Skip to content

ကြာသပတေး ဂြိုဟ်သာ နေနဲ့ နီးကပ်ခဲ့ရင်

  • Space
မိခင်ကြယ်ကို အလွန် နီးကပ်စွာ ပတ်နေတဲ့ ဓါတ်ငွေ့ ဂြိုဟ်ကြီးတွေဟာ အလွန် ပူပြင်းတာမို့ သူတို့ကို Hot Jupiter လို့ ခေါ်ကြပါတယ်။

နေအဖွဲ့အစည်း ထဲမှာ ကြာသပတေး ဂြိုဟ်ဟာ အကြီးဆုံး ဖြစ်ပါတယ်။ ဂျူပီတာ ခေါ် ကြာသပတေး ဂြိုဟ်ဟာ ဓါတ်ငွေ့တွေနဲ့ ဖွဲ့စည်း ထားတဲ့ ဓါတ်ငွေ့လုံးကြီး ဖြစ်ပါတယ်။ အချို့က သူ့ကို နေဖြစ်ဖို့ ကြိုးစားရင်း ကျဆုံးသွားခဲ့တဲ့ failed sun လို့တောင် တင်စား ကြပါတယ်။

ဂျူပီတာ ဟာ နေကနေ ကမ္ဘာထက် ၅ ဆလောက် ပိုဝေးတဲ့ နေရာကနေ ပတ်နေတာ ဖြစ်ပါတယ်။  အကွာအဝေး ကီလို မီတာ အားဖြင့်ဆို ကီလိုမီိတာ သန်းပေါင်း ၇၈၀ လောက် ဝေးတဲ့ နေရာက ပတ်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့် အကယ်လို့သာ ဂျူပီတာဟာ နေနဲ့ ပိုမို နီးကပ်တဲ့ နေရာက ပတ်နေ ခဲ့မယ်ဆို ဘယ်လို အကျိုးသက်ရောက် မှုတွေ ဖြစ်လာ နိုင်မလဲ။

နက္ခတ် ပညာရှင် တွေဟာ နေအဖွဲ့အစည်း ပြင်ပက ကြယ်တွေကို ပတ်နေတဲ့ ဂြိုဟ် (exoplanets) အမြောက် အများကို ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။ အခု အချိန်ထိ နေအဖွဲ့အစည်း ပြင်ပက ပြင်ပဂြိုဟ်ပေါင်း ၅,၀၀၀ ကျော် ရှာဖွေ တွေ့ရှိ ထားပြီး ဖြစ်ပါတယ်။

နေအဖွဲ့အစည်း ပြင်ပက ဂြိုဟ်တွေ များများ ရှာတွေ့လေ ကျွန်တော်တို့ နေအဖွဲ့အစည်းဟာ အခြား ကြယ် အဖွဲ့အစည်း တွေနဲ့ မတူညီပဲ ကွဲပြားလေ ဆိုတာကို သဘော ပေါက်လာ ရပါတယ်။

ကျွန်တော်တို့ နေ အဖွဲ့အစည်းမှာ သေးငယ်တဲ့ ဂြိုဟ်တွေဟာ နေနဲ့ အနီးဆုံးမှာ ပတ်နေ ကြပြီး ကြီးမားတဲ့ ဂြိုဟ်ကြီးတွေ ကတော့ နေကို ပိုဝေးတဲ့ ပတ်လမ်း တွေကနေ ပတ်နေ ကြပါတယ်။

ပြင်ပဂြိုဟ် တွေကို ရှာဖွေ တွေ့ရှိခြင်း မရှိခဲ့ စဉ်ကတော့ အခြား ကြယ် အဖွဲ့အစည်း တွေကို ပတ်နေတဲ့  ဂြိုဟ်တွေဟာလဲ ဒီလိုပဲ ဂြိုဟ်သေးတွေက အတွင်းပတ်လမ်း တွေက ပတ်နေပြီး ဂြိုဟ်ကြီးတွေက အပြင် ပတ်လမ်း တွေက ပတ်နေ ကြမယ်လို့ သိပ္ပံ ပညာရှင် တွေက ယူဆခဲ့ ကြပါတယ်။

ဒါပေမယ့် တဖြည်းဖြည်း ဒီအချက်ဟာ မှန်ကန်မှု မရှိဘူး ဆိုတာကို သိပ္ပံ ပညာရှင်တွေ တွေ့ရှိခဲ့ ကြပါတယ်။

ရှာဖွေ တွေ့ရှိ ခဲ့တဲ့ ကြယ် အများအပြားမှာ ဂျူပီတာလို ဓါတ်ငွေ့ ဂြုဟ်ကြီး တွေဟာ မိခင်ကြယ်နဲ့ အလွန် နီးကပ်စွာ ပတ်နေ ကြတာကို ရှာဖွေ တွေ့ရှိ ခဲ့ကြပါတယ်။

ဒီ ဓါတ်ငွေ့ ကြယ်ကြီး တွေဟာ နေနဲ့ အလွန် နီးကပ်တာကြောင့် အလွန် ပူပြင်း ကြပါတယ်။ ဒါကြောင့် သူတို့ကို နက္ခတ် ပညာရှင် တွေက “ဂျူပီတာ ဂြိုဟ်ပူကြီး (Hot Jupiters)” တွေလို့ အမည် ပေးထား ကြပါတယ်။

ကျွန်တော်တို့ နေအဖွဲ့အစည်း ထဲမှာ ဂျူပီိတာ ဂြိုဟ်ပူ ကြီးတွေ မရှိ ကြပါဘူး။ ဒါပေမယ့် အကယ်လို့ နေနဲ့ နီးကပ်စွာ ကပ်ပြီး ပတ်နေတဲ့ ဂျူပီတာ ဂြိုဟ်ပူကြီး တစ်စင်းသာ  ရှိခဲ့မယ် ဆိုရင် ဘာ အကျိုး သက်ရောက်မှုတွေ ရှိလာ နိုင်မလဲ။

ဗီးနပ်စ် ခေါ် သောကြာဂြိုဟ်ဟာ နေနဲ့ ဒုတိယ အနီးဆုံးဂြိုဟ် ဖြစ်ပါတယ်။ သူ့ကို မိုးသောက်ကြယ် လို့လဲ ရှေး နက္ခတ် ပညာရှင် တွေက ခေါ်ဆို ကြပါတယ်။ 

ဗီးနပ်စ် ရဲ့ မိုးကောင်းကင်ကို တိမ်တွေက ထာဝရ ဖုံးအုပ် ထားပါတယ်။ ဒီ တိမ်တွေဟာ အလင်းပြန်မှု အားကောင်း ကြတာမို့ သူ့ကို နံနက်ခင်း မိုးသောက်စ (သို့) ညနေချမ်း နေဝင်စမှာ လင်းထိန် တောက်ပစွာ မြင်တွေ့ ကြရတာ ဖြစ်ပါတယ်။

အကယ်လို့ ဂျူပီတာ ဂြိုဟ်ကြီးဟာသာ နေနဲ့ နီးနီး ကပ်ကပ် ရှိနေမယ် ဆိုရင် အခု ဗီးနပ်စ် ကို မြင်တွေ့ ရတာထက် ပိုပြီး တောက်ပစွာ မြင်တွေ့ ကြရ လိမ့်မယ်လို့ ဆိုပါတယ်။

အခြား ကြယ်တွေကို ပတ်နေတဲ့ ဂျူပီတာ အရွယ် ဂြိုဟ်တွေရဲ့ ပတ်လမ်းလို ဂျူပီတာရဲ့ ပါတ်လမ်းဟာ နေနဲ့ ကမ္ဘာ အကွာအဝေးရဲ့ ၁၀ ပုံ ၁ ပုံ လောက်ပဲ ရှိခဲ့မယ် ဆိုရင် ဂျူပီတာဟာ အခု ဗီးနပ်စ် ထက်တောင် နေနဲ့ ပိုပြီး နီးကပ် သွားမှာ ဖြစ်ပါတယ်။

ဒီ အကွာအဝေးမှာ ဂျူပီတာဟာ ဗီးနပ်စ် ထက် ၇ ဆ ပိုပြီး နေနဲ့ နီးကပ်နေမှာ ဖြစ်ပြီး သူ့ရဲ့ အလင်းကလဲ ဗီးနပ်စ်ထက် ၁၅ ဆ လောက် ပိုလင်း နေမှာ ဖြစ်ပါတယ်။

ဒီ လောက် လင်းထိန် နေတာမို့ သူ့ကို နေရဲ့ အနီးမှာ လင်းထိန် တောက်ပစွာ တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် အလင်းရောင် အားနည်းတဲ့ မနက်ခင်း နေထွက်စနဲ့ ညနေခင်း နေဝင်စ အချိန်တွေမှာ လင်းထိန် တောက်ပစွာ မြင်တွေ့ ကြရမှာပါ။

ဒါပေမယ့် ဒီလို ဂျူပီတာ အရွယ် ဂြိုဟ်ကြီး တစ်စင်း နေနဲ့ အရမ်း နီးကပ်တဲ့ နေရာကနေ ပတ်နေ ခဲ့မယ်ဆို ကမ္ဘာ ဆိုတာ ရှိနိုင် အုံး မလား။

ကျောက်ဆိုင် ကျောက်သား တွေနဲ့ တည်ဆောက်ထားခြင်း မဟုတ်ပဲ ဓါတ်ငွေ့ (သို့) ဓါတ်ငွေ့ခဲ တွေနဲ့ တည်ဆောက် ထားတဲ့ ဂြိုဟ်တွေဟာ နေနဲ့ အလွန် နီးကပ်တဲ့ နေရာမှာ မမွေးဖွား လာနိုင်ပါဘူး။ သူတို့ဟာ နေရဲ့ ဆွဲငင်အား နည်းပါးတဲ့ အပြင်ဖက် ရပ်ဝန်းတွေမှာ မွေးဖွား လာကြပြီးမှ နေနဲ့ နီးကပ်တဲ့ ပတ်လမ်းထဲကို ရွှေ့လာ ကြတာ ဖြစ်ပါတယ်။

ဒီလို ဂျူပီတာ အရွယ် ဂြိုဟ်ကြီး တစ်ခုသာ ကမ္ဘာပတ် လမ်းကြောင်းကို ဖြတ်ပြီး နေနဲ့ နီးကပ်တဲ့ အတွင်းပတ်လမ်းကို ချဉ်းကပ်လာမယ် ဆိုရင် သူ ဖြတ်သန်း သွားရာ လမ်းကြောင်းက ဂြိုဟ်တွေ အပေါ်မှာ ပြင်းထန်တဲ့ ဆွဲငင်အား သက်ရောက်မှု ဖြစ်ပေါ် စေလိမ့်မယ်လို့ နက္ခတ် ပညာရှင် တွေက သုံးသပ် ကြပါတယ်။

ဒါ့ကြောင့် အကယ်လို့သာ ဂျူပီတာ ဂြိုဟ်ဟာ နေနဲ့ နီးကပ်တဲ့ ပတ်လမ်းကနေ ပတ်နေ ခဲ့မယ်ဆို ကမ္ဘာ့ ပေါ်က သက်ရှိတွေ အသက်ရှင် သန် မှုကို ကြီးစွာသော အန္တရာယ် ဖြစ်စေ လာနိုင်တယ်လို့ နက္ခတ် ပညာရှင် တွေက ယူဆကြပါတယ်။

 Reference: What if a hot Jupiter existed in our Solar System? | BBC Sky and Night Magazine

Advertisement