Skip to content

ဂြိုဟ်တုတွေလွှတ်တင်မယ့် လောက်လွှဲ

ဂြိုဟ်တု အသေးတွေကို လောက်လွှဲနဲ့ ကမ္ဘာပတ် လမ်းကြောင်း အနိုမ့်ပိုင်းထဲကို စမ်းသပ်ပစ်လွှတ်မှာ ဖြစ်ပါတယ်

ကမ္ဘာပတ် လမ်းကြောင်း ထဲကို ဂြိုဟ်တုတွေ လွှတ်တင်ရာမှာ ဈေးသက်သက် သာသာနဲ့ လွှတ်တင်နိုင်မယ့် နည်းပညာ အသစ်ကို စတင် စမ်းသပ် တော့မယ်လို့ သိရပါတယ်။ ဒီနည်းက လောက်လွှဲကို အသုံးပြုပြီး ဂြိုဟ်တု အငယ်စား တွေကို ကမ္ဘာပတ် လမ်းကြောင်း အနိုမ့်ထဲကို လွှတ်တင်မယ့် နည်းလမ်းပဲ ဖြစ်ပါတယ်။

အခု နည်းလမ်းကို SpinLaunch ကုမ္ပဏီက တီထွင်ခဲ့တာ ဖြစ်ပါတယ်။ ဒီနည်းက သီအိုရီ အရတော့ သိပ်ပြီး ထူးဆန်းတဲ့ နည်းပညာ မဟုတ်ပါဘူး။

ကျွန်တော်တို့ ကျောက်ခဲကို လွှဲပြီး ပစ်တဲ့ လောက်လွှဲ တွေ့ဖူးကြတယ် မဟုတ်လား။ ကြိုးခပ်ရှည်ရှည် ထိပ်မှာ ခဲထည့်ဖို့ အိပ်ကလေး လုပ်ထားပြီး ကြိုးကို ပတ်ပြီး လွှဲပစ်တာလေ။ Sling shot လို့ ခေါ်တာပေါ့။ 

ဒါကို မျက်စေ့ထဲ မမြင်ရင် ကျောက်ခဲ တစ်လုံးကို ကျိုးတစ်ချောင်းနဲ့ ချည်ပြီး ဝှေ့ကြည့် လိုက်ပါ။ ဝှေ့ရင်း အရှိန် ရလာတဲ့ အခါ ကြိုးကို လွှတ်လိုက်ရင် ကျောက်ခဲက အရှိန်နဲ့ လွင့်ထွက် သွားတာ တွေ့ရပါ လိမ့်မယ်။ အခု ဂြိုဟ်တု လွှတ်တာကလဲ ဒီ သဘောကို အသုံးပြု ထားတာပဲ ဖြစ်ပါတယ်။

ဒီ ပစ်လွှတ်မယ့် လောက်လွဲ ကြီးကို မနှစ်က ၂၀၂၁ ခုနှစ်မှာ စတင် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ယခုအခါ ကုမ္ပဏီဟာ နာဆာနဲ့ စာချုပ်ချုပ်ပြီး ဂြိုဟ်တုတွေကို ကမ္ဘာပတ် လမ်းကြောင်း အနိုမ့်ထဲ ပစ်လွှတ် စမ်းသပ် တော့မှာ ဖြစ်ပါတယ်။

အခု စမ်းသပ်မှုမှာ သဘော တူညီ မှုအရ SpinLaunch က တည်ဆောက်ထားတဲ့ Suborbital Accelerator Launch System လောက်လွှဲကြီးကို အသုံးပြုပြီး နာဆာရဲ့ ဂြိုဟ်တုနဲ့ အခြား ကုန်ပစ္စည်း တွေကို သယ်ဆောင်နိုင်မယ့် ကုန်တင်ယာဉ်ကို အသံထက် မြန်တဲ့ အလျင်နဲ့ လွှတ်တင်မှုကို စမ်းသပ်မယ်လို့ သိရပါတယ်။

ဂြိုဟ်တုလွှတ်မယ့် လောက်လွှဲ (Photo: SpinLaunch)

အခု ပြုလုပ်မယ့် စမ်းသပ်မှုကို ဒီနှစ် နှစ်ကုန်ပိိုင်း လောက်မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီ စမ်းသပ်မှုက ရရှိတဲ့ အချက်တွေကို လေ့လာ သုံးသပ်ပြီး လက်တွေ့ ဘယ်လောက် အသုံးချ နိုင်မလဲ ဆိုတာနဲ့ ရေရှည် စီးပွားဖြစ် လုပ်ကိုင်ဖို့ ဖြစ်နိုင် မဖြစ်နိုင် ဆိုတာတွေကို လေ့လာ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

SpinLaunch ရဲ့ လောက်လွှဲ  စနစ်မှာ အဓိက ပါဝင်တဲ့ အစိတ်အပိုင်း ကတော့ အလျား ပေ ၃၀၀ ခန့် ရှည်တဲ့ လက်မောင်းကြီးပဲ ဖြစ်ပါတယ်။ ဒီ လက်မောင်းကြီးကို ကာဗွန် ဖိုင်ဘာနဲ့ ပြုလုပ် ထားပါတယ်။ ဒီ လက်မောင်းကြီးကို သံမဏိနဲ့ ပြုလုပ်ထားတဲ့ လေဟာနယ် ပစ်လွှတ်ခန်း ထဲမှာ ထည့်သွင်း တည်ဆောက် ထားပါတယ်။

ဒီ လက်မောင်းကြီးရဲ့ လွှဲအားနဲ့ ဂြိုဟ်တု အငယ်စား တွေကို တစ်နာရီ မိုင် ၅,၀၀၀ အလျင်နှုန်းနဲ့ ပစ်လွှတ်နိုင်မယ်လို့ ဆိုပါတယ်။

အခု နည်းပညာကို အသုံးပြု ခြင်းအားဖြင့် ပုံမှန် ဂြိုဟ်တု ပစ်လွှတ်မှု တွေမှာ လိုအပ်တဲ့ လောင်စာရဲ့ ၃၀ ရာခိုင်နှုန်း လောက်ပဲ လိုအပ်မယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရှုပ်ထွေးပြီး ကုန်ကျစားရိတ် များတဲ့ လွှတ်တင်ရေး အဆောက် အဦတွေ တည်ဆောက်ခလဲ​ သက်သာ သွားမှာ ဖြစ်ပါတယ်။

ဒီနည်းနဲ့ လွှတ်တင်ရာမှာ ကမ္ဘာပတ် လမ်းကြောင်း ထဲကို တိုက်ရိုက်တော့ ရောက်မှာ မဟုတ်ပဲ စထရာတို စဖီးယား အလွှာ (stratosphere) အထိပဲ ရောက်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ စထရာတို စဖီးယား ကနေ ကမ္ဘာပတ် လမ်းကြောင်းထဲ ရောက်ဖို့ ဒုံးစက် အသေးလေး အသုံးပြု ရုံနဲ့ ရောက်နိုင်တာမို့ ကုန်ကျစားရိတ် အများကြီး သက်သာ သွားမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာ လက SpinLaunch ရဲ့ ပထမဆုံး စမ်းသပ် ယာဉ်ကို အောင်မြင်စွာ ပစ်လွှတ် နိုင်ခဲ့ ပါတယ်။ ဒီ စမ်းသပ်မှု အပြီးမှာတော့ အလေးချိန် အမျိုးမျိုး ရှိတဲ့ စမ်းသပ်ယာဉ် တွေကို အမြန်နှုန်း တစ်နာရီ မိုင် ၁,၀၀၀ နှုန်း အထိ အောင်မြင်စွာ စမ်းသပ် ပစ်လွှတ် နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ပတ် လမ်းကြောင်းထဲကို အာကာသယာဉ် လွှတ်တင် စမ်းသပ် မှုကိုတော့ လာမယ့် ၂၀၂၅ ခုနှစ် အတွင်းမှာ ပြုလုပ် သွားမယ်လို့ သိရပါတယ်။

Reference: SpinLaunch to test its unique, low-cost launch system with NASA payload | Inceptive Mind

Advertisement