိုတာကတော့ မငြင်းနိုင် ပါဘူး။ 

ဥပမာ ဒီ ဂြိုဟ်တွေ အားလုံးဟာ  ကမ္ဘာလိုပဲ ကျောက်သားတွေနဲ့ ဖွဲ့စည်းထားတယ် ဆိုတာကို သိလာရ ပါတယ်။ နောက်ပြီး ဒီ ကြယ်စနစ်ဟာ ကျွန်တော်တို့ နေအဖွဲ့အစည်းထက် သက်တမ်း နှစ်ဆလောက် ပိုအသက်ကြီးတယ် ဆိုတာလဲ သိလာရပါတယ်။

ဒါပေမယ့် ဒီ ဂြိုဟ်နဲ့ ပါတ်သက်လို့ နာဆာက ပညာရှင် တွေဟာ ဒီ့ထက် ပိုပြီး သိချင် ကြပါတယ်။ သူတို့က အခု လွှတ်တင် ခဲ့တဲ့ ဂျိမ်စ်ဝက်ဘ် တယ်လီစကုပ်ကြီးကနေ လေ့လာပြီး အဖြေရှာ နိုင်ဖို့ကို မျှော်လင့် ထားကြပါတယ်။

ဒီ James Webb Space Telescope ကြီးဟာ အရင်က လွှတ်တင်ခဲ့တဲ့ အာကာသ နက္ခတ်မှန်ပြောင်း တွေအားလုံးထက် အရွယ်အစား ပိုကြီးသလို ပိုလဲ အားကောင်းပါတယ်။ နက္ခတ် ပညာရှင် တွေက ဂျိမ်းစ်ဝက်ဘ် တယ်လီစကုပ် ကို အသုံးပြုပြီး ဒီဂြိုဟ်တွေမှာ လေထု ရှိတဲ့ လက္ခဏာ ရှိမရှိ လေ့လာမှာ ဖြစ်ပါတယ်။

အထူးသဖြင့် ဂျိမ်စ်ဝက်ဘ် နဲ့ လေ့လာဖို့ အဓိက လျာထားတဲ့ ဂြိုဟ်ကတော့ စတုတ္ထမြောက် ဂြိုဟ် ဖြစ်တဲ့ TRAPPIST-1e ဂြိုဟ်ပဲ ဖြစ်ပါတယ်။ ဒီ ဂြိုဟ်ဟာ habitable zone လို့ ခေါ်တဲ့ သက်ရှိတွေ အသက်ရှင် မှီတင်း နေထိုင်နိုင်တဲ့ သဘာဝ ပတ်ဝန်းကျင် ဖြစ်ထွန်းနိုင်တဲ့ အကွာအဝေးမှာ ရှိတဲ့ ဂြိုဟ်တစ်စင်း ဖြစ်ပါတယ်။

ဒီ အကွာအဝေးမှာ ကြယ်ကနေ လာတဲ့ အပူချိန်ဟာ သမမျှတမှု ရှိပြီး ဒီ အကွာအဝေး မှာ ရှိတဲ့ ဂြိုဟ်တွေပေါ်မှာ ရေဟာ အရည် အဖြစ် ရှိနေနိုင်တဲ့ အပူချိန် ရရှိနိုင်မှာ ဖြစ်ပါတယ်။ သက်ရှိတွေ အသက်ရှင် နိုင်ဖို့ ‘ရေ’ ဟာ မရှိမဖြစ် လိုအပ်တယ်လို့ ပညာရှင် တွေက ယုံကြည် ကြပါတယ်။

အခု တွေ့ရတဲ့ ဂြိုဟ် ၇ လုံး လုံဟာ မိခင် ကြယ်ရဲ့ အနားမှာ အားလုံး ကပ်ပြီး ပတ်နေကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် မိခင်ကြယ် ဖြစ်တဲ့ ကြယ်နီပု ဟာ ကျွန်တော်တို့ နေလောက် ပူပြင်းခြင်း မရှိပါဘူး။ ဒါ့အပြင် အရွယ်အစား ကလဲ နေရဲ့ ၁၀ ပုံ ၁ ပုံ လောက်တောင် မရှိပါဘူး။

ဒီတော့ ဂြိုဟ်တွေ အပါအဝင် ဒီ TRAPPIST-1 ကြယ် အဖွဲ့အစည်း တစ်ခုလုံးကို ကျွန်တော်တို့ နေအဖွဲ့အစည်း ထဲမှာ လာထည့်ထားမယ် ဆိုရင် နေနဲ့ အနီးဆုံး ဖြစ်တဲ့ ဗုဒ္ဓဟူးဂြိုဟ် (Mercury) လောက်အထိပဲ ရောက်မယ်လို့ ဆိုပါတယ်။

ဂြိုဟ်များ၏လေထုအားရှာဖွေခြင်း

ဂြိုဟ်တစ်စင်းဟာ အပူအအေး မျှတတဲ့ ရှင်သန်နိုင်သေ ရပ်ဝန်း (Habitable zone) အတွင်းမှာ ရှိရုံနဲ့ သူ့အပေါ်မှာ သက်ရှိတွေ ရှိနေမယ်လို့ ပြောလို့တော မရပါဘူး။

သက်ရှိတွေ ရှင်သန် နိုင်ဖို့ဆို ဒီ ဂြိုဟ်ပေါ်မှာ သင့်လျှော်တဲ့ လေထု ရှိဖို့လဲ လိုအပ်ပါတယ်။ ဂျိမ်းစ်ဝက်ဘ် တယ်လီစကုပ် ကြီးနဲ့ ကြည့်တာတောင်မှ ဒီ ဂြိုဟ်တွေ ပေါ်မှာ လေထု ရှိ မရှိ ဆိုတာလောက်ပဲ သိရမှာ ဖြစ်ပါတယ်။ 

အခုထိတော့ ဒီဂြိုဟ်တွေကို ဟတ်ဘယ် တယ်လီစကုပ် (Hubble Space Telescope) နဲ့ ရသလောက် လေ့လာခဲ့ ကြပါတယ်။ ဒီ လေ့လာချက် တွေအရ ဒီ အထဲက ဂြိုဟ် ၃ စင်းရဲ့ လေထုထဲမှာ ဟိုက်ဒြိုဂျင် ဓါတ်ငွေ့တွေ အများအပြား ပါဝင်ခြင်း မရှိဘူးလို့ သိထားရ ပါတယ်။ ဟိုက်ဒြိုဂျင် ဓါတ်ငွေ့ များတဲ့ ဂြိုဟ်တွေပေါ်မှာ သက်ရှိတွေ ရှင်သန် နေထိုင် နိုင်ဖို့ မဖြစ်နိုင်ဘူးလို့ သိပ္ပံ ပညာရှင် တွေက ယုံကြည် တာမို့ ဒါဟာ သတင်းကောင်း တစ်ခုလို့ ဆိုနိုင်ပါတယ်။

ဒီတွေ့ရှိချက်ကြောင့် ဒီ ဂြိုဟ်တွေ ပေါ်မှာ သက်ရှိတွေ အသက်ရှင် နိုင်တဲ့ လေထု ရှိနေနိုင်မယ် ဆိုတဲ့ မျှော်လင့်ချက်တွေလဲ တိုးပွားလာ ကြပါတယ်။

TRAPPIST-1e ပေါ်မှာသက်ရှိတွေရှာမယ်

TRAPPIST-1e ပေါ်မှာ သက်ရှိတွေ ရှိမရှိ ရှာဖို့ ပထမ အဆင့်အ နေနဲ့ ဂျိမ်းစ် ဝက်ဘ် နက္ခတ် မှန်ပြောင်းကို အသုံးပြုပြီး ဒီ ဂြိုဟ်ရဲ့ လေထုကို အသေးစိတ် လေ့လာမှာ ဖြစ်ပါတယ်။ 

အထူး သဖြင့်တော့ ကာဗွန်ဒိုင် အောက်ဆိုဒ်ကို အဓိက ရှာဖွေမှာ ဖြစ်ပါတယ်။ ကာဗွန်ဒိုင် အောက်ဆိုဒ်ဟာ သတ္တဝါတွေ အသက်ရှူမှု ဖြစ်စဉ်မှာ စွန့်ပစ် ပစ္စည်း အနေနဲ့ ထွက်လာတဲ့ ဓါတ်ငွေ့ တစ်မျိုးဖြစ်ပါတယ်။

ပညာရှင်တွေက ဒီ စတုတ္ထမြောက် ဂြိုဟ်ကို စိတ်ဝင်စားကြတဲ့ အထဲမှာ သူ့ရဲ့ အရွယ်အစားနဲ့ ဒြပ်ထုကြောင့်လဲ​ပါပါတယ်။ ဒီဂြိုဟ်ရဲ့ အရွယ်အစားဟာ ကမ္ဘာနဲ့ အတူတူလောက် ရှိပြီး သူ့ရဲ့ ဒြပ်ထုကလဲ ကမ္ဘာ့ ဒြပ်ထုနဲ့ အတူတူလောက်ပဲ ဖြစ်နေပါတယ်။ 

ဒီဂြိုဟ်တွေ တစ်ခုနဲ့ တစ်ခု နီးကပ်စွာ တည်ရှိနေတာကြောင့်မို့လဲ သူတို့နဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို သိပ္ပံ ပညာရှင် တွေက အသေးစိတ် တွက်ချက် နိုင်ခဲ့ ကြပါတယ်။ ဒီ တွက်ချက် မှုတွေအရ ဒီဂြိုဟ်တွေဟာ ကျောက်သားနဲ့ အဓိက ဖွဲ့စည်းထားမယ်လို့ ယူဆကြ ပါတယ်။ 

လက်ရှိ ဂျိမ်းစ်ဝက်ဘ် တယ်လီစကုတ်ကြီး အဆင်သင့် ဖြစ်တော့မှာမို့ ဒီ ဂြိုဟ်တွေပေါ်မှာ သက်ရှိတွေ ရှိမရှိ ဆိုတဲ့ အထောက်အထားတွေ ရရှိလာဖို့ သိပ်မဝေး တော့ဘူးလို့ ပညာရှင် တွေက ယုံကြည် နေကြပါတယ်။

Reference: Day of Discovery: 7 Earth-Size Planets | NASA

Advertisement