Skip to content

တစ်နှစ်ကို ၈ နာရီပဲ ကြာတဲ့ ဂြိုဟ်

  • Space

နေအဖွဲ့ အစည်းရဲ့ အပြင်ဖက်မှာ ရှိတဲ့ ဂြိုဟ်တွေ အနက်က နှစ်တစ်နှစ်ကို ၈ နာရီပဲ ကြာတဲ့ ဂြိုဟ်တစ်စင်းကို  နက္ခတ်သိပ္ပံ ပညာရှင်များက ရှာဖွေ တွေ့ရှိ ခဲ့ကြပါတယ်။

ဒီ ဂြိုဟ် ပတ်နေတဲ့ ကြယ်ဟာ ကမ္ဘာမြေ ကဆိုရင် အလင်းနှစ် ၃၁ နှစ်ပဲ ဝေးတာပါ။ ဒီ အကွာအဝေးကို မစ်ကီးဝေး ဂလက်ဆီ ကြီးရဲ့ အကျယ် အဝန်းနဲ့ ယှဉ်ကြည့်ရင် မစ်ကီးဝေးကြီးရဲ့ အကျယ်ဟာ အလင်းနှစ် ၁၀၀,၀၀၀ တောင် ရှိပါတယ်။

ဒီ ဂြိုဟ်ကို GJ 367b လို့ အမည်ပေးထားပါတယ်။ ဒီဂြိုဟ် ပတ်နေတဲ့ ကြယ်က နေလို ကြယ်အမျိုးအစားတော့ မဟုတ်ပါဘူး။ Red Dwarf လို့ ခေါ်တဲ့ ကြယ်နီပု လေးကို ပတ်နေတာ ဖြစ်ပါတယ်။

ဒီ ကြယ်နီပု တွေဟာ နေထက် အများကြီး သေးငယ်ကြပါတယ်။ သူတို့ရဲ့ ဆီက ထွက်လာတဲ့ အလင်းကလဲ အခြားကြယ် တွေနဲ့ ယှဉ်ရင် မှေးမှိန်လွန်းတာမို့ အလွယ်တကူလဲ မြင်တွေ့နိုင်ခြင်း မရှိပါဘူး။ ဒီ ကြယ်နီပု လေးတွေဟာ စကြာဝဠာထဲမှာ အပေါများဆုံး ကြယ်အမျိုးအစား ဖြစ်ကြပြီး သက်တမ်းလဲ အလွန်ကြာအောင် နေနိုင် ကြပါတယ်။ 

ဒီ ကြယ်နီပုတွေဟာ သက်တမ်းအားဖြင့် နှစ် ထရီလီယံ နဲ့ချီအောင် သက်တမ်းရှည်ကြပါတယ်။ ဒီကာလဟာ နေရဲ့သက်တမ်း နှစ် ၁၀ ဘီလီယံ နဲ့ ယှဉ်ရင်တောင် အတော်ကို ကြာတဲ့ သက်တမ်း ဖြစ်ပါတယ်။ (၁ ဘီလီယံမှာ သန်း ၁,၀၀၀ ပါဝင်ပြီး တစ် ထရီလီယံ မှာတော့ ဘီလီယံ ၁,၀၀၀ ပါပါတယ်။)

အခု တွေ့ရှိရတဲ့ ဂြိုဟ်ဟာ ကျောက်သားနဲ့ ဖွဲ့စည်းထားတဲ့ ဂြိုဟ် ဖြစ်ပြီး ကမ္ဘာရဲ့ အရွယ်နဲ့ ယှဉ်ရင် ၇၀% (၃ ပုံ ၂ ပုံလောက်) အရွယ် ရှိပါတယ်။ ဒြပ်ထုအားဖြင့်တော့ ကမ္ဘာ့ ဒြပ်ထုရဲ့ တစ်ဝက်လောက်​ရှိပါတယ်။ အခုထိ တွေ့ရှိခဲ့ရသမျှ နေအဖွဲ့အစည်း ပြင်ပ ဂြိုဟ်တွေထဲမှာ အသေးငယ်ဆုံး နဲ့ အပေါ့ပါးဆုံး ဂြိုဟ်တစ်ခု ဖြစ်ပါတယ်။

ဒီ ဂြိုဟ်ဟာ သူပတ်နေတဲ့ ကြယ်နီပု လေးကို တစ်ပတ်ပတ် မိဖို့ အချိန် ၇.၇ နာရီပဲ ကြာပါတယ်။ ဒါဟာ ကမ္ဘာက နေကို တစ်ပတ်ပတ်ဖို့ ကြာချိန် ဖြစ်တဲ့ ၃၆၅.၂၅ ရက်နဲ့ ယှဉ်ရင် အလွန် မြန်တာပါ။ သူ တစ်ပတ်ပတ်ဖို့ ကြာတဲ့ အချိန်ဟာ ကမ္ဘာပေါ်က တစ်ရက်တောင် မရှိပါဘူး။

ဒီလို မြန်လွန်းလို သူ့ကို ပတ်နှုန်းအလွန်မြင့်ဂြိုဟ် (Ultra-short Period, USP) လို့ သတ်မှတ် ထားပါတယ်။ ဒီ ဂြိုဟ် အမျိုးအစားတွေနဲ့ ပါတ်သက်ပြီး ဘာမှ သိပ်မသိ ရသေးသလို ဘာမှလဲ သေချာ သုတေသန ပြုလုပ်ထားခြင်း မရှိသေးပါဘူး။

“အခုထိ ကျွန်တော်တို့ ဒီလို ပတ်နှုန်း အလွန်မြင့်တဲ့ ဂြိုဟ်အနည်းအကျဉ်းလောက် ရှာဖွေ တွေ့ရှိ ထားပြီးပါပြီ။ ဒါပေမယ့် သူတို့ ဘယ်လို ဖြစ်လာလဲ ဆိုတာနဲ့ ပါတ်သက်လို့တော့ ဘာမှ မသိရ သေးပါဘူး” လို့ အခု ရှာဖွေ တွေ့ရှိမှုနဲ့ ပါတ်သက်လို့ စာတမ်း တင်ပြခဲ့တဲ့ သုတေသန အဖွဲ့ရဲ့ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ခရစ်စတင်း လမ် (Kristine W. F. Lam) က ပြောပါတယ်။ သူမဟာ ဂျာမန် လေကြောင်းအာကာသ ဗဟိုဌာနရဲ့ ဂြိုဟ်သုတေသနဌာနကြီး (Institute of Planetary Research at the German Aerospace Center) က သုတေသီ တစ်ဦး ဖြစ်ပါတယ်။ 

“ဒီ ပတ်နှုန်းလွန် ဂြိုဟ်တွေရဲ့ အခြေခံ အချက်အလက်တွေကို အတိအကျ တိုင်းထွာခြင်း အားဖြင့် သူတို့ ဘယ်လို ဖြစ်ပေါ်လာတယ်၊ ဘယ်လို ပြောင်းလဲ လာခဲ့ကြလဲ ဆိုတဲ့ ဂြိုဟ်ရဲ့ သမိုင်းကြောင်းနဲ့ ပါတ်သက်လို့ အရိပ်အမြွက် သိလာနိုင်မှာ ဖြစ်ပါတယ်” လို့ သူမက ဆက်ပြောပါတယ်။

ရှာဖွေတွေ့ရှိခြင်း

ဂျာမနီ နိုင်ငံက ဒီ သုတေသန ဌာနကြီးက ပညာရှင်တွေဟာ ဒီဂြိုဟ်ကို နာဆာ အဖွဲ့ကြီးက လွှတ်တင်ထားတဲ့ ပြင်ပဂြိုဟ် ရှာဖွေလေ့လာရေး ဂြိုဟ်တု (NASA’s Transiting Exoplanet Survey Satellite (TESS)) က စုဆောင်းရရှိခဲ့တဲ့ အချက်အလက် တွေကို ခွဲခြမ်း စိတ်ဖြာ သုတေသန ပြုပြီး ရှာဖွေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီဂြိုဟ်တုကို ၂၀၁၈ ဧပြီလက လွှတ်တင်ခဲ့တာပါ။

ဒီ ပြင်ပဂြိုဟ် ရှာဖွေရေး ဂြိုဟ်တုဟာ အကူးအပြောင်း (transit) နည်းပညာ အသုံးပြုပြီး ပြင်ပဂြိုဟ် တွေကို ရှာဖွေတာ ဖြစ်ပါတယ်။ 

အကူးအပြောင်း နည်းပညာ ဆိုတာက ကြယ်ကို ပတ်နေတဲ့ ဂြိုဟ်က ကြယ်နဲ့ ကမ္ဘာကြားကို ဖြတ်တဲ့ အချိန်မှာ ကြယ်ကလာတဲ့ အလင်းကို နည်းနည်း ကွယ်လိုက်သလို ဖြစ်သွားတာမို့ ကြယ်ရဲ့ အလင်းဟာ မဆိုစလောက် ကလေး မှိန်ကျ သွားပါတယ်။ ဒီလို မှိန်တာ အချိန်မှန် ဖြစ်နေတယ် ဆိုရင် ဒါဟာ ဒီကြယ်ကို ပတ်နေတဲ့ ဂြိုဟ် ရှိနေ လို့ပဲလို့ ကောက်ချက် ဆွဲနိုင်ပါတယ်။

သုတေသီ တွေဟာ နေရဲ့ တဝက်လောက်ပဲ အရွယ်ရှိတဲ့ GJ 367 ကြယ်နီပု ရဲ့ အလင်းရောင် အချိန်မှန်မှန် မှိန်ကျသွားတာကို ရှာဖွေ တွေ့ရှိခဲ့ကြပါတယ်။ ဒီ့နောက် ဒီကြယ်က ရတဲ့ အချက်အလက်တွေကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာ ကြည့်ပြီးတဲ့နောက် ဒီကြယ်ကို ပတ်နေတဲ့ ဂြိဟ် ရှိနေတယ် ဆိုတာကို အတည်ပြု နိုင်ခဲ့ကြပါတယ်။

အသေးစိတ် သုတေသန အရ အခုတွေ့ရှိရတဲ့ ဂြိုဟ်က မိခင်ကြယ်ကို ပတ်ဖို့ ကြာချိန်ဟာ အလွန်ပဲ တိုတောင်းနေတာကို တွေ့ရှိခဲ့ကြ ရပါတယ်။ ဒီဂြိုဟ်ရဲ့ အချက်အလက် အသေးစိတ်ကို သိရဖို့ ချီလီနိုင်ငံက ဥရောပ တောင်ပိုင်း နက္ခတ်လေ့လာရေး (European Southern Observatory) ပိုင်တဲ့ ၃.၆ မီတာ အကျယ်ရှိတဲ့ ဧရာမ တယ်လီစကုပ်ကြီးနဲ့ ထပ်မံ အသေးစိတ် လေ့လာ ခဲ့ကြပါတယ်။

သုတေသီ တွေဟာ ဒီ တယ်လီစကုပ် ကြီးမှာ တပ်ဆင်ထားတဲ့ High Accuracy Radial Velocity Planet Searcher (HARPS) ကိရိယာ ကြီးကို အသုံးပြုပြီး အသေးစိတ် တိုင်းထွာမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ 

HARPS ကိရိယာနဲ့ တိုင်းထွာ မှုတွေ အရ ဒီ ဂြိုဟ်ကနေ ဂြိုဟ်ဆွဲအားက မိခင် ကြယ်အပေါ်မှာ ဘယ်လောက်ထိ သက်ရောက်မှု ရှိနေလဲ ဆိုတာကို ရှာဖွေ နိုင်ခဲ့ ကြပါတယ်။ ဒီ ဂြိုဟ်ဆွဲအား ကို အခြေခံပြီး ဒီဂြိုဟ်ရဲ့ ဒြပ်ထုနဲ့ အရွယ်အစားကို တွက်ချက် နိုင်ခဲ့ ကြပါတယ်။

ဒီဂြိုဟ်ရဲ့ အရွယ်ဟာ ကမ္ဘာထက် သေးငယ်သလို သူ့ရဲ့ ဒြပ်ထုကလဲ ကမ္ဘာထက် ငယ်ပါတယ်။ ဒါပေမယ့် သူရဲ့ သိပ်သည်းမှု density ကတော့ ကမ္ဘာထက် ပိုပြီး များပါတယ်။ ဒါဟာ ဘာကို ပြနေလဲ ဆိုတော့ ဒီဂြိုဟ်ရဲ့ အူတိုင်မှာ သံတွေ အလွန် များနေတယ် ဆိုတာကို ပြနေတာပဲ ဖြစ်ပါတယ်။

“ဒီ အချက်တွေက နေအဖွဲ့အစည်း ထဲက မာကျူရီဂြိုဟ် (ဗုဒ္ဓဟူးဂြိုဟ်) နဲ့ အတော်လေး တူပါတယ်။ မာကျူရီမှာ ဆိုရင် အလွန် ကြီးမားတဲ့သံနဲ့ နီကယ် အူတိုင် ရှိနေတာပါ။” လို့ သုတေသီ တွေက ပြောပါတယ်။

အခုတွေ့တဲ့ ဂြိုဟ်က သက်ရှိတွေ အသက်ရှင် နေထိုင်ဖို့တော့ ဖြစ်နိုင်ချေ မရှိပါဘူး။ ဘာလို့ဆို ဒီဂြိုဟ်က သူ့မိခင် ကြယ်နဲ့ အရမ်းနီးကပ် နေတဲ့အတွက် အလွန် ပူပြင်း နေလို့ပါ။ နောက်ပြီး ကြယ်က ရောင်ခြည်တွေကလဲ အပြင်းအထန် ကျရောက်နေပါတယ်။ ဒီဂြိုဟ်ပေါ်ကို ကျရောက်တဲ့ ဓါတ်ရောင်ခြည်တွေဟာ ကမ္ဘာပေါ်ကို ကျရောက်တဲ့ ဓါတ်ရောင်ခြည် ပမာဏထက် အဆပေါင်း ၅၀၀ လောက် ပိုများပါတယ်။

ဒီဂြိုဟ်မှာ လေထု ရှိခဲ့မယ် ဆိုရင်လဲ အခုအချိန်မှာတော့ အားလုံး အာကာသ ထဲကို အငွေ့ပျံ ထွက်သွားလောက်ပြီလို့ ယူဆရပါတယ်။ နောက်ပြီး ကြယ်နဲ့ နီးကပ်လွန်းတဲ့ အတွက် လလိုပဲ မျက်နှာ တဖက်က ကြယ်ကို အမြဲတမ်း မျက်နှာ မူနေလိမ့်မယ်လို့ ယူဆရပါတယ်။ (ဒါကို tidally locked ဖြစ်နေတယ်လို့ ပြောပါတယ်။)

ဒီဂြိုဟ်ရဲ့ ကြယ်ဖက် မျက်နှာမူနေတဲ့ အခြမ်းရဲ့ မျက်နှာပြင် အပူချိန်ကလဲ ဒီဂရီ စင်တီဂရိတ် ၁,၅၀၀ လောက် ပူပြင်းပါတယ်။

ဒီဂြိုဟ် ဘယ်လို ဖြစ်ပေါ်မွေးဖွား လာလဲ ဆိုတာကိုတော့ ပညာရှင်တွေ အနေနဲ့ သေသေချာချာ သိရှိခြင်း မရှိသေးပါဘူး။ ဖြစ်နိုင်ချေ တွေထဲမှာတော့ သံဓါတ် အမြောက်အများ ပါဝင်တဲ့ ဥက္ကာခဲ လေးတွေ စုမိပြီး ဂြိုဟ် အဖြစ်ပြောင်းသွားတာလဲ ဖြစ်နိုင်သလို ကြီးမားတဲ့ ဂြိုဟ်ကြီး တစင်းကနေ အကြောင်းကြောင်းကြောင့် ပဲ့ထွက် လာတာမျိုးလဲ ဖြစ်နိုင်ပါတယ်။

အကယ်လို့များ ဓါတ်ငွေ့လုံး ဂြိုဟ်ကြီး တစ်ခုခုရဲ့ဗဟိုအူတိုင် အကြွင်းအကျန် ဖြစ်မယ် ဆိုရင်တော့ ဒီမူလ ဓါတ်ငွေ့လုံး ဂြိုဟ်ကြီးဟာ နက်ပ်ကျွန်း အရွယ်လောက်ထက် ပိုမကြီးတဲ့ ဂြိုဟ်ဖြစ်လိမ့်မယ် လို့လဲ ခန့်မှန်းကြပါတယ်။

နောက်ထပ်သုတေသနပြုစရာတွေအတွက်လမ်းစ

GJ 367b ဂြိုဟ်ရဲ့ ထူးဆန်းမှုက ပြင်ပဂြိုဟ်တွေ ရှာဖွေ လေ့လာနေတဲ့ ပညာရှင်တွေကြား အတော်လေး စိတ်ဝင်စားမှု ဖြစ်ပေါ် စေပါတယ်။

“ဒီ ဂြိုဟ်က ဘယ်လိုကြောင့် သူ့မိခင် ကြယ်နားကို ဒီလောက်အထိ နီးအောင် ကပ်သွားရတာလဲ​ ဆိုတဲ့ အကြောင်းရင်းခံကို ရှာဖွေ သုတေသန ပြုရတာက မှုခင်းစုံထောက် လုပ်ရသလိုပါပဲ” လို့   နာဆာရဲ့ TESS သုတေသန အဖွဲ့မှာ ပါဝင်တဲ့ ဖလော်ရီဒါ တက္ကသိုလ်က နက္ခတ်ရူပဗေဒ ဘာသာရပ်နဲ့ ဒေါက်တာဘွဲ့ယူဖို့ ကျမ်းပြုနေတဲ့ ပီအိပ်ချ်ဒီ ကျောင်းသား တစ်ဦးဖြစ်တဲ့ နာတာလီ (Natalia Guerrero) က ပြောပါတယ်။

“ဒီဂြိုဟ်က နေနဲ့ ဘာ့ကြောင့် ဒီလောက်တောင် နီးကပ်သွားရတာလဲ။ ဘယ်လိုနည်းလမ်းမျိုးနဲ့ ကပ်လာတာလဲ။ ဒီလို ကပ်လာချိန်မှာ အေးအေးချမ်းချမ်း ကပ်လာသလား။ ဒါမှ မဟုတ် ကြမ်းတမ်းတဲ့ နည်းလမ်းတွေနဲ့ ကြယ်နားကို ကပ်သွားသလား။ ဒီလို မေးခွန်းတွေကို ဖြေကြားနိုင်ဖို့  အခု တွေ့ရှိရတဲ့ ဂြိုဟ်ရဲ့ သုတေသန ရလဒ်တွေက အထောက်အကူ ဖြစ်စေနိုင် ကောင်းပါတယ်” လို့ သူမက ဆက်ပြောပါတယ်။

သေချာ သိဖို့ ဆိုရင်တော့ နောက်ထပ် သုတေသနတွေ အများကြီး လိုအပ်အုံးမှာ ဖြစ်ပါတယ်။ ဒီဂြိုဟ်က ကမ္ဘာနဲ့ အတော်လေး နီးကပ်တာမို့ ပညာရှင်တွေ အနေနဲ့ ကိရိယာ မျိုးစုံ အသုံးပြုပြီး အသေးစိတ် လေ့လာနိုင် ကြမှာ ဖြစ်ပါတယ်။

ဥပမာ ဒီ ကြယ်နီပု ကို ပတ်နေတဲ့ အခြား ဂြိုဟ်တွေ ရှိမလား။ ဒီဂြိုဟ်တွေ ပေါ်မှာရော သက်ရှိတွေ မှီတင်း နေထိုင် နေနိုင်မလား အစရှိတဲ့ အချက်တွေကို ရှာဖွေ သုတေသန ပြုနိုင်ကြပါတယ်။

“ဒီလို ကြယ်နီပု သေးသေးလေး တွေအတွက် သက်ရှိတွေ နေထိုင်နိုင်တဲ့ ရပ်ဝန်းမှာ ရှိတဲ့ ဂြိုဟ်တွေဟာ ကြယ်ကို ၂ ပါတ်က ၃ ပါတ်လောက် အတွင်းမှာ တစ်ကြိမ် ပတ်နေနိုင်ပါတယ်။” လို့ ဒီသုတေသနမှာ ပါဝင်တဲ့ ပညာရှင် တစ်ဦးကလဲ ဖြည့်စွက် ပြောကြား ခဲ့ပါတယ်။

ဒီကြယ်က ကမ္ဘာနဲ့ အတော်လေး နီးတဲ့ အပြင် အရောင်ကလဲ ကြယ်နီပုတွေ ကြားထဲမှာ အတော်လေး တောက်ပတာမို့ ဒီကြယ်ကို ပတ်နေတဲ့ အခြားဂြိုဟ်တွေ ရှိနေမယ် ဆိုရင် ရှာဖွေလို့ တွေ့နိုင်မယ်လို့ ပညာရှင်တွေက ယုံကြည်နေ ကြပါတယ်။

“ဒီဂြိုဟ်က ဘာနဲ့ တူလဲ ဆိုတော့ ‘လာပါ၊ ရှာဖွေ လှည့်ပါ၊ ငါတို့ ရှိနေပါတယ်’ လို့ ကျွန်တော်တို့ကို ဖိတ်ခေါ်တဲ့ ဆိုင်းဘုတ်ကြီး ထောင်ထားသလို ပါပဲဗျာ” လို့ ဒီသုတေသနမှာ ပါဝင်တဲ့ MIT  စက်မှု တက္ကသိုလ်က ဂျော့ ရစ်ကာ (George Ricker) က ဖြည့်စွက် ပြောကြား ခဲ့ပါတယ်။

— မောင်သူရ (သိပ္ပံ) —

Reference: Newfound rocky exoplanet has a year less than 8 hours long | Space

Advertisement