Skip to content

ဥက္ကာပျံကြီး တစ်စင်း ကမ္ဘာနဲ့ လ ကြားက ဖြတ်ပျံသွား

  • Space
ဥက္ကာပျံကြီး တစ်စင်း ကမ္ဘာနဲ့ လ ကြားက ဖြတ်ပျံသွား

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (၁၇ အောက်တိုဘာ ၂၀၂၁) က ဘတ်စ်ကားကြီး တစ်စင်းလောက် အရွယ်ရှိတဲ့ ဥက္ကာပျံကြီး တစ်စင်းဟာ ကမ္ဘာ့နဲ့ လကြားက ဖြတ်ပြီး ပျံသွားခဲ့တယ်လို့ နာဆာက ထုတ်ပြန်တဲ့ အချက်အလက် တွေအရ သိရပါတယ်။

ဒီ ဥက္ကာပျံက နီးကပ်စွာ ဖြတ်ပျံ သွားပေမယ့် ကမ္ဘာကိုတော့ အန္တရာယ် ဖြစ်စေလောက်တဲ့ အနေအထား မရှိခဲ့ ဘူးလို့ ဆိုပါတယ်။

2021 TG14 လို့ အမည်ပေး ထားတဲ့ ဒီ ဥက္ကာပျံဟာ ကမ္ဘာကနေ မိုင်ပေါင်း ၁၅၅,၀၀၀ အကွာကနေ ဖြတ်ပျံ သွားခဲ့ တာပါ။ ကမ္ဘာနဲ့ လ အကွာအဝေးက မိုင်ပေါင်း၂၃၉,၀၀၀ မို့ ကမ္ဘာနဲ့ လကြား ၂/၃ ပုံ လောက် အကွာအဝေး ကနေ ဖြတ်ပြီး ပျံသွား ခဲ့တာပါ။

ကမ္ဘာနားကို ကပ်လာတဲ့ ဥက္ကာပျံ ဥက္ကာခဲ တွေကို နာဆာက အမြဲတမ်း မျက်ခြေမပြတ် ထောက်လှမ်း စောင့်ကြည့် ပါတယ်။ ဥက္ကာပျံ တွေဆိုတာက နေ အဖွဲ့အစည်း ဖြစ်တည်စ တုန်းက ဂြိုဟ် ဖြစ်ခွင့် မရပဲ ကျန်ရစ်ခဲ့တဲ့ ကျောက်စိုင် ကျောက်ခဲ တွေမို့ နေအဖွဲ့အစည်းရဲ့ မူလ အစ ကို လေ့လာလို ကြတဲ့ နက္ခတ် ပညာရှင် တွေအတွက် စိတ်ဝင်တစား လေ့လာ စရာ အရာ ဝတ္ထုတွေလဲ ဖြစ်ကြပါတယ်။

ကမ္ဘာနား ကပ်လာတဲ့ ဥက္ကာပျံ တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို နာဆာရဲ့ website မှာ ကြည့်ရှုနိုင်ပါတယ်။ နာဆာ အဖွဲ့ကြီးရဲ့ ကမ္ဘာဂြိုဟ် ကာကွယ်ရေး ညှိနှိုင်း ဌာန (Planetary Defense Coordination Office) ကလဲ အခြား အစိုးရ ဌာနတွေ နဲ့ နက္ခတ် တာရာ လေ့လာရေး တယ်လီ စကုပ်တွေနဲ့ အမြဲမပြတ် ညှိနှိုင်းပြီး ကမ္ဘာပေါ် ကျရောက်လာ နိုင်တဲ့ ဥက္ကာပျံ ဥက္ကာခဲ တွေကို အမြဲမပြတ် စောင့်ကြည့် ထောက်လှမ်း နေပါတယ်။ 

အခုထက် ထိတော့ နက္ခတ် ပညာရှင်တွေဟာ ကမ္ဘာကို အန္တရာယ် ဖြစ်စေနိုင် လောက်အောင် နီးကပ်စွာ ပျံသန်းလာမယ့် ဥက္ကာပျံ တွေကို မတွေ့ရှိ ကြရ သေးပါဘူး။

အခု အဖြစ်အပျက်ဟာ လတ်တလော မီဒီယာ တွေပေါ်မှာ ဥက္ကာပျံ နဲ့ ပါတ်သက်လို့ စိတ်ဝင်စားမှု တိုးပွားလာတဲ့ အချိန်နဲ့ တိုက်ဆိုင် နေပါတယ်။ ပြီးခဲ့တဲ့ စနေ နေ့ကတင် နာဆာရဲ့ ဥက္ကာပျံနဲ့ ဂြိုဟ်သိမ် လေ့လာရေး အာကာသ ယာဉ် “လူစီ (Lucy)” ကို အောင်မြင်စွာ လွှတ်တင် နိုင်ခဲ့ ပါသေးတယ်။ ဒီ လူစီ အာကာသ ယာဉ်ဟာ ဂျူပီတာ (ကြာသပတေးဂြိုဟ်) ရဲ့ ပတ်လမ်း ပေါ်မှာ နေကို ပတ်နေတဲ့ ဥက္ကာပျံ ဥက္ကာတုံး တွေကို လေ့လာမှာ ဖြစ်ပါတယ်။

နာဆာက မကြာမီမှာ ဥက္ကာပျံကို ဝင်ဆောင့်ပြီး လမ်းကြောင်း ပြောင်းတဲ့ နည်းပညာကို စမ်းသပ်မယ့် အာကာသယာဉ်ကို လွှတ်တင်မှာ ဖြစ်ပါတယ်။ တချိန်ထဲမှာပဲ ကမ္ဘာမြေကို ဦးတည် လာနေတဲ့ ဥက္ကာပျံ တွေကို အဏုမြူ လက်နက်နဲ့ ဖေါက်ခွဲ ဖျက်စီး ပစ်ဖို့ အကြံပြုချက် ကိုလဲ သိပ္ပံ ပညာရှင် များက အဆို ပြုထားပါ သေးတယ်။

ဥက္ကာပျံ ကို ဝင်တိုက်ပြီး စမ်းသပ်မယ့် ပုံစံကို သရုပ်ပြထားပုံ (Photo: NASA)

နောက်ပြီး နာဆာရဲ့ ဥက္ကာပျံ ကနေ ကျောက်သား နမူနာ ရယူခဲ့တဲ့ အာကာသ ယာဉ်ဟာလဲ ကမ္ဘာကို ပြန်လာတဲ့ အပြန်လမ်းမှာ ရောက်ရှိ နေပါပြီ။ OSIRIS-REx လို့ အမည်ပေးထားတဲ့ ဒီ အာကာသ ယာဉ်ဟာ ကမ္ဘာနားမှာ ပတ်ပျံနေတဲ့ ဘင်နု (Bennu Asteroid) ဂြိုဟ်သိမ် က ကျောက်သား နမူနာ အောင်မြင်စွာ ယူပြီး ပြန်လာ နေတာ ဖြစ်ပါတယ်။

နာဆာရဲ့ နောက် လာလတ္တံ့သော အာကာသ ခရီးစဉ်ကတော့ သတ္တု ဂြိုဟ်သိမ်ကို လေ့လာမယ့် ဆိုက်ခီ (Psyche)  အာကာသယာဉ် ခရီးစဉ်ပဲ ဖြစ်ပါတယ်။ ဒီ အာကာသ ယာဉ်ကိုတော့ နောက်နှစ် ၂၀၂၂ မှာ လွှတ်တင်မှာ ဖြစ်ပါတယ်။ ထူးခြားတာက ဒီ ဆိုက်ခီ အာကာသ ယာဉ်မှာ ပုံမှန် လောင်ဆာ ဆီသုံး ဒုံးစက် အစား နေစွမ်းအားသုံး ဒုံးစက်ကို တပ်ဆင် ထားတာပဲ ဖြစ်ပါတယ်။

ဒီ အာကာသ ခရီးစဉ် တွေဟာ နာဆာရဲ့ အနာဂါတ် ဥက္ကာပျံနဲ့  ဂြိုဟ်သိမ်တွေ လေ့လာရေး အစီအမံ ရဲ့ တစိတ်တဒေသပဲ ရှိပါသေးတယ်။ နောက်ပိုင်းမှာ ဥက္ကာပျံနဲ့ ဂြိုဟ်သိမ် တွေကနေ စီးပွားဖြစ် သတ္တု တူးဖေါ် တာ မျိုးထိ လုပ်ဆောင်တာတွေ ဖြစ်လာ နိုင်တယ်လို့ ဆိုပါတယ်။

၂၀၂၀ ခုနှစ်ကလဲ ဥက္ကာပျံ တစ်စင်း ကမ္ဘာနဲ့ လကြားက ဖြတ်သွားခဲ့ ပါသေးတယ်။ ဒီ ဖြတ်သွားပုံကို ကွန်ပြူတာနဲ့ သရုပ်ဖော် ထားတာပါ။

Reference:
An asteroid just zipped past Earth closer than the moon’s orbit | SPACE
School Bus-Size Asteroid to Safely Zoom Past Earth | NASA

Advertisement