Skip to content

ကြာသပတေးဂြိုဟ်ထက် ၁၀ ဆကြီးတဲ့ ဧရာမ ဂြိုဟ်ကြီးတစ်စင်း ရှာတွေ့

  • Space
ဧရာမ ကြယ်ကြီး တစ်စင်းကို ပတ်နေတဲ့ ဧရာမ ဂြိုဟ်ကြီး တစ်လုံးကို ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်

ပြောရမယ် ဆိုရင် ဘီ စန်တော်ရီ ဘီ (b Centauri b) ဆိုတဲ့ ဂြိုဟ်ဟာ ရှိတောင် ရှိမနေ သင့်တဲ့ ဂြိုဟ်တစ်စင်း ဖြစ်ပါတယ်။ ဒါပေမယ့် အောက်က ဓါတ်ပုံဟာ ဒီဂြိုဟ် ရှိနေတယ် ဆိုတာ မငြင်းနိုင်တဲ့ အထောက်အထား ဖြစ်ပါတယ်။ 

ဘာ့ကြောင့် ဒီဂြိုဟ်ဟာ ရှိမနေ သင့်ဘူးလို့ ပြောတာလဲ။

ဒီ ပုံကို ချီလီ နိုင်ငံမှာ တည်ဆောက်ထားတဲ့ ဥရောပ တောင်ခြမ်း နက္ခတ်မျှော်စင်ရဲ့ မဟာ ဧရာမ နက္ခတ်မှန်ပြောင်းကြီး (Very Large Telescope) ကနေ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီပုံရဲ့ ဘယ်ဖက်ခြမ်းမှာ တွေ့ရတဲ့ ကြယ်ကတော့ ဘီ စန်တော်ရီ (b Centauri) ကြယ်ပဲ ဖြစ်ပါတယ်။ ညာဖက်က မြှားပြထားတာက b Centauri b ဂြိုဟ်ပါ။

မိခင်ကြယ် အမွှာပူးကို ပုံရဲ့ ဘယ်ဖက် အခြမ်းမှာ မြင်ရမှာ ဖြစ်ပြီး မြှားပြထားတာ ကတော့ b centauri b ဂြိုဟ်ပဲ ဖြစ်ပါတယ် (Credit: ESO/Janson et al.)

တကယ်တော့ ဒီကြယ်က ကြယ်တစ်လုံးထဲ မဟုတ်ပဲ နှစ်လုံး ပူးနေတာပါ။ ဒီပုံမှာ ကြယ်နှစ်လုံးကို သေချာ မမြင်ရတာက ဒီ ကြယ်နှစ်စင်းဟာ တစ်ခုနဲ့ တစ်ခု အရမ်း နီးကပ်စွာ ပူးကပ်ပြီး အချင်းချင်း လှည့်ပတ် နေကြလို့ပဲ ဖြစ်ပါတယ်။

ဒီ b Centauri ကြယ်ဟာ ကမ္ဘာကနေ အလင်းနှစ် ၃၂၅ အကွာမှာ ရှိပါတယ်။ (ကမ္ဘာနဲ့ အနီးဆုံး ဖြစ်တဲ့ ပရောဆီမာ စန်တော်ရီနဲ့ အယ်လ်ဖာ စန်တော်ရီ ကြယ် ၃ လုံးပူးတွေနဲ့ မရောနဲ့နော်။) သူ့ကို ညဖက် တိမ်ကင်းစင်ပြီး အလင်းရောင် သိပ်မထွက်တဲ့ အခါမျိုးမှာ သာမန် မျက်စေ့နဲ့ မြင်နိုင်ပါတယ်။ 

ဒီ အပေါ်က ပုံမှာ မျှားထိုး ထားတာက ဒီ ဗဟိုက ကြယ်နှစ်စင်းပူးကို ပတ်နေတဲ့ ဂြိုဟ်ဖြစ်ပါတယ်။ သူ့ကိုတော့ b Centauri b ဂြိုဟ်လို့ နာမည် ပေးထားပါတယ်။ နက္ခတ် ပညာရှင် တွေဟာ ကြယ်တစင်းကနေ ပထမဆုံး တွေ့တဲ့ ဂြိုဟ်ကို အဲ့သည်ကြယ်ရဲ့ နာမည် နောက်ကနေ b တပ်ပြီး အမည်သစ် ပေးကြပါတယ်။ ဒါ့ကြောင်လဲ ဒီဂြိုဟ်ရဲ့ နာမည်က b Centauri b ဆိုပြီး ဖြစ်နေရတာပါ။

ဒီ ဂြိုဟ်ဟာ ကမ္ဘာလို ကျောက်သား တွေနဲ့ ဖွဲ့စည်းထားတာ မဟုတ်ပဲ ဂျူပီိတာ ခေါ် ကြာသပတေး ဂြိုလ် လိုမျိုး ဓါတ်ငွေ့လုံးကြီး ဖြစ်နေတာပါ။ ဒီဂြိုဟ်ဟာ သူ့ရဲ့ မိခင်ကြယ်ကို အကွာအဝေးအားဖြင့် ကမ္ဘာနဲ့ နေ အကွာအဝေးထက် အဆ ၅၆၀ လောက် ဝေးတဲ့ နေရာကနေ ပတ်နေတာ ဖြစ်ပါတယ်။ ဒါဟာ တွေ့ဖူးသမျှ ဂြိုဟ်တွေ ထဲမှာ မိခင်ဂြိုဟ်နဲ့ အဝေးဆုံး ပတ်နေတဲ့ ဂြိုဟ်ပဲ ဖြစ်ပါတယ်။

(ဒီ ကြယ်နဲ့ ဂြိုဟ်တွေ့ ပတ်ခြာလည်က ကွင်းလေးတွေက ဘာတွေလဲလို့ မေးစရာ ရှိလာပါတယ်။ ဒီကွင်းတွေဟာ အပြင်မှာ တကယ်ရှိတဲ့ ကွင်းတွေ မဟုတ်ပါဘူး။ ဒီ ဓါတ်ပုံကို ရိုက်တဲ့ အခါ မိခင် ကြယ်ရဲ့ အလင်းရောင် မှိန်အောင် နေကာမှန် ခံပြီး ရိုက်တာမို့ ဖြစ်လာတဲ့ ကွင်းတွေ ပါလို့ နက္ခတ် ပညာရှင် တွေက ရှင်းပြပါတယ်။)

အခု ဂြိုဟ်ကြီးဟာ နေအဖွဲ့အစည်း မှာ အကြီးဆုံး ဖြစ်တဲ့ ဂျူပီတာ ဂြိုဟ်ထက် ၁၁ ဆ ပိုကြီးပါတယ်။ ဒါဟာ တွေ့ဖူးသမျှ ဂြိုဟ်တွေ ထဲမှာ အကြီးဆုံးလို့ ပြောလို့ ရပါတယ်။ ဒီ့ထက် နည်းနည်းလေး ပိုပြီး ကြီးသွားရင် ဂြိုဟ်လို့တောင် ပြောဖို့ ခက်သွားပါပြီ။ ဘာလို့ဆို ဂျူပီတာရဲ့ ၁၃ ဆထက် ပိုကြီးတဲ့ ဓါတ်ငွေ့လုံးတွေကို ဂြိုဟ်လို့ မခေါ်တော့ဘဲ ကြယ်ညိုပု (Brown Dwarf) တွေလို့ ခေါ်ကြလို့ပါ။ ဒီ ကြယ်ညိုပုတွေ ဆိုတာက တကယ်တော့ နေဖြစ်ဖို့ ကြိုးစားရင်း မအောင်မြင်ပဲ ကျရှုံးသွား ကြတဲ့ failed star တွေ ဖြစ်ကြပါတယ်။

ဒီ ဂြိုဟ်ဟာ တွေ့ဖူးသမျှ ထဲမှာ အကြီးဆုံး လို့ ပြောလို့ ရတာ တခုထဲ နဲ့တင် ထူးခြားတာ မဟုတ်ပါဘူး။ သူ ပတ် နေတဲ့ ကြယ်အမွှာ ကလဲ ထူးခြားပါတယ်။ ဒီ ကြယ်အမွှာ နှစ်စင်းရဲ့ ဒြပ်ထု စုစုပေါင်းဟာ နေထက် ၆ ဆ ကနေ ၁၀ ဆ အထိ ရှီပါတယ်။ 

ဒီအရွယ် အစား ရှိတာက မထူးခြားပါဘူး။ ထူးခြားတာကတော့ ဒီ ပမာဏဟာ ဂြိုဟ်ရံ ရှိတဲ့ အခြားကြယ်တွေရဲ့  ဒြပ်ထုထက် အဆမတန် ပိုကြီးနေ တာပဲ ဖြစ်ပါတယ်။ အခုထိ တွေ့ဖူးသမျှကြယ်တွေထဲမှာ  ဂြိုဟ်ရံ ရှိတဲ့  အကြီးဆုံး ဆိုတဲ့ ကြယ်ဟာ ခု b Centauri ကြယ်ရဲ့ တစ်ဝက်လောက်ပဲ ရှိပါတယ်။ 

ဒီ ကြယ်အမွှာ ထဲက တစ်စင်းကလဲ ကြယ်တွေ အထဲမှာ ဒုတိယ အပူဆုံး ကြယ်အမျိုးအစား ဖြစ်ပါတယ်။ ဒီတော့ ဒီလို ကြယ်မျိုးရဲ့ အနားမှာ ဂြိုဟ်ဖြစ်ရတဲ့ ဘဝက တယ်မလွယ် လှပါဘူး။ ဘာလို့လဲဆိုတော့ ဒီကြယ်ကနေ အင်အား ပြင်းထန်တဲ့ ခရမ်းလွန် ရောင်ခြည်တွေနဲ့ X-ray ရောင်ခြည်တွေ အမြောက်အများ ထုတ်လွှတ်နေ လို့ပဲ ဖြစ်ပါတယ်။ ဒီ ရောင်ခြည်တွေဟာ ဂြိုဟ်တစ်စင်း ဖြစ်ပေါ်လာဖို့ ဖြစ်စဉ်မှာ မဖြစ်အောင်လို့ ကြီးမားတဲ့ အနှောက်အယှက်တွေ ပေးနိုင်လို့ပါ။

“အခုလို b Centauri ကြယ်ကို ပတ်နေတဲ့ ဂြိုဟ်ကြီးတစ်စင်း ရှာတွေ့တာဟာ အလွန်ပဲ စိတ်လှုပ်ရှား စရာ ကောင်းပါတယ်။ ဘာကြောင့်ဆို အရင်က ယုံကြည် ယူဆ ခဲ့သလို ဧရာမ ကြယ်ကြီးတွေ ပါတ်လည်မှာ ဂြိုဟ်တွေ မရှိနိုင်ဘူး ဆိုတဲ့ အယူအဆ မှားကြောင်း သက်သေ ပြလိုက်နိုင်လို့ပဲ ဖြစ်ပါတယ်” လို့ စတော့ဟုမ် တက္ကသိုလ်က ထုတ်ပြန် တဲ့ ကြေငြာချက်မှာ ဖေါ်ပြ ထားပါတယ်။ ဒီ တက္ကသိုလ်က ပညာရှင်တွေနဲ့ အခြား တက္ကသိုလ်တွေက ပညာရှင်တွေ ပူးပေါင်းပြီး ဒီ တွေ့ရှိချက်ကို Nature သိပ္ပံ သုတေသန ဂျာနယ်ကြီးမှာ တင်ပြထားတာ ဖြစ်ပါတယ်။

အခု တွေ့ရှိချက်နဲ့ ပါတ်သက်လို့ အခြား ပညာရှင် တွေက မှတ်ချက် ပေးရာမှာ b Centauri b ဂြိုဟ်ဟာ အရင်က သိရှိခဲ့တဲ့ ဂြိုဟ်ဖွဲ့စည်း ဖြစ်ပေါ်မွေးဖွားမှု နည်းလမ်းတွေနဲ့ မတူညီတဲ့ နည်းလမ်းမျိုးနဲ့ ဖြစ်ပေါ် မွေးဖွားခဲ့တာ ဖြစ်နိုင်တယ်လို့ သုံးသပ် ပြောကြား ကြပါတယ်။ 

ပုံမှန် ဂြိုဟ်တွေဟာ မိခင်ကြယ် ဖြစ်ပေါ် မွေးဖွားချိန်မှာ ကျန်ရစ်ခဲ့တဲ့ ဓါတ်ငွေ့တွေနဲ့ ဖုန်မှုန့်တွေ စုစည်း ပေါင်းစပ်မိပြီး ဖြစ်ပေါ် လာကြတာ ဖြစ်ပါတယ်။ ဒီ ဓါတ်ငွေ့နဲ့ ဖုန်မှုန့်တွေဟာ မိခင်ကြယ်ကို ဓါတ်ပြားကြီး တစ်ချပ်လို ပတ်ပြီး လည်ပတ် နေရာက တဖြည်းဖြည်း အချင်းချင်း ဆွဲငင်အားကြောင့် စုစည်းမိ သွားပြီး ဂြိုဟ်တွေ အဖြစ် ကူးပြောင်း သွားကြတာ ဖြစ်ပါတယ်။

အခု b Centauri b ဂြိုဟ်ကြီး ဘယ်လို မွေးဖွား လာသလဲ ဆိုတာကိုတော့ ပညာရှင်တွေ အနေနဲ့ အဖြေရှာလို့ မရသေးဘူးလို့ သိရပါတယ်။

— မောင်သူရ (သိပ္ပံ) —

Reference: Giant exoplanet found around most massive planet-hosting stars known | Astronomy

Advertisement