ကျွန်တော်တို့ နေနဲ့ အနီးဆုံးကြယ်ကို ပြပါဆို ပရော့စီမာ စန်တော်ရီ (Proxima Centauri) ကြယ်ကို ပြရမှာ ဖြစ်ပါတယ်။
ဒီ ကြယ်ကို ကမ္ဘာကနေ မှန်ဘီလူး မပါပဲ သာမန် မျက်စေ့နဲ့ ကြည့်လို့ မမြင်နိုင်ပါဘူး။ ဒါပေမယ့် သူပါဝင်တဲ့ ကြယ် ၃ လုံး အစုအဝေးကိုတော့ ကမ္ဘာကနေ ကောင်းကောင်း ထင်ရှားစွာ တွေ့မြင်နိုင်ပါတယ်။
ဒီ ပရော့စီမာ စန်တော်ရီ ကြယ် ပါဝင်တဲ့ ကြယ် ၃ လုံး အစုအဝေးကို အယ်လ်ဖာ စန်တော်ရီ (Alpha Centauri) လို့ အမည်ပေးထားပါတယ်။ ဒီ ကြယ် အစုလေးဟာ ညဖက် ကောင်းကင်မှာ အလင်းဆုံး ကြယ်တွေထဲ တခု အပါအဝင် ဖြစ်ပါတယ်။
ဒီ မှာ ပါဝင်တဲ့ ကြယ် ၃ လုံး တွဲထဲမှာ ပရော့စီမာ စန်တော်ရီ က ကျွန်တော်တို့ နေနဲ့ အနီးဆုံး ဖြစ်မယ်လို့ သိပ္ပံ ပညာရှင် များက ယုံကြည်ကြပါတယ်။
ဒီ ပရော့စီမာ စန်တော်ရီ ကြယ်ဟာ ကမ္ဘာကနေဆို အလင်းနှစ် ၄.၂၂ ပဲ ကွာပါတယ်။ (အလင်းနှစ် တစ်နှစ် ဆိုတာ အလင်းရောင် တစ်နှစ် အတွင်း ပြေးနိုင်တဲ့ အကွာအဝေး ဖြစ်ပါတယ်။) ဒါဟာ ကီလိုမီတာ နဲ့ဆို ထရီလီယံပေါင်း ၄၀ အကွာအဝေးမှာ ရှိတာပါ။ မိုင်အားဖြင့် ဆိုရင်တော့ ၂၅ ထရီလီယံ မိုင်လောက် ရှိပါတယ်။
တစ် ထရီလီယံမှာ ၁,၀၀၀,၀၀၀,၀၀၀,၀၀၀ ရှိတာမို့ ဒီအကွာအဝေးကို ဂဏန်းနဲ့ ချရေးရင် ၂၅,၀၀၀,၀၀၀,၀၀၀,၀၀၀ မိုင် ရှိမှာ ဖြစ်ပါတယ်။ ဒါကို ကမ္ဘာနဲ့ နေ အကွာ အဝေး ဖြစ်တဲ့ မိုင် ၉၁.၅ သန်း (၉၁,၅၀၀,၀၀၀ မိုင်) နဲ့ ယှဉ်ကြည့်ရင် ဘယ်လောက် ဝေးလဲ ဆိုတာ သိသာ နိုင်ပါတယ်။
ဆက်စပ်ဆောင်းပါး – အလင်းနှစ် ဆိုတာဘာလဲ
ဆက်စပ်ဆောင်းပါး – ကြယ်တွေရဲ့ အကွာအဝေးကို ဘယ်လို တိုင်းမလဲ
မှေးမှိန်နေတဲ့ ကြယ်နီပုလေး
ပုံမှန် ဆိုရင်တော့ ဒီလောက်ထိ နီးတဲ့ ကြယ်တစင်းကို ကောင်းကင်မှာ လင်းထိန်စွာ တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ ဥပမာ ကောင်းကင်မှာ အလင်းဆုံး ဖြစ်တဲ့ Sirius ကြယ်ဆိုရင် ကမ္ဘာကနေ အလင်းနှစ် ၈.၆ ပဲ ဝေးတာပါ။
ဒါဆို သူ့တဝက်ပဲ ဝေးတဲ့ ပရော့စီမာ စန်တော်ရီ ကြယ်ကြတော့ ဘာဖြစ်လို့ လင်းထိန် မနေရ တာပါလဲ။ မလင်းတဲ့ အပြင် ပရော့စီမာ စန်တော်ရီ ကို ကမ္ဘာကနေ သာမန် မျက်စေ့နဲ့တောင်မှ မမြင်နိုင်ပါဘူး။
ဒီလို မမြင်ရတဲ့ အကြောင်းရင်းကတော့ ပရော့စီမာ စန်တော်ရီ ဟာ အရမ်းကို သေးငယ် နေလို့ပါ။ သူ့လို ကြယ် သေးသေး လေးတွေကို ကြယ်နီပု (Red Dwarf) လို့ ခေါ်ပါတယ်။ ဒီလို ကြယ်သေးသေး လေးတွေဟာ တကယ်တော့ မစ်ကီးဝေး ဂလက်ဆီ ကြီးထဲမှာ အရေအတွက် အားဖြင့် အများဆုံး ကြယ်တွေ ဖြစ်ကြပါတယ်။
ပရော့စီမာ စန်တော်ရီ ရဲ့ ဒြပ်ထုဟာ ကျွန်တော်တို့ နေရဲ့ ဒြပ်ထု ပမာဏရဲ့ ၈ ပုံ ၁ ပုံပဲ ရှိပါတယ်။ သူ့ရဲ့ မျက်နှာပြင် အပူချိန် ကလဲ ၃,၁၀၀ K (၂,၈၀၀ ဒီဂရီ စင်တီဂရိတ်) ပဲ ရှိပါတယ်။ ကျွန်တော်တို့ နေရဲ့ မျက်နှာပြင် အပူချိန် ၅,၇၇၈ K နဲ့ ယှဉ်လိုက်ရင် အတော်လေး အပူချိန် နည်းတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ ဒီလို အပူချိန် လျော့နည်းသလို သူ့ရဲ့ လင်းအားကလဲ နေရဲ့ အလင်းအားထက် အဆ ၅၀၀ တောင်မှ လျော့နည်း နေပါတယ်။
ပရော့စီမာ စန်တော်ရီ ဘယ်နားမှာ ရှိသလဲ
ပရော့စီမာ စန်တော်ရီ ပါဝင်တဲ့ Alpha Centauri ကြယ်စဉ်ကို ကျွန်တော်တို့ မြန်မာပြည် အပါအဝင် ကမ္ဘာ့ မြောက်ခြမ်းကနေ မမြင်ရနိုင်ပါဘူး။ ဘာ့ကြောင့်ဆို ဒီကြယ်တွေဟာ ကမ္ဘာ့ တောင်ဖက်ခြမ်းမှာ ရောက်နေလို့ ဖြစ်ပါတယ်။
ကမ္ဘာ့ တောင်ဖက်ခြမ်းကနေ ကြည့်မယ် ဆိုရင်တော့ ပရော့စီမာ စန်တော်ရီ ပါဝင်တဲ့ အယ်လဖာ စန်တော်ရီ ကြယ်စဉ်ကို Centaurus the Centaur ဆိုတဲ့ ကြယ်တာယာ တွေကြားမှာ ရှာတွေ့နိုင်မှာ ဖြစ်ပါတယ်။ ဒီ ကြယ်တာရာက ကျွန်တော်တို့ မြန်မာပြည်က ကြည့်ရင် မိုးကုတ်စက်ဝိုင်းအောက် ရောက်နေတာမို့ တွေ့မြင်ရမှာ မဟုတ်ပါဘူး။
ဒီ အယ်လ်ဖာ စန်တော်ရီ ကြယ်စဉ်မှာ အဓိက ပါတဲ့ ကြယ်နှစ်စင်း ကတော့ အယ်လ်ဖာ စန်တော်ရီ အေ နဲ့ ဘီ (Alpha Centauri A and B) တွေပဲ ဖြစ်ကြပါတယ်။ ဒီ ကြယ်နှစ်စင်းက တစ်စင်းနဲ့ တစ်စင်း အလွန် နီးကပ်စွာ ပတ်နေကြတာပါ။ ပရော့စီမာ စန်တော်ရီ ကတော့ ဒီကြယ်တွေကနေဆို အလင်းနှစ် ၀.၂ လောက် အဝေးမှာ ရှိပါတယ်။ ဒီလို ဝေးကွာ နေလို့လဲ အချို့ သိပ္ပံ ပညာရှင်တွေက ပရော့စီမာ စန်တော်ရီ ကြယ်ဟာ ဒီကြယ်စဉ် ထဲမှာ တကယ်ပဲ ပါနေတာမှ ဟုတ်ရဲ့လားလို့ သံသယ ရှိကြပါတယ်။
အောက်ကပုံက ပရော့စီမာ စန်တော်ရီ ပါဝင်တဲ့ အယ်ဖာ စန်တော်ရီ ကြယ်စဉ် အပါအဝင် နေကနေ အလင်းနှစ် ၁၂ အကွာအဝေး အတွင်း ရှိတဲ ကြယ်တွေရဲ့ တည်နေရာကို ပြထားတဲ့ အညွှန်းမြေပုံ ဖြစ်ပါတယ်။ ဒီပုံမှာ ပရော့စီမာ စန်တော်ရီ ဟာ အယ်ဖာ စန်တော်ရီ ကြယ်စဉ်ထဲမှာ အတူတကွ ရှိနေတာပါ။
ပရော့စီမာ စန်တော်ရီရဲ့ ဂြိုဟ်ရံများ
၂၀၁၆ ခုနှစ်မှာ ဥရောပ တောင်ကမ္ဘာခြမ်း နက္ခတ်လေ့လာရေး မျှော်စင်ကနေ ပရော့စီမာ စန်တော်ရီ ကို ပတ်နေတဲ့ ဂြိုဟ်တစ်လုံး တွေ့ရှိကြောင်း ကြေငြာခဲ့ပါတယ်။ ဒီ တွေ့ရှိတဲ့ ဂြိုဟ်ဟာ ပင်မကြယ် ဖြစ်တဲ့ ပရော့စီမာ စန်တော်ရီ ကြယ်ကို အကွာအဝေး မိုင် ၄.၇ သန်း အကွာက ပတ်နေတာပါ။
ဒီ ဂြိုဟ်ဟာ မိခင်ကြယ်ကို တစ်ပတ် ပတ်မိဖို့ အချိန်ကာလ အားဖြင့် ကမ္ဘာရဲ့ ရက်နဲ့ တွက်ရင် ၁၁.၂ ရက်ပဲ ကြာပါတယ်။ သူ့ရဲ့ ဒြပ်ထုကလဲ ကမ္ဘာရဲ့ ဒြပ်ထုကတော့ ကမ္ဘာရဲ့ ဒြပ်ထုရဲ့ ၁.၃ ဆလောက် ရှိပါတယ်။ (ကမ္ဘာ့ဒြပ်ထုထက် ၃ ပုံ ၁ ပုံလောက် ပိုများပါတယ်။)
ဒီ တွေ့ရှိရတဲ့ ဂြိုဟ်ကို ပရော့စီမာ ဘီ (Proxima b) လို့ အမည်ပေးထားပါတယ်။ ဒီ ဂြိုဟ်ဟာ မိခင်ကြယ်ရဲ့ သက်ရှိတို့ နေထိုင်နိုင်သော ရပ်ဝန်း (Habitable zone) အတွင်းမှာ ကျရောက်နေပါတယ်။ ဒါပေမယ့် ၂၀၁၇ မှာ ပြုလုပ်တဲ့ သုတေသနမှာတော့ ဒီဂြိုဟ်ပေါ်မှာ ကမ္ဘာပေါ်က လေထုနဲ့ တူညီတဲ့ လေထုမျိုး မရှိဘူး ဆိုတာကို တွေ့ရှိခဲ့ ကြပါတယ်။
၂၀၂၀ ဇွန်လမှာ ပရော့စီမာ စန်တော်ရီ ကို ပတ်နေတဲ့ ဒုတိယမြောက် ဂြိုဟ်ကို ရှာဖွေတွေ့ရှိကြောင်း ကြေငြာခဲ့ ပါတယ်။ ဒီ အသစ်တွေ့တဲ့ ဂြိုဟ်ကိုတော့ ပရော့စီမာ စီ (Proxima c) လို့ အမည်ပေးထား ခဲ့ကြပါတယ်။
အခု အသစ်တွေ့တဲ့ ပရော့စီမာ စီ ဂြိုဟ်ဟာ ကမ္ဘာထ အဆ များစွာ ကြီးမားပါတယ်။ ပြီးတော့ မိခင် ကြယ် ဖြစ်တဲ့ ပရော့စီမာ စန်တော်ရီ ကြယ်ကို တစ်ပတ်ပတ်ဖို့ အချိန် ၁,၉၀၇ ရက် ကြာမြင့်ပါတယ်။ သူက မိခင် ကြယ်ကို ပတ်တဲ့ အကွာအဝေးကလဲ ကမ္ဘာက နေကို ပတ်တဲ့ အကွာအဝေးထက် တစ်ဆခွဲလောက် ဝေးပါတယ်။
ဒီ ပရော့စီမာ စန်တော်ရီ ကြယ် နီပုလေးကနေ မကြာခန ကြီးမားတဲ့ ကြယ်မီးတောက် ကြီးတွေ မှုတ်ထုတ်တတ်တာမို့ ဒီကြယ်ကို ပတ်နေတဲ့ ဂြိုဟ်တွေအပေါ်ကို ကြီးမားတဲ့ ရေဒီယို ဓါတ်မှုန်တွေ မကြာခန ကျရောက်နေမယ်လို့ ယူဆကြ ပါတယ်။
ပရော့စီမာ စန်တော်ရီ ကြယ်ပေါ်က ဧရာမ မီးတောက်ကြီး
၂၀၂၁ ခုနှစ် ဧပြီလမှာ ပရော့စီမာ စန်တော်ရီ ကြယ်ပေါ်ကနေ ထွက်လာတဲ့ ဧရာမ မီးတောက်ကြီး တစ်ခုကို သိပ္ပံ ပညာရှင်များ တွေ့ရှိခဲ့ ကြပါတယ်။ ဒီ ကြယ်မီးတောက် ကြီးဟာ ကျွန်တော်တို့ နေကထွက်တဲ့ အကြီးဆုံး မီးတောက်ကြီးထက် အဆ ၁၀၀ လောက် ပိုကြီးပါတယ်။
သိပ္ပံ ပညာရှင်များရဲ့ အဆိုအရ ဒီ မီးတောက်ကြီးဟာ အခုအချိန်အထိ စကြာဝဠာထဲမှာ ကြယ်တစင်းကနေ ထွက်လာတဲ့ တွေ့ဖူးသမျှ မီးတောက်တွေထဲမှာ အကြီးဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလို ကြီးမားတဲ့ မီးတောက်ကြီးတွေ မကြာခန ထွက်တတ်တာကြောင့် ပရော့စီမာ စန်တော်ရီ ကို ပတ်နေတဲ့ ဂြိုဟ်တွေပေါ်မှာ သက်ရှိတွေ ရှင်သန်ဖို့ ဖြစ်နိုင်မှာ မဟုတ်ဘူးလို့ သုံးသပ် ကြပါတယ်။
ဒါပေမယ့် အချို့ သိပ္ပံ ပညာရှင် တွေကတော့ ဒါကို အကြွင်းမဲ့ လက်မခံ ကြပါဘူး။ သူတို့ရဲ့ အမြင်ကတော့ ဒီ ကြယ်မီးတောက် တွေဟာ အသက်ဇီဝကို ချုပ်ငြိမ်း စေနိုင်တဲ့ အကြောင်းရင်း တစ်ခု ဖြစ်နိုင်သလို တဖက်ကလဲ ဒီမီးတောက် တွေကြောင့်ပဲ အသက်ဇီဝ အစပြု လာတာမျိုးလဲ ဖြစ်နိုင်မယ်လို့ ဆိုပါတယ်။
ပရော့စီမာ စန်တော်ရီ မှလာသော ရေဒီယို အချက်ပြ
၂၀၂၀ ခုနှစ် အတွင်း ကမ္ဘာပြင်ပမှ သက်ရှိ တွေဆီက လာတဲ့ ရေဒီယို အချက်ပြ ဆက်သွယ်ရေး တွေကို ထောက်လှမ်းရှာဖွေနေတဲ့ Breakthrough Listen Project ကနေ ဒီ ပရော့စီမာ စန်တော်ရီ ဆီကလို့ ယူဆရတဲ့ ရေဒီယို အချက်ပေး လှိုင်းတွေကို ဖမ်းယူ ရရှိ ခဲ့ပါတယ်။ အခြားသော အာကာသ ရေဒီယို လှိုင်းတွေနဲ့ မတူပဲ ဆက်သွယ်ရေး အတွက် အသုံးပြုတဲ့ ရေဒီယို လှိုင်းခွင် ဖြစ်တဲ့ ၇၀၀ မီဂါဟတ်ဇ် နဲ့ ၄,၀၀၀ မီဂါဟတ်ဇ် (700 megahertz to 4 gigahertz) အကြားမှာ ဖမ်းယူ ရရှိ ခဲ့တာပါ။
ဒါပေမယ့် ဒီ အချက်ပြ လှိုင်းတွေကို အသေးစိတ် ခွဲခြမ်း စိတ်ဖြာ စစ်ဆေး ကြည့်တဲ့ အခါမှာတော့ ဒီ ရေဒီယို လှိုင်းတွေဟာ ကမ္ဘာ အပြင်ဖက်က လာတဲ့ ရေဒီယို အချက်ပြ လှိုင်းတွေ မဟုတ်ပဲ ကမ္ဘာပေါ်နဲ့ ကမ္ဘာပတ် လမ်းက ဆက်သွယ်ရေး ဂြိုဟ်တုတွေ ဆီက ထွက်လာတဲ့ လှိုင်းတွေ ဖြစ်နေတာကို တွေ့ရှိ ခဲ့ကြရပါတယ်။
Reference: Proxima Centauri, closest star to our sun | EarthSky