Skip to content

2029 မှာ ကမ္ဘာနားက ကပ်ပျံသွားမယ့် ဥက္ကာပျံကြီး

  • Space
Apophis ဥက္ကာပျံဟာ ကမ္ဘာနဲ့ မိုင် ၁၉,၀၀၀ ပဲ ဝေးတဲ့ နေရာက ကပ်ပျံမှာ ဖြစ်ပြီး ကမ္ဘာပေါ်ကနေ သာမန် မျက်စေ့နဲ့ မြင်နိုင်မှာ ဖြစ်ပါတယ်

၂၀၂၉ ခုနှစ် ဧပြီလ ၁၃ ရက် သောကြာနေ့ (ဟုတ်ကဲ့ Friday the 13th ပါ)  မှာ ကမ္ဘာအနားကနေ ကပ်ပြီး ကြီးမားတဲ့ ဥက္ကာပျံကြီး တစ်စင်း ကပ်ပြီး ဖြတ်ပျံသွားမှာ ဖြစ်ပါတယ်။  Apophis (အေပိုဖစ်စ်) လို့ အမည်ပေး ထားတဲ့ ဒီ ဥက္ကာပျံ ကြီးဟာ အချင်း ၁,၁၂၀ ပေ ရှိပြီး ကမ္ဘာနဲ့ မိုင် ၁၉,၀၀၀ ပဲ ဝေးတဲ့ နေရာကနေ ကပ်ပြီး ပျံသွားမှာ ဖြစ်ပါတယ်။ ဒီ အကွာအဝေးဟာ ကမ္ဘာကို တည်ငြိမ် ပလမ်း ကနေ ပတ်နေတဲ့ ဆက်သွယ်ရေး ဂြိုဟ်တုတွေ ထက်တောင် ပိုနီးတဲ့ အကွာအဝေး ဖြစ်ပါတယ်။ 

ဒီ ဥက္ကာပျံကြီး ကမ္ဘာနားက ကပ်ပြီး ဖြတ်ပျံသွားတာကို ကမ္ဘာပေါ်မှာ ရှိတဲ့ လူ သန်း ၂,၀၀၀ လောက် မြင်ကြရမယ်လို့ ဆိုပါတယ်။ ဒီ ဥက္ကာပျံကြီး ဖြတ်ပျံတာကို ပထမဆုံး ကမ္ဘာ့တောင်ဖက်ပိုင်း ဩစတြေးလျ နိုင်ငံကနေ စပြီး တွေ့ကြရမှာ ဖြစ်ပါတယ်။ အရှေ့ကနေ အနောက်ကို သွားနေတဲ့ တောက်ပတဲ့ ကြယ်တစင်း အဖြစ်နဲ့  မြင်ကြရမှာပါ။ ဒီ့နောက်မှာ အိန္ဒိယ သမုဒ္ဒရာ ပေါ်ကနေ ဖြတ်ပျံပြီး အာဖရိကတိုက် အပေါ်ပိုင်းမှာ အီကွေတာ ကို ဖြတ်ပြီး ကမ္ဘာ့မြောက်ပိုင်းကို ဝင်ရောက်သွားမှာ ဖြစ်ပါတယ်။

ကမ္ဘာ့ လူသားတွေ အတွက် ကံကောင်းသွားတာကတော့ ဒီ ဥက္ကာပျံ ကြီးဟာ ကမ္ဘာနဲ့ ဒီလောက် နီးနီး ကပ်ပျံသွားပေမယ့် ကမ္ဘာနဲ့တော့ ဝင်တိုက်မိမှာ မဟုတ်ပါဘူး။ မူလကတော့ သူ့ရဲ့ လမ်းကြောင်းနဲ့ ပတ်သက်လို့ မသေချာခဲ့ပေမယ့် ထောက်လှမ်းရရှိတဲ့ အလက်တွေကို အသေးစိတ် တွက်ချက်မှု အရ ဒီ ဥက္ကာပျံဟာ အခုတခေါက် ဖြတ်ပျံမှုမှာ ကမ္ဘာနဲ့ တိုက်မိစရာ အကြောင်း မရှိဘူးလို့ ဆိုပါတယ်။

ဒီလို တိုက်မိစရာ မရှိဘူး ဆိုပေမယ့် နောက်အခေါက်တွေ ကမ္ဘာနားက ကပ်ပျံတဲ့ အခါမှာတော့ တိုက်မိနိုင်ခြေ ဘယ်လောက် ရှိမလဲ ဆိုတာ သိပ္ပံ ပညာရှင် တွေအနေနဲ့ တိတိကျကျတော့ ဆုံးဖြတ်နိုင်ခြင်း မရှိသေးပါဘူး။ အခုတစ်ခေါက် ကပ်ပျံတဲ့ အခါ သူ့ရဲ့ လမ်းကြောင်းကို ကမ္ဘာ့ ဆွဲအား သက်ရောက်မှာမို့ နောက်အခေါက် တွေအတွက် လမ်းကြောင်း ပြောင်းမသွားဘူးလို့ မပြောနိုင်ပါဘူး။ ဒီလို လမ်းကြောင်း ပြောင်းသွားခဲ့ရင် နောက်အကြိမ် ပျံသန်းမှုတွေဟာ လွတ်လွတ်ကင်းကင်း ဖြစ်မယ်လို့ သေချာ အာမခံ နိုင်ခြင်း မရှိကြ ပါဘူး။

လက်ရှိမှာ ဒီ ဥက္ကာပျံကို “အန္တရာယ် ရှိနိုင်သော ဂြိုဟ်မွှား (Potentially Hazardous Asteroids (PHAs))” စာရင်းထဲ ထည့်သွင်းထားပါတယ်။ အထူးသဖြင့် ဒီ ၁၀ စုနှစ် အတွင်း ကမ္ဘာနားက ကပ်ပျံသွားတဲ့ ကြီးမားတဲ့ ဥက္ကာခဲ တွေ ထဲမှာ အနီးဆုံး ဖြတ်ပျံမယ့် ဥက္ကာခဲ ဖြစ်ပါတယ်။ 

ဒါပေမယ့် ပညာရှင်တွေ ကတော့ ဒီ ဥက္ကာပျံဟာ ကမ္ဘာနဲ့ တိုက်မိစရာ အကြောင်း လုံဝ မရှိဘူးလို့ အခိုင်အမာ ယုံကြည် ကြပါတယ်။

Apophis ဥက္ကာပျံရဲ့နောက်ခံသမိုင်း

ဒီ အေပိုဖစ်စ် ဥက္ကာပျံကို ၂၀၀၄ ခုနှစ် ဇွန်လ ၁၉ ရက် နေ့က ရှာဖွေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ မူလက 2004 MN4 လို့ အမည် ပေးထား ခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာတော့ ဒီ ဥက္ကာပျံကို Apophis လို့ အမည် ပြောင်းလဲ ပေးခဲ့ပါတယ်။ Apophis ဆိုတာက ရှေး ဂရိ ဘာသာနဲ့ အီဂျစ် မြွေမိစ္တာကို ခေါ်တဲ့ အမည် ဖြစ်ပါတယ်။ ရှေးအီဂျစ် အယူအဆ အရ ဒီ မြွေမိစ္ဆာဟာ အမှောင်ထဲမှာ ပုန်းအောင်းနေပြီး နေနတ်ဘုရား ရား ​(sun-god Ra) ကို အလစ်ချောင်း ထွက်တိုက် တတ်တယ်လို့ ယူဆကြပါတယ်။

ဒီ ဥက္ကာခဲဟာ ဒြပ်ဖွဲ့စည်းပုံ အရ ခွန်ဒရိုက် (chondrites) လို့ ခေါ်တဲ့ ဥက္ကာခဲ အမျိုးအစား ဖြစ်ပါတယ်။ ဒီ ခွန်ဒရိုက် ဥက္ကာခဲ တွေဟာ အဓိကအားဖြင့် ကျောက်နဲ့ စီလီကိတ် (စီလီကွန် နဲ့ အောက်ဆီဂျင်ရော ဒြပ်ပေါင်း) တွေနဲ့ ပေါင်းစပ် ဖွဲ့စည်းထားကြပါတယ်။ ဒါ့အပြင် သံ နဲ့ နီကယ် သတ္တုတွေလဲ အနည်းငယ် ပါဝင်ပါတယ်။

၂၀၀၄ ခုနှစ်အတွင်း ဒီ ဥက္ကာပျံရဲ့ သွားလမ်းကို လေ့လာ တွက်ချက်လို့ ရသမျှ ၂၀၂၉ ခုနှစ်မှာ ကမ္ဘာနဲ့ ဝင်တိုက်နိုင်မယ့် ဖြစ်နိုင်ချေဟာ ၂.၇ ရာခိုင်နှုန်း ရှိတယ် ဆိုပါတယ်။ ဒါဟာ သိပ်မများလှဘူးလို့ ထင်ရပေမယ့် မနည်းလှပါဘူး။ အထူးသဖြင့် ကမ္ဘာနား နီးတဲ့အချိန် ကမ္ဘာ့ဆွဲအားကြောင့် လမ်းကြောင်းပျောင်း သွားရင် ဒီရာခိုင်နှုန်းက ပိုများလာ နိုင်ပါတယ်။

၂၀၀၅ မှာ ထပ်မံ ရရှိတဲ့ အချက်အလက် တွေနဲ့ ရေဒါနဲ့ ထောက်လှမ်းရရှိတာတွေ ပေါင်းပြီး ထပ်တွက်ကြည့်လိုက်တော့ ကမ္ဘာကို ဝင်တိုက်မယ့် ဖြစ်နိုင်ချေ ဒီလောက် မများဘူး ဆိုတာ တွေ့လာကြရပါတယ်။ ၂၀၀၆ မှာတော့ ဒီ ဥက္ကာဟာ ကမ္ဘာကို ဝင်တိုက်မှာ မဟုတ်ဘူးလို့ ပညာရှင်တွေက ရဲရဲကြီး ကြေငြာနိုင်ခဲ့ ကြပါတယ်။

ဒီလို ကြေငြာနိုင်ပေမယ့် နောက်အခေါက်တွေ ကပ်ပျံတဲ့ အခါ ဒီလောက် အန္တရာယ် ကင်းမကင်း ဆိုတာကိုတော့ သေချာ မပြောနိုင် သေးပါဘူး။ အထူးသဖြင့် ၂၀၆၈ မှာ ကပ်ပျံမယ့် အခေါက်အတွက် အန္တရာယ် ကင်းကြောင်း မသေချာ သေးဘူးလို့ ဆိုပါတယ်။ အသေအချာကိုတော့ ၂၀၂၉ ပျံသန်းမှု အပြီး ကမ္ဘာ့ ဆွဲအားကြောင့် လမ်းကြောင်း ဘယ်လောက် ပြောင်းသွားမလဲ  ဆိုတာပေါ် မူတည်မယ်လို့ ဆိုပါတယ်။

ကမ္ဘာနဲ့တိုက်မှာမဟုတ်ဘူး

နာဆာ အဖွဲ့ကြီးရဲ့ သတင်းထုတ်ပြန် ချက်အရ ဒီ ဥက္ကာခဲဟာ ၂၀၂၉ ဖြတ်ပျံသန်းမှု အတွင်း ကမ္ဘာနဲ့ တိုက်မိမှာ မဟုတ်ဘူလို့ ဆိုပါတယ်။ ဒါဟာ နှစ်ပေါင်းများစွာ ရရှိတဲ့ အချက်အလက်တွေကို အားကောင်းတဲ့ ကွန်ပြူတာ ကြီးတွေထဲ ထည့်သွင်းပြီး တွက်ချက်ကြည့်ထားတဲ့ အဖြေ ဖြစ်ပါတယ်။

ဒီ ကွန်ပြူတာ တွက်ချက်မှု တွေအရ အခုအခါ သိပ္ပံ ပညာရှင် တွေဟာ ဒီ ဥက္ကာပျံ ပျံသန်းမယ့်လ မ်းကြောင်းကို တိတိကျကျ တွက်ချက် ထားနိုင်ပြီ ဖြစ်ပါတယ်။ နောက်ပြီး ကမ္ဘာ့ဆွဲအားကြောင့် မူလ နေကို ပတ်ဖို့ ကြာချိန် ၀.၉ နှစ် ကနေ ဖြတ်ပျံ အပြီးမှာ ၁.၂ နှစ် ဖြစ်သွားမယ်လို့ ဆိုပါတယ်။ နောက်ပြီး နောက် နှစ် ၁၀၀ အတွင်းမှာလဲ ဒီဥက္ကာပျံ ကမ္ဘာနဲ့ ဝင်တိုက်မိစရာ အကြောင်း မရှိဘူးလို့ ဆိုပါတယ်။

အကယ်လို့တိုက်မိလျှင်ဘာဖြစ်လာမလဲ

ကမ္ဘာနဲ့ ဝင်တိုက်မိရင် ဘယ်လို အကျိုးဆက်တွေ ဖြစ်လာမလဲ ဆိုတာ တွက်ချက်ရတာ လွယ်တော့ မလွယ်ပါဘူး။ ဘာကြောင့်ဆို ဒီအရွယ် ဥက္ကာခဲ ကမ္ဘာကို ဝင်တိုက်ခဲ့တဲ့ သမိုင်းအထောက်အထား မရှိခဲ့တဲ့ အတွက် ကြောင့်ပါ။ ယခင်က ကမ္ဘာကို ဝင်တိုက်ခဲ့တဲ့ ဥက္ကာခဲ တွေဟာ ဒီ့ထက် အဆများစွာ ကြီးတဲ့ ဒိုင်နိဆောတွေ မျိုးတုန်းစေတဲ့ ဥက္ကာပျံ မျိုးလဲ ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် ဥက္ကာခဲ​အသေးလေးတွေ လဲ ဖြစ်ချင် ဖြစ်မယ်။ အခုအရွယ် ဥက္ကာပျံ ဝင်တိုက်ဖူးတဲ့ အထောက်အထား မရှိတော့ ဘာဖြစ်လာမယ် ဆိုတာ အတိအကျ ပြောဖို့ ခက်ခဲနေပါတယ်။

တိုက်မိလို့ ဖြစ်လာမယ့် ဆိုးကျိုးတွေဟာ ဥက္ကာပျံ ဝင်တိုက်တဲ့ အရှိန်ပေါ် မူတည်သလို ကမ္ဘာပေါ်က  ဘယ်နေရာကို ဝင်တိုက်မိလဲ ဆိုတာနဲ့လဲ မူတည်နေပါတယ်။ ပင်လယ်ထဲ ကျမယ် ဆိုရတော့ ကြီးမားတဲ့ ဆူနာမီ ရေလှိုင်းကြီးတွေ ဖြစ်ပေါ်ပြီး ကမ်းခြေ ဒေသတွေကို ထိခိုက် ပျက်စီး စေနိုင်ပါတယ်။ လူနေ ထူထပ်တဲ့ နေရာတွေနဲ့ နီးနီး ကပ်ကပ် ကျရောက်ခဲ့ရင်တော့ ထိခိုက်ပျက်စီး မှု ကြီးမားမှာ ဖြစ်ပါတယ်။

ပုံမှန်အားဖြင့် ဥက္ကာပျံတွေ ကမ္ဘာ့လေထုထဲကို တစ်နာရီ မိုင် ၄၅,၀၀၀ အရှိန်နဲ့ ဝင်ရောက်လာ ကြပါတယ်။ အခု ဥက္ကာပျံ ကြီးသာ ဒီအရှိန်နဲ့ ဝင်လာပြီး ပေါက်ကွဲ သွားမယ်ဆို ဒီပေါက်ကွဲမှုက ထွက်လာတဲ့ စွမ်းအင်ဟာ ဟီရိုရှီးမားမှာ ဖေါက်ခွဲခဲ့တဲ့ အဏုမြူဗုံးထက် အဆ တစ်သန်း ပိုပြင်းထန်မယ်လို့ ဆိုပါတယ်။ ဒီ ပမာဏဟာ လက်ရှိ ကမ္ဘာပေါ်က အဏုမြူ လက်နက်တွေ အားလုံးရဲ့ ပြင်းအားနဲံ ညီပါတယ်။

လက်ရှိမှာတော့ နက္ခတ် သိပ္ပံ ပညာရှင်တွေဟာ ဒီ Aphphis ဥက္ကာပျံကို မျက်ခြေမပြတ် စောင့်ကြည့် လေ့လာနေကြပါတယ်။

Reference: Apophis: The asteroid we thought might hit us | Space

Advertisement
Tags: