Skip to content

ဂျိမ်းစ်ဝက်ဘ် ထက် ၄ ဆ ပိုအားကောင်းမယ့် မက်ဂဲလန် တယ်လီစကုပ်ကြီး (Giant Magellan Telescope)

  • Space
Giant Magellan Telescope - GMTO Corporation

အလွန် ဝေးကွာတဲ့ အရပ်က သေးငယ်တဲ့ မှိန်ပျပျ အရာဝတ္ထု တစ်ခုကို ထင်ထင်ရှားရှား မြင်နိုင်ဖို့ ဆိုရင် အလွန်ကြီးမားပြီး အားကောင်းတဲ့ တယ်လီစကုပ် အဝေးကြည့် မှန်ပြောင်းကြီး တစ်လက် လိုအပ်မှာ ဖြစ်ပါတယ်။ 

တယ်လီစကုပ် တစ်လုံး ဘယ်လောက် အားကောာင်းလဲ ဆိုတာဟာ သူ့ရဲ့ မျက်နှာပြင် အကျယ် အဝန်း ပေါ် မူတည်ပါတယ်။ ဒီနေရာမှာ အားကောင်းတယ် ဆိုတာ အဝေးက အရာဝတ္ထု တစ်ခုကို ဘယ်လောက်ထိ ထင်ထင်ရှားရှား ကြည်ကြည် လင်လင် မြင်နိုင်လဲ ဆိုတာကို ပြောတာ ဖြစ်ပါတယ်။

အဝေးက အရာ ဝတ္ထု တစ်ခုကို ကြည်ကြည် လင်လင် ထင်ထင်ရှားရှား မြင်နိုင်ဖို့ ဆိုရင် တယ်လီစကုပ် တစ်လုံး အနေနဲ့ ဒီ အရာ ဝတ္ထု ဆီကနေ လာတဲ့ အလင်းတွေကို လုံလုံလောက်လောက် စုစည်း ပေးနိုင်စွမ်း ရှိရမှာ ဖြစ်ပါတယ်။ 

ဒီတော့ အလွယ် စဉ်းစားကြည့်ရင် မှန်ဘီလူး မျက်နှာပြင် ဧရိယာ ကြီးလေလေ အလင်းစု နိုင်စွမ်း ပိုကောင်းလေလေ ဖြစ်တာကို မြင်နိင်ပါတယ်။ ဒါ့ကြောင့်လဲ နက္ခတ်ကြည့် မှန်ပြောင်း ကြီးတွေဟာ ဧရာမ မှန်ပြောင်းကြီးတွေ ဖြစ်နေရတာပါ။

ဒီလို အလင်း များများ စုပေးနိုင် ရုံနဲ့ တယ်လီစကုပ် တလုံးရဲ့ တာဝန် မပြီး ဆုံး သေးပါဘူး။ ဒီ စုစည်း ရရှိတဲ့ အလင်းကို ဖမ်းယူမယ့် ကင်မရာ ဆီကိုလဲ တိတိကျကျ စုစည်း ပေးနိုင်ရမှာ ဖြစ်ပါတယ်။ ဒါမှသာ ဖမ်းယူရရှိတဲ့ ပုံရိပ်ဟာ နှစ်ထပ် ဖြစ်နေတာ၊ ရွဲ့စောင်းနေတာ၊ ဝါးနေတာ မျိုးတွေ မဖြစ်မှာ ဖြစ်ပါတယ်။

အခု အသစ် တည်ဆောက် နေတဲ့ မက်ဂဲလန် ဧရာမ တယ်လီစကုပ် ကြီးဟာ အထက်ပါ အရည် အချင်းတွေ အပြည့်ရှိတဲ့ တယ်လီစကုပ်ကြီး တစ်လုံး ဖြစ်လာမှာ ဖြစ်ပါတယ်။ 

တည်ဆောက် ပြီး စီး သွားတဲ့ အခါကျလို့ ရှိရင် ဒီ တယ်လီစကုပ် ကြီးရဲ့ အလင်းပြန် မှန်ဘီလူးရဲ့ မျက်နှာပြင်ဟာ စတုရန်း မီတာ ၃၆၈ (စတုရန်းပေ ၄,၀၀၀ ခန့်) ရှိမှာ ဖြစ်ပါတယ်။ ဒါဟာ တည်ဆောက် ဖူးခဲ့သမျှ တယ်လီစကုပ် တွေထဲမှာ အကြီးဆုံးပဲ ဖြစ်ပါတယ်။

ဒီ တယ်လီစကုပ်ကြီးမှာ မျက်စေ့နဲ့ မြင်ရတဲ့ အလင်း (visible light) ကို ဖမ်းယူမယ့် ကိရိယာ တွေအပြင် အင်ဖရာရက် အနီအောက် ရောင်ခြည် (infrared wave) ကို ဖမ်းယူမယ့် ကိရိယာ တွေကိုလဲ တပ်ဆင် ထားမှာ ဖြစ်ပါတယ်။

Giant Magellan Telescope မှာ တပ်ဆင်မယ့် အလင်းပြန် ကြေးမုံမှန် တစ်ချပ်ဟာ အချင်း ၈.၄ မီတာ ရှိပါတယ်။ ဒါမျိုး ကြေးမုံမှန် (၇) ချပ် ပါဝင်မှာ ဖြစ်ပါတယ်။ Credit: Burley Packwood via Wikipedia

ဒီ တယ်လီစကုပ် ကြီးမှာ တစ်ခုကို အချင်း ၈.၄ မီတာ ရှိတဲ့ အလင်းပြန် မှန်ဘီလူးပေါင်း (၇) ခု တပ်ဆင် ပါဝင်ပါတယ်။ ဒါကို James Webb က အလင်းပြန် ကြေးမုံမှန်ဘီလူးရဲ့ အရွယ်နဲ့ ယှဉ် ကြည့်မယ် ဆိုရင် James Webb ရဲ့ မှန်ဘီလူးဟာ စုစုပေါင်း အချင်း ၆.၅ မီတာပဲ ရှိပါတယ်။ ဒီတော့ တယ်လီစကုပ် အသစ်ကြီးရဲ့ မှန်ဘီလူး တစ်ခုတည်း ကတောင် ဂျိမ်းစ်ဝက်ဘ် ရဲ့ မှန်ဘီလူး စုစုပေါင်းထက် ပိုကြီး နေပါသေးတယ်။

အခု တယ်လီစကုပ် အသစ်ကြီးဟာ ဂျိမ်းစ်ဝက်ဘ် ထက် အလင်းပြန် မျက်နှာပြင် ၁၀ ဆ ပိုမို ကြီးမားပါတယ်။ မြင်နိုင်စွမ်းအား အနေနဲ့ ဆိုရင် ဂျိမ်းစ်ဝက်ဘ် ထက် ၄ ဆ ပိုအားကောင်းမှာ ဖြစ်ပါတယ်။

ဒီ အလင်းပြန် ကြေးမုံ (၇) ချပ်က ပြန်လာတဲ့ အလင်းကို ဒုတိယ တဆင့်ခံ ကြေးမုံ ကတဆင့် အာရုံခံ ကိရိယာ တွေနဲ့ ကင်မရာ တွေဆီကို စုစည်းပေးမှာ ဖြစ်ပါတယ်။ ဒီ တဆင့်ခံ ကြေးမုံဟာ အလင်း ကမ္ဘာ့လေထု အတွင်း ဝင်လာလို့ ပုံပျက်သွားတာ ယိုင်သွားတာ တွေကိုလဲ ပြန်လည် ပြုပြင် ပေးနိုင်အောင် ဒီဇိုင်းထုတ် တည်ဆောက် ထားပါတယ်။

အခု တယ်လီစကုပ် အသစ်ကြီးကို တောင် အမေရိကတိုက် ချီလီ နိုင်ငံ၊ သဲကန္တာရ ထဲက ဆယ်ရို လောစ့် ကန်ပါနာစ့် (Cerro Las Campanas) တောင်ထိပ်မှာ တည်ဆောက်နေတာ ဖြစ်ပါတယ်။ ဒီ တောင်ထိပ်ဟာ တစ်နှစ်ကို ရက်ပေါင်း ၃၀၀ လောက် ကြည်လင်တဲ့ ကောင်းကင်ကို မြင်တွေ့ရတဲ့ အရပ် ဖြစ်ပါတယ်။

တယ်လီစကုပ်ကြီးကို ထည့်သွင်းထားမယ့် အဆောက်အဦဟာ အထပ် ၁၀ ထပ်မြင့် တိုက်လောက် အမြင့် ရှိပါတယ်။ တယ်လီစကုပ်ကြီးရဲ့ တန်ဖိုးဟာ အမေရိကန် ဒေါ်လာ ၁ ဘီလီယံ (သန်း ၁,၀၀၀) ခန့် ရှိမှာ ဖြစ်ပါတယ်။ တည်ဆောက် ပြီးစီးမယ့် ရက်အတိအကျကို မထုတ်ပြန် ထားပေမယ့် ဒီ ဆယ်စုနှစ် မကုန်မီ စတင် တာဝန် ထမ်းဆောင် နိုင်လိမ့်မယ်လို့ ယုံကြည် ရပါတယ်။

ဒီ တယ်လီစကုပ် ကြီးဟာ အကွာအဝေး ၉၉ မိုင် အကွာက အကြွေစေ့ လေး ပေါ်မှာ ရေးထားတဲ့ စာတွေကိုတောင် ဖတ်ရှုနိုင် လောက်အောင် အားကောင်းမှာ ဖြစ်ပါတယ်။ တယ်လီစကုပ် ရဲ့ အမြင့်က ၃၉ မီတာ မြင့်ပြီး တယ်လီစကုပ်ကို သိမ်းဆည်းမယ့် အဆောက်အဦ ကတော့ ၆၅ မီတာ မြင့်မှာ ဖြစ်ပါတယ်။ တယ်လီစကုပ် ကြီး တစ်ခုလုံးရဲ့ အလေးချိန်ဟာ တန်ချိန် ၂,၁၀၀ လောက် လေးမှာ ဖြစ်ပါတယ်။

တယ်လီစကုပ် ကြီးရဲ့ အလင်းပြန် ကြေးမုံ မှန်ဘီလူး တစ်ချပ်ချင်း စီကို ကွန်ပြူတာနဲ့ ထိန်းချုပ်ပြီး ချိန်ညှိမှု ပြုလုပ် ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီနည်းအားဖြင့် ကမ္ဘာ့လေထု မတည်ငြိမ် မှုကြောင့် ဖြစ်ပေါ်လာတဲ့ အလင်းယိုင် မှုတွေကို ပြန်လည် တည့်မတ် ပေးနိုင်မှာ ဖြစ်ပါတယ်။

ဒီလို အားကောင်းတဲ့ တယ်လီစကုပ် မှန်ပြောင်းကြီးဟာ ပြင်ပက ဂြိုဟ်တွေ လေ့လာရေးအတွက် အလွန်ပဲ အသုံးဝင် လာမှာ ဖြစ်ပါတယ်။ 

ဒီလောက် ဝေးတဲ့ အရပ်တွေက ပြင်ပဂြိုဟ် (exoplanet) တွေကို ထင်ထင်ရှားရှား မြင်နိုင်ဖို့ ကတော့မလွယ်လှ သေးပါဘူး။ အခုလို အင်အား အလွန်ကောာင်းတဲ့ မှန်ပြောင်းကြီးနဲ့ ကြည့်ရင်တောင် ပြင်ပဂြိုဟ် တွေကို အလင်းစက်လေး တစ်ခု အနေနဲ့ပဲ မြင်နိုင်ကြမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ပြင်ပဂြိုဟ် တွေဆီက လာတဲ့ အလင်းကို ခွဲခြမ်း စိတ်ဖြာ နိုင်ဖို့ အားကောင်းတဲ့ ကိရိယာ တွေကို ဒီ မက်ဂဲလန် ဧရာမ တယ်လီစကုပ် ကြီးမှာ တပ်ဆင်ပေး ထားမှာ ဖြစ်ပါတယ်။

ဒီ ကီရိယာ တွေထဲမှာ ဟားဗတ် တက္ကသိုလ် နဲ့ စမစ်ဆိုနီယံ ပြတိုက်က သုတေသီတွေ ပူးပေါင် တီထွင် ခဲ့တဲ့ GMT-Consortium Large Earth Finder (G-CLEF) spectrograph အလင်းရောင်စဉ် ခွဲခြမ်းစိတ်ဖြာ စက်ကြီးလဲ​ ပါဝင်ပါတယ်။ ဒီစက်ကြီးဟာ အလင်းရောင်စဉ် တွေကို အလွန် တိကျစွာ ခွဲခြမ်း ပေးနိုင်စွမ်း ရှိမှာ ဖြစ်ပါတယ်။

ဒီ ကိရိယာဟာ ကြယ်ရဲ့ ရှေ့ကနေ ဂြိုဟ်တစ်စင်း ဖြတ်သွားတဲ့ အချိန်မှာ အလင်းရောင် မှေးမှိန် သွား မှုကို တိကျစွာ တိုင်းထွာ ပေးနိုင်မှာ ဖြစ်ပါတယ်။ ယခု လက်ရှိ spectrometer ရောင်စဉ်ခွဲ စနစ်တွေဟာ ကြီးမားတဲ့ ဂြိုဟ်ကြီးတွေကိုပဲ ရှာဖွေ ပေးနိုင် ပါသေးတယ်။ ဒါပေမယ့် G-CLEF ကတော့ ကမ္ဘာအရွယ် ဂြိုဟ်တွေကိုလဲ ရှာဖွေ ပေးနိုင်မယ်လို့ သိရပါတယ်။ 

နောက်ပြီး G-CLEF ဟာ သက်ဆိုင်ရာ ဂြိုဟ်တွေရဲ့ လေထု အတွင်းက ဓါတ်ငွေ့တွေရဲ့ ပါဝင် ဖွဲ့စည်း မှုကိုလဲ အလွန် တိကျစွာ တိုင်းတာ နိုင်မှာ ဖြစ်ပါတယ်။ 

မက်ဂဲလန် တယ်လီစကုပ် ကြီးကို အသုံးပြုပြီး အဝေးက ဆူပါနိုဗာ ကြယ်ပေါက်ကွဲမှု တွေ၊ black hole တွင်းနက်တွေက ကြယ်တွေကို  ဝါးမျို ပစ်လိုက်ပုံတွေ နဲ့ ဘလက်ဟိုး-ကြယ် စုံတွဲတွေ ကိုလဲ​အသေးစိတ် လေ့လာ နိုင်မှာ ဖြစ်ပါတယ်။ 

ဒီ မက်ဂဲလန် တယ်လီစကုပ်ကြီး ပြီးသွားတဲ့ အခါမှာ ကမ္ဘာပေါ်မှာ အားအကောင်းဆုံး တယ်လီစကုပ်ကြီး ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒီ တယ်လီစကုပ် ကြီးကို အသုံးပြုပြီး နက္ခတ် ပညာရှင် တွေအနေနဲ့ အသစ် ရှာဖွေ တွေ့ရှိမှု အများအပြားကို ပြုလုပ်နိုင်မှာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

— မောင်သူရ — 

Ref: The Telescope and the Science | Harvard University

Advertisement