Skip to content

နေအဖွဲ့အစည်း ထဲက အအေးဆုံး ဂြိုဟ်

  • Space
Uranus

နေ အဖွဲ့အစည်း ထဲမှာ အပူထုတ်ပေးနိုင်တဲ့ အဓိက ပင်ရင်းဟာ နေပဲ ဖြစ်ပါတယ်။ ဒီတော့ အလွယ်တကူ စဉ်းစား ကြည့်ရင် နေနဲ့ နီးတဲ့ ဂြိုဟ်တွေဟာ ပိုပူပြင်းပြီး နေနဲ့ ဝေးသွားလေလေ အေးလာလေလေ ဖြစ်မယ်လို့ စဉ်းစားစရာ ရှိပါတယ်။ ဒီလိုပဲ နေနဲ့ အဝေးဆုံး နေရာက ဂြိုဟ်ဟာ အအေးဆုံး ဖြစ်လိမ့်မယ် လို့လဲ ယူဆစရာ ရှိပါတယ်။

နေအဖွဲ့အစည်း ထဲမှာ နေနဲ့ အဝေးဆုံးမှာ ရှိတဲ့ ဂြိုဟ်ဟာ နက်ပ်ကျွန်း ဂြိုဟ် (Neptune) ဖြစ်ပါတယ်။ ဒီတော့ နက်ပ်ကျွန်း ဂြိုဟ်ဟာ နေအဖွဲ့အစည်း ထဲမှာ အအေးဆုံး ဂြိုဟ် ဖြစ်လိမ့်မယ်လို့ တွေးမိ ကြမှာပါ။ (ပလူတိုကို ဂြိုဟ်အဆင့်က လျှော့ချထားခဲ့တာ အတော် ကြာခဲ့ပါပြီ)

ဒါပေမယ့် တကယ်တမ်း မှာတော့ နေအဖွဲ့အစည်း ထဲမှာ အအေးဆုံး ဂြိုဟ်ဟာ နက်ပ်ကျွန်းဂြိုဟ် မဟုတ်ပါဘူး။ နေ အဖွဲ့အစည်း ထဲမှာ အအေးဆုံး ဂြိုဟ်အဖြစ် သရဖူ ဆောင်းထား တာကတော့ နက်ပ်ကျွန်းထက် နီးတဲ့ နေရာကနေ နေကို ပတ်နေတဲ့ ယူရေးနပ်စ် ဂြိုဟ် (Uranus) ဖြစ်ပါတယ်။

ယူရေးနပ်စ် ဂြိုဟ်ဟာ နေကနေ ရေတွက်ရင် သတ္တမမြောက် ဂြိုဟ်ဖြစ်ပါတယ်။ ဒီဂြိုဟ်ဟာ အရွယ်အစား ကြီးမားတဲ့ ဂြိုဟ်ကြီး တစ်စင်း ဖြစ်ပြီး သူ့ရဲ့ အချင်းဟာ ကီလိုမီတာ ၅၁,၀၀၀ တောင်မှ ရှိပါတယ်။

ယူရေးနပ်စ်နဲ့ ပတ်သက်လို့ အဖြေရှာ မရ ဖြစ်နေတဲ့ ပဟေဠိ တစ်ပုဒ်ကတော့ ဒီဂြိုဟ်ကနေ အပူ သိပ်ပြီး မထုတ်လွှတ် တာပဲ ဖြစ်ပါတယ်။ ပြီးတော့ သူဟာ နေအဖွဲ့အစည်း ထဲမှာ အအေးဆုံး ဂြိုဟ်ဖြစ်ပြီး သူ့ရဲ့ တိမ်တိုက်တွေ ထဲမှာ အပူချိန်ဟာ ရေခဲမှတ်အောက် အနှုတ်၂၂၄ ဒီဂရီ စင်တီဂရိတ် အထိတောင် အေးပါတယ်။

နေအဖွဲ့အစည်း အတွင်းက ဂြိုဟ်တိုင်းဟာ အပူ ထုတ်လွှတ် ပေးကြပါတယ်။ ဒီ အပူဟာ ဂြိုဟ်တွေ ဖြစ်ပေါ်စဉ် အချိန်က ဂြိုဟ်ရဲ့ အတွင်းပိုင်း ထဲမှာ ပိတ်မိနေတဲ့ အပူတွေ ပြန်လည် စိမ့်ထွက် လာတာ ဖြစ်ပါတယ်။ ဒီ အပူကို primordial heat လို့ ခေါ်ပါတယ်။

ဒါပေမယ့် ယူရေးနပ်စ် ကတော့ သူ့ဂြိုဟ်ကနေ အပူ နည်းနည်းလေးပဲ ပြန်လည် ထုတ်လွှတ်တာကို ထူးဆန်းစွာ တွေ့ကြ ရပါတယ်။

၁၉၈၆ ဇန်နဝါရီ ၂၅ ရက်နေ့က ဗွိုင်ယေဂျာ ၂ အာကာသယာဉ်မှ ရိုက်ယူခဲ့သော ယူရေးနပ်စ် ဂြိုဟ်၏ ဓါတ်ပုံ (Credit: NASA)

ယူရေးနပ်စ် ဂြိုဟ်ကို ၁၇၈၁ ခုနှစ်မှာ နက္ခတ်ပညာရှင် ဝီလီယံ ဟာရှဲလ် (William Hershel) က ရှာဖွေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အခု အချိန် အထိ ဒီဂြိုဟ်ကို ကမ္ဘာက အာကာသယာဉ် တစ်စီးပဲ လေ့လာရေး စေလွှတ် နိုင်ခဲ့ ပါသေးတယ်။

၁၉၈၆ ခုနှစ်တုန်းက ဗွိုင်ယေဂျာ အမှတ် ၂ (Voyager 2) အာကာသ ယာဉ်ဟာ နေအဖွဲ့အစည်း အပြင်ဖက်ကို ခရီး နှင်နေစဉ် လမ်းမှာ ယူရေးနပ်စ် ဂြိုဟ်နားက ကပ်ပြီး  ဖြတ်ပျံ သွားခဲ့ ဖူးပါတယ်။

အဲ့သည် နောက်ပိုင်းတော့ ကမ္ဘာကနေ နောက်ထပ် လေ့လာရေး အာကာသယာဉ် စေလွှတ်နိုင်ခြင်း မရှိတော့ ပါဘူး။

ဒါပေမယ့် ဒီကာလ အပိုင်းအခြား အတွင်းမှာ ယူရေးနပ်စ်ရဲ့ လေထုနဲ့ ဂြိုဟ်ခါးပတ်ကွင်း အတွင်းက ပြောင်းလဲမှု အချို့ကိုတော့ လေ့လာ နိုင်ခဲ့ ကြပါတယ်။

ယခင်က ဗွိုင်ယေဂျာ ၂ ဖြတ်ပြီး ပျံခဲ့စဉ်က ယူရေးနပ်စ် ဂြိုဟ်ရဲ့ လေထုအတွင်းမှာ ရာသီဥတု ရှိတဲ့ လက္ခဏာ မတွေ့ခဲ့ ရပါဘူး။ ဒါပေမယ့် ကမ္ဘာကနေ တယ်လီစကုပ် တွေနဲ့ လေ့လာမှု တွေအရ ယူရေးနပ်စ် ရဲ့ လေထု အတွင်းမှာ ရာသီဥတု လှုပ်ရှားပြောင်းလဲ မှုတွေ ဖြစ်ပေါ်နေတယ် ဆိုတာကို သိလာ ရပါတယ်။ 

နက္ခတ် ပညာရှင် တွေဟာ ဂျူပီတာ (ကြာသပတေး ဂြိုဟ်)၊ စေတန် (စနေဂြိုဟ်)၊ ယူရေးနပ်စ် နဲ့ နက်ပ်ကျွန်း ဂြိုဟ်တွေ ကို အုပ်စု တစ်ခု အနေနဲ့ သတ်မှတ်လေ့ ရှိကြပါတယ်။ ဒါပေမယ့် တကယ် တမ်းမှာတော ယူရေးနပ်စ် နဲ့ နက်ပ်ကျွန်း နှစ်ခုဟာ အခြား ဂြိုဟ်နှစ်ခုထက် နေကနေ အများကြီး ပိုဝေးတဲ့ နေရာမှာ ရှိနေတာပါ။

ယူရေးနပ်စ် ဂြိုဟ်ဟာဆို နေကနေ အကွာအဝေး အားဖြင့် မိုင်ပေါင်း ၁.၇၈ ဘီလီယံ (မိုင် သန်း ၁,၇၈၀) ခန့် အကွာမှာ ပတ်နေတာ ဖြစ်ပါတယ်။

နောက်ပြီး ဒီဂြိုဟ်တွေကို သေခြာ ကြည့်မယ် ဆိုရင်လဲ ဂျူပီတာ နဲ့ စေတန် ဂြိုဟ်တွေဟာ ဟိုက်ဒြိုဂျင် နဲ့ ဟီလီယံ ဓါတ်ငွေ့တွေနဲ့ အဓိက ဖွဲ့စည်းထား ကြတာ ဖြစ်ပြီး သူတို့ရဲ့ အလယ်ဗဟို မှာတော့ ကျောက်သား အူတိုင်တွေ ရှိနေပါတယ်။

ယူရေးနပ်စ် နဲ့ နက်ပ်ကျွန်း ဂြိုဟ်တွေကတော့ ဟိုက်ဒြိုဂျင်နဲ့ ဟီလီယံ အပြင် ကျောက်တုံး ကျောက်စိုင် နဲ့ ရေခဲတုံးတွေ အများအပြား ပါဝင် ဖွဲ့စည်း ထားပါတယ်။ သူတို့ရဲ့ လေထု ထဲမှာလဲ ရေငွေ့ နဲ့ မိသိန်း ဓါတ်ငွေ့ အများအပြား ပါဝင် နေပါတယ်။ နောက်ပြီး သူတို့ရဲ့ ခဲနေတဲ့ အူတိုင် ကလဲ အရွယ်အစား ​ပိုပြီး ကြီးပါတယ်။

ယူရေးနပ်စ်ဟာ ဘာလို့ အရမ်း အေးနေရတာလဲ

နက်ပ်ကျွန်းဂြိုဟ်ဟာ နေကနေ အဝေးဆုံး နေရာမှာ ရှိတဲ့ ဂြိုဟ် ဖြစ်ပါတယ်။ ဒီတော့ ထုံးစံ အရဆို အအေးဆုံး ဂြိုဟ်လဲ ဖြစ်သင့်ပါတယ်။ ဒါပေမယ့် အပေါ်မှာ ပြောခဲ့ သလိုပဲ နက်ပ်ကျွန်းဟာ အအေးဆုံး ဂြိုဟ် မဟုတ်ပဲ ယူရေးနပ်စ်က အအေးဆုံး ဖြစ်နေပါတယ်။ ဘာ့ကြေင့် ဒီလို ဖြစ်ရတာလဲ။

ဘာ့ကြောင့် ယူရေးနပ်စ်ဟာ အအေးဆုံး ဖြစ်ရတာလဲ ဆိုတာနဲ့ ပါတ်သက်လို့ သိပ္ပံ ပညာရှင် တွေက သီအိုရီ အမျိုးမျိုး တင်ပြ ခဲ့ကြပါတယ်။

ယူရေးနပ်စ် (ဘယ်) နှင့် နက်ပ်ကျွန်း (ညာ) တို့အား ယှဉ်တွဲ ပြထားပုံ (Credit: NASA/JPL-Caltech)

သီအိုရီ တစ်ခုအရ နက်ပ်ကျွန်း ဂြိုဟ်ရဲ့ လေထု အတွင်းမှာ လေနွေးတွေ လှည့်ပတ် တိုက်ခတ်မှုဟာ အကြောင်းကြောင်း ကြောင့် ပိတ်ဆို့ နေတာ ဖြစ်နိုင်တယ် လို့ ဆိုပါတယ်။ ဒီတော့ ဂြိုဟ် အတွင်းပိုင်းက အပူဟာ လေထု အပေါ်ယံ လွှာကို ရောက်ရှိလာခြင်း မရှိပါဘူး။ ဒါ့ကြောင့် လေထုရဲ့ အပေါ်ယံ လွှာဟာ အရမ်းကို အေးခဲ နေတာ ဖြစ်မယ်လို့ ဆိုပါတယ်။

နောက် သီအိုရီ တစ်ခုအရ ဂြိုဟ်ဖြစ်တည်စက ကြွင်းကျန် ရစ်ခဲ့တဲ့ primordial heat အပူဟာ ဂြိုဟ်ရဲ့ သက်တမ်း နုနယ်စဉ် ကာလ မှာကတဲက အားလုံး နီးပါး ဆုံးရှုံး သွားခဲ့လို့ ဖြစ်တယ် ဆိုတဲ့ အယူအဆပဲ ဖြစ်ပါတယ်။ ဒီတော့ ဂြိုဟ် အတွင်းမှာ ကိုယ်ပိုင် အပူ သိပ်မရှိ တော့တာကြောင့် လေထုကို နွေးအောင် ပြုလုပ် ပေးနိုင်စွမ်း မရှိတော့တာ ဖြစ်ပါတယ်။

နောက်ပြီး ယူရေးနပ်စ်နဲ့ ပတ်သက်လို့ ထူးခြားတဲ့ အချက် တစ်ခုကလဲ ရှိပါသေးတယ်။ အဲ့တာ ကတော့ ယူရေးနပ်စ်ရဲ့ လည်နေတဲ့ ဝင်ရိုးဟာ ဘေးတိုက် ကန့်လန့် ဖြစ်နေတာပဲ ဖြစ်ပါတယ်။ 

အတိအကျ ပြောရရင် ယူရေးနပ်စ်ရဲ့ ဝင်ရိုးဟာ ၉၇ ဒီဂရီ တောင်မှ တိမ်းစောင်း နေပါတယ်။ ဒါကို ကမ္ဘာ တိမ်းစောင်းတဲ့ ၂၃ ၁/၂ ဒီဂရီ နဲ့ နှိုင်းယှဉ် ကြည့်နိုင်ပါတယ်။

ဘာလို့ ဒီလို ဝင်ရိုး ဘေးတိုက် ကန့်လန့် ဖြစ်နေလဲ ဆိုတာတော့ ဘယ်သူမှ ရေရေရာရာ မသိကြ ပါဘူး။ ဖြစ်နိုင်တာ တခုကတော့ အတိတ် တချိန်က ယူရေးနပ်စ်ကို မားစ် (သို့) ကမ္ဘာ အရွယ် ရှိတဲ့ ဂြိုဟ်တစ်စင်း ဝင်တိုက် မိခဲ့တာ ဖြစ်နိုင်ပါတယ်။

ယူရေးနပ်စ် ဂြိုဟ်ရဲ့ ဝင်ရိုးဟာ ၉၇ ဒီဂရီ တိမ်းစောင်း နေပါတယ်။ Credit: NASA, ESA, and M. Showalter (SETI Institute)

ဒီလို တိုက်မိ ခဲ့တာကြောင့်လဲ ဂြိုဟ်တည်စက ကမ္ဘာဦး အပူ တွေ ဆုံးရှုံး သွားခဲ့ရတာ ဖြစ်နိုင်ပါတယ်။

ဒီလို ဂြိုဟ် အတွင်းပိုင်းက အပူ သိပ်မထွက် တဲ့ အတွက်ကြောင့် ယူရေးနပ်စ်ရဲ့ လေထု အပူချိန်ဟာ နေရောင် ကိုပဲ လုံးဝ အားပြု နေရပါတယ်။ 

ယူရေးနပ်စ်ဟာ နေကို တစ်ပတ် ပတ်ဖို့ အချိန် ၈၄ နှစ် ကြာပါတယ်။ ဝင်ရိုး ဘေးတိုက်နဲ့ လည်နေတဲ့ ယူရေးနပ်စ် ဂြိုဟ်ဟာ ဒီ ၈၄ နှစ် ပတ်လမ်း တစ်လျှောက် အတော်လေး ထူးဆန်းတဲ့ ရာသီ ဥတုကို ခံစား ရပါတယ်။

ယူရေးနပ်စ် ရဲ့ ဝင်ရိုးစွန်း တစ်ဖက်ဟာ နေရောင်ကို ၄၂ နှစ် ဆက်တိုက် ရရှိပြီး ကျန်တဖက် ကတော့ ၄၂ နှစ် ဆက်တိုက် အမှောင်ဖုံး နေမှာ ဖြစ်ပါတယ်။ နောက် ၄၂ နှစ် အကြာ နေ ရဲ့ အခြား တဖက်ခြမ်းကို ယူရေးနပ်စ် ရောက်သွားတဲ့ အခါမှာတော့ နေရောင် နဲ့ အမှောင်ဖက်ခြမ်း ဝင်ရိုးစွန်း တွေ ပြောင်းပြန် ဖြစ်သွား ကြပါတယ်။

ဒီလို ထူးခြားတဲ့ အခြေအနေကြောင့် ယူရေးနပ်စ် ပေါ်က ရာသီ ဥတုဟာ နေအဖွဲ့မစည်း အတွင်းက အခြား ဘယ်ဂြိုဟ် ပေါ်မှာမှ မတွေ့ရတဲ့ ရာသီဥတု အခြေအနေမျိုး ဖြစ်ပေါ် နေပါတယ်။

ဗွိုင်ယေဂျာ ဖြတ်ပျံ ခဲ့စဉ်က ယူရေးနပ်စ်ရဲ့ ဝင်ရိုးစွန်း တစ်ဖက်ဟာ နေရောင် ရနေပြီး ကျန်တဖက် ကတော့ မှောင်အတိ ကျရောက် နေပါတယ်။ ဒီလို အခြေ အနေမှာ ယူရေးနပ်စ်ရဲ့လထုဟာ ရာသီဥတု လှုပ်ရှားမှု သိပ်မဖြစ်ပဲ ငြိမ်သက်လို့ နေပါတယ်။

ဒါပေမယ့် အခု အချိန် ပြန်ကြည့်လိုက် တဲ့အခါမှာ ယူရေးနပ်စ်ရဲ့ အီကွေတာ ရပ်ဝန်းကို နေရောင် ကျရောက် နေချိန် ဖြစ်ပါတယ်။

ဒီလို အီကွေတာ အရပ်မှာ နေရောင် ကျရောက်ပြီး အီကွေတာ တဝိုက် ရာသီဥတု ပူနွေး လာခြင်းကြောင့် ယူရေးနပ်စ်ရဲ့ လေထုထဲမှာ ရာသီ အပြောင်း အလဲတွေ လျှင်လျှင် မြန်မြန် ဖြစ်ပေါ် လာစေပါတယ်။ ဒါ့ကြောင့် အခုအချိန် ကမ္ဘာက လေ့လာ ကြည့်တဲ့ အခါမှာ ယူရေးနပ်စ် ဂြိုဟ်ပေါ်မှာ ရာသီ ဥတု ပြောင်းလဲ မှုတွေကို လှမ်းပြီး ထောက်လှမ်းတွေ့ရှိ ရတာ ဖြစ်ပါတယ်။

ယူရေးနပ်စ်ရဲ့ ဂြိုဟ်ခါးပတ်

နေ အဖွဲ့အစည်း အတွင်းက စေတန်ဂြိုဟ်ဟာ လှပတဲ့ ဂြိုဟ်ခါးပတ် ကွင်းကြီး ရှိတာမို့ လူသိ များကြပါတယ်။ ဒါပေမယ့် စေတန်ဟာ ဂြိုဟ်ခါးပတ် ရှိတဲ့ တစ်ခုတည်းသော ဂြိဟ်တော့ မဟုတ်ပါဘူး။

ယူရေးနပ်စ် ရဲ့ ဂြိုဟ်ခါးပတ်ကို ကမ္ဘာမှ မြင်ရ့ပုံ (Source: W. M. Keck Observatory (Marcos van Dam) Lawrence Sromovsky, University of Wisconsin-Madison/W.W. Keck Observatory)

ဂျူပီတာ၊ ယူရေးနပ်စ် နဲ့ နက်ပ်ကျွန်း ဂြိုဟ်တွေ ဟာလဲ ဂြိုဟ်ခါးပတ်တွေ အသီးသီး ပိုင်ဆိုင် ထားကြပါတယ်။ ဒါပေမယ့် ယူရေးနပ်စ် ရဲံ ဂြိုဟ်ခါးပတ်ဟာ ကျန် ဂြိုဟ် ၃ စင်းရဲ့ ဂြိုဟ်ခါးပတ် တွေနဲ့ မတူပဲ ကွဲပြား နေပါတယ်။

ယူရေးနပ်စ်ရဲ့ ဂြိုဟ်ခါးပတ် တွေဟာ အရမ်းကို ပါးလျှပ် သေးငယ်ပေမယ့် အလွန်လဲ သိပ်သည်း နေပါတယ်။ နောက်ပြီး ဗွိုင်ယေဂျာ ဖြတ်သွားပြီး နောက်ပိုင်းမှာ ဒီ ဂြိုဟ်ခါးပတ် မှာ အပြောင်းအလဲတွေ ရှိနေပုံ ရပါတယ်။

သူ့ရဲ့ ဂြိုဟ်ခါးပတ် တွေအနက်က တစ်ခုဟာ ဂြိုဟ်နဲ့ ပိုမို နီးကပ်ရာ လာတာကို မြင်တွေ့ ကြရပါတယ်။ နောက်ပြီး ခါးပတ်ကွင်း အသစ်တွေ ဖြစ်ပေါ် လာတာကိုလဲ တွေ့ကြရ ပါတယ်။

ဒီ ဂြိုဟ်ခါးပတ် ကွင်းတွေ အတွင်းထဲ မှာလဲ လ သေးသေးလေး တစ်လုံး ပတ်နေတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။ ဒီ လက ပဲထွက်လာ နေတဲ့ အပိုင်းအစ  တွေကြောင့်လဲ ခါးပတ်ကွင်း အသစ်တွေ ဖြစ်ပေါ်လာတာ ဖြစ်နိုင်ပါတယ်။

ယူရေးနပ်စ် ဂြိုဟ်နဲ့ ပတ်သက်လို့ သေသေခြာခြာ သိဖို့ဆို နောက်ထပ် စူးစမ်း လေ့လာရေး ယာဉ်တွေ ထပ်မံ စေလွှတ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ ဂြိုဟ်ကို နောက်ထပ် အနီးကပ် စူးစမ်းမှုတွေ ပြုလုပ်နိင်ဖို့ ဆိုတာကတော့ နောက်နှစ်များစွာ ကြာမြင့် ဦးမှာ ဖြစ်ပါတယ်။

ဗွိုင်ယေဂျာ ၂ က အနီးကပ် ရိုက်ကူး ပေးပို့ခဲ့တဲ့ ယူရေးနပ်စ်ရဲ့ ဂြိုဟ်ခါးပတ် ကွင်းများ (Credit: NASA/JPL)

Ref: Why is Uranus the coldest planet in the Solar System? | BBC Sky at Night

Advertisement