Skip to content

မစ်ကီးဝေး ဂလက်ဆီရဲ့ ဗဟိုကို ကာရံထားတဲ့ တံတိုင်းကြီး တစ်ခုရှာတွေ့

  • Space
Milky Way ဂလက်ဆီရဲ့ ဗဟိုကို ဝိုင်းရံထားတဲ့ မမြင်ရတဲ့ တံတိုင်းကြီး တစ်ခု ရှာတွေ့ခဲ့ ပါတယ်

ကျွန်တော်တို့ မစ်ကီးဝေး ဂလက်ဆီ ကြီးရဲ့ ဗဟိုဟာ ထင်ထားတာ ထက်ကို ပိုပြီး ထူးခြားဆန်းကြယ် မှုတွေနဲ့ ပြည့်နေနိုင်ပါတယ်။

အခုနောက်ဆုံး သုတေသန စာတမ်း တစ်စောင်အရ မစ်ကီးဝေး ဂလက်ဆီ ကြီးရဲ့ ဗဟိုကို ဝိုင်းရံထားတဲ့ မမြင်ရတဲ့ အရံအတား တစ်ခု ရှိနေ နိုင်တယ်လို့ တင်ပြထားပါတယ်။

အခု သုတေသန စာတမ်းကို တရုတ်ပြည် နန်ကျင်းမြို့က သိပ္ပံ အကယ်ဒမီ က သုတေသီ ပညာရှင်တွေက တင်ပြခဲ့တာ ဖြစ်ပါတယ်။ ဒီ သုတေသီ တွေဟာ မစ်ကီးဝေး ဂလက်ဆီ ကြီးထဲက ရေဒီယို သတ္တိကြွ ဂမ်မာ ရောင်ခြည်တွေ ပြန့်နှံ့တဲ့ မြေပုံ ရေးဆွဲနိုင်ဖို့ သုတေသန ပြုနေကြတဲ့ အဖွဲ့ ဖြစ်ပါတယ်။ ဒီလို သုတေသန ပြုနေရင်း ကနေ မထင်မှတ်ပဲ အခု အရံအတားကြီးကို ရှာဖွေ တွေ့ရှိခဲ့ ကြတာ ဖြစ်ပါတယ်။

ကိုယ်ပြောက်ဂလက်ဆီတံတိုင်းကြီး

ဒီ ဂမ်မာ ရောင်ခြည် (Gamma rays) တွေဟာ လျှပ်စစ်သံလိုက် ရောင်ခြည်တွေ အနက်မှာ အင်အား အပြင်းဆုံး ရောင်ခြည် လှိုင်းတွေ ဖြစ်ကြပါတယ်။ အလွန်လျှင်မြန်တဲ့ အလျင်နဲ့ ရွှေ့လျားနေတဲ့ အမှုန်တွေက ပုံမှန် ဒြပ်ဝတ္ထု ပစ္စည်း တွေကို ရိုက်ခတ်မိတဲ့ အခါ ဒီ ဂမ်မာ ရောင်ခြည်တွေ ထွက်ပေါ်လာကြလေ့ ရှိပါတယ်။ (ဒီ အမှုန်တွေဟာ အလင်းလျင်နှုန်း နီးပါး လျင်မြန်တဲ့ အရှိန်နဲ့ ထွက်ပေါ်လာတာပါ။ ဒီ အမှုန်တွေကို အာကာသ ရောင်ခြည် (Cosmic rays) တွေလို့လဲ ခေါ်ပါတယ်။)

ကျွန်တော်တို့ မစ်ကီးဝေး ဂလက်ဆီ ကြီးရဲ့ အလယ် ဗဟို နားမှာ ရှိတဲ့ အရာ ဝတ္ထု တစ်ခုခုကနေပြီး မြောက်များလှ စွာသော အာကာသရောင်ခြည် cosmic rays တွေကို ထုတ်လွှတ်နေပါတယ်။ ဒီ အာကာသ ရောင်ခြည်တွေ ရိုက်ခတ်မှုကြောင့် မစ်ကီးဝေး ဂလက်ဆီ ဗဟိုနား ပတ်ဝန်းကျင် ကနေပြီး ဂမ်မာရောင်ခြည်တွေ အမြောက်အများ ထွက်ပေါ်လို့ လာနေပါတယ်။ 

ဒါပေမယ့် ထူးဆန်းတာက ဒီ ထွက်ပေါ်လာတဲ့ အာကာသ ရောင်ခြည်တွေနဲ့ ဂမ်မာ ရောင်ခြည်တွေ အာကာသ ထဲကို အရှိန်ပြင်ပြင်းနဲ့ ပြေးထွက်လာ ကြပေမယ့် မစ်ကီးဝေးရဲ့ ဗဟိုကိုတော့ မဝင်နိုင် ကြတာကို တွေ့ရှိခဲ့ ကြပါတယ်။

မစ်ကီးဝေး ဂလက်ဆီ ကြယ်စုကြီးရဲ့ ဗဟိုနားမှာ ရှိနေတဲ့ အရာဝတ္တု တစ်ခုခုဟာ ဒီ အာကာသ ရောင်ခြည်တွေ မဝင်နိုင်အောင် တားဆီးပေး ထားတာကို ထူးဆန်းစွာ တွေ့ရှိခဲ့ ကြပါတယ်။ ဒီ မမြင်ရတဲ့ အတားအဆီးဟာ အာကာသ ရောင်ခြည် အများစု မစ်ကီးဝေးရဲ့ ဗဟိုအူတိုင်ထဲကို ဝင်ရောက်မလာနိုင်အောင် ကာဆီးပေး ထားပါတယ်။

ပညာရှင် တွေက ယခု တွေ့ရှိချက်ကို Nature Communications သိပ္ပံ သုတေသန ဂျာနယ်မှာ တင်ပြခဲ့ပါတယ်။

သုတေသီ တွေက ဒီ အရံအတားကို ကိုယ်ပျောက် တံတိုင်း တစ်ခု အနေနဲ့ တင်စား ထားပါတယ်။ ဒီ အရံအတား တံတိုင်းကြီးဟာ မစ်ကီးဝေး ဂလက်ဆီ ရဲ့ ဗဟိုချက်ကို ပတ်ခြာလည် လွှမ်းခြုံ ထားပါတယ်။ ဒီ အရံအတား တွေက အာကာသ ရောင်ခြည်တွေ ဂလက်ဆီရဲ့ ဗဟိုကို ဝင်ရောက်ရ  ခက်ခဲအောင် ကာကွယ်ပေး ထားတာပါ။ 

ဒီလို ကာကွယ် တားဆီး ပေးထားတဲ့ အတွက် မစ်ကီးဝေးရဲ့ ဗဟိုချက် ဝန်းကျင်က အာကာသ ရောင်ခြည် တွေဟာ မစ်ကီးဝေး ဂလက်ဆီရဲ့ အခြား အရပ်တွေထက် စာရင် သိသိသာသာ နည်းပါး နေတာကို တွေ့ရှိကြ ရပါတယ်။

တနည်းအားဖြင့်တော့ အာကာသ ရောင်ခြည် တွေဟာ မစ်ကီးဝေး ဂလက်ဆီရဲ့ ဗဟိုကနေ အပြင်ကိုပဲ ထွက်လို့ရပြီး အပြင်ကနေ ပြန်ဝင်ဖို့ အလွန် ခက်ခဲ နေတာပါ။

ဒါပေမယ့် ဘာ့ကြောင့် ဒီလို ဖြစ်ရတာလဲ၊ ဒီ ကိုယ်ပျောက်တံတိုင်းကြီးက ဘယ်လို အလုပ်လုပ်လဲ၊ ဘာ့ကြောင့် ဒီတံတိုင်းကြီး ရှိနေရတာလဲ ဆိုတဲ့ မေးခွန်းတွေ အတွက်တော့ အဖြေ မရှိဘူး ဖြစ်နေပါတယ်။

မစ်ကီးဝေးဗဟိုကမဟာတွင်းနက်ကြီး

မစ်ကီးဝေးရဲ့ ဗဟိုဟာ ကမ္ဘာကနေဆို အလင်းနှစ် ၂၆,၀၀၀ လောက် ကွာဝေးပါတယ်။ ဒီအရပ်ဒေသဟာ ဖုန်မှုန့်တိမ်တိုက်တွေ ဓါတ်ငွေ့တိမ်တိုက်တွေနဲ့ ပြည့်နှက်နေပြီး ကြယ်တွေကလဲ စုပြုံ ပြွတ်သိပ်နေတဲ့ အရပ်ဒေသ ဖြစ်ပါတယ်။ ဒီ ဗဟိုချက် မှာ ကြယ်ပေါင်း ၁၀ သန်းလောက် စုပြုံနေတာပါ။ 

ဒီကြယ်တွေဟာ ဗဟိုမှာ ရှိတဲ့ ဧရာမ တွင်းနက်ကြီး (Supermassive Black Hole) ကို ဝိုင်းပြီး လှည့်ပတ်နေ ကြတာ ဖြစ်ပါတယ်။ ဒီ မဟာ တွင်းနက်ကြီးဟာ ကျွန်တော်တို့ နေ အလုံးပေါင်း ၄ သန်းလောက် ပမာဏ နဲ့ ညီမျှတဲ့ ဒြပ်ထု ရှိတဲ့ ဧရာမ တွင်းနက်ကြီး ဖြစ်ပါတယ်။ ဒီ တွင်းနက်ကြီးကို ဆက်ဂျီတေးရီးယပ်စ်  အေ* (Sagittarius A*) လို့ အမည် ပေးထားပါတယ်။

သိပ္ပံပညာရှင် တွေဟာ ဒီ မဟာတွင်းနက်ကြီး ကနေ ပရိုတွန် (proton) နဲ့ အီလက်ထရွန် (electron) မှုန်တွေကို အလင်းလျှင် နီးပါး ရှိတဲ့ အလျင်နဲ့ မှုတ်ထုတ်နေတယ်လို့ ယူဆကြပါတယ်။ 

(ဒီလို မှုတ်ထုတ်နေတာက ဒီ တွင်းနက်ကြီးလဲ ဖြစ်ချင် ဖြစ်မယ်၊ ဒါမှမဟုတ် အခုထက်ထိ ရှာမတွေ့သေးတဲ့ အခြား အရာဝတ္ထု တစ်ခုခုလဲ ဖြစ်ချင် ဖြစ်ပါမယ်။ ဘာက မှုတ်ထုတ် နေလဲ ဆိုတာကိုတော့ သိပ္ပံ ပညာရှင်တွေ အနေနဲ့ တိတိကျကျ မပြောနိုင် သေးပါဘူး)။

ဒီလို ပရိုတွန်နဲ့ အီလက်ထရွန် တွေကို အလင်းလျှင်နှုန်းနီးပါး မှုတ်ထုတ် လိုက်တဲ့ အတွက် ဒီ အမှုန်တွေဟာ အလင်းလျင်နှုန်း နီးပါး အလျင်နဲ့ အပြင်ဖက် အာကာသ ထဲကို ထွက်လာကြပါတယ်။ ဒီထွက်လာတဲ့ အမှုန်တွေကို cosmic rays အာကာသ ရောင်ခြည် တွေလို့လဲ ခေါ်ပါတယ်။

ဒီ အာကာသ ရောင်ခြည် တွေဟာ မစ်ကီးဝေး ဂလက်ဆီ ကြီးထဲကို ပျံ့နှံ့သွား ရုံတင်မက ဂလက်ဆီရဲ့အပြင်ဖက် ထိပါ ပျံ့နှံ့ ရောက်ရှိ သွားကြပါတယ်။ ဒီ ရောင်ခြည် အမှုန်လေးတွေဟာ မစ်ကီးဝေး ဂလက်ဆီ ကြီး အတွင်းမှာ ညီညီညာညာ ပျံ့နှံ့ နေ ကြတာပါ။ 

ဒီလို cosmic ray အမှုန်တွေ ညီညီ ညာညာ ပြန့်နှံ့နေတာမို့ သူ့ကို အာကာသ လှိုင်းပင်လယ်ကြီး (Cosmic Ray Sea) လို့ တင်စားပြီး ခေါ်ကြပါတယ်။

အခု သုတေသနမှာ ပညာရှင်တွေဟာ ဒီ မစ်ကီးဝေးကြီး အတွင်း ညီညီညာညာ ပြန့်နှံ့နေတဲ့ အာကာသ ရောင်ခြည် အမှုန်တွေရဲ့ သိပ်သည်းဆ နဲ့ မစ်ကီးဝေး ဗဟိုမှာ ရှိတဲ့ အာကာသ ရောင်ခြည် တွေရဲ့သိပ်သည်းဆကို နှိုင်းယှဉ်ကြည့် ကြပါတယ်။ (သိပ်သည်းဆချင်း ယှဉ်တယ် ဆိုတာက အလွယ်ပြောရရင် အရွယ်တူတဲ့ ပုံး တစ်ပုံထဲမှာ ရောင်ခြည် အမှုန်တွေ ဘယ်လောက် များလဲ ဆိုတာကို ယှဉ်ကြည့်တာနဲ ဥပမာ ပေးလို့ ရပါတယ်။)

အာကာသရောင်ခြည် cosmic rays တွေကို မျက်စေ့နဲ့ မမြင်နိုင်ပါဘူး။ ဒါပေမယ့် အာကာသ ထဲက ဂမ်မာ ရောင်ခြည်တွေ ပြန့်နှံ့ပုံကို ကြည့်ရင် အာကာသ ရောင်ခြည်တွေ ဘယ်နေရာ တွေမှာ ရှိလဲ ဆိုတာကို သိနိုင်ပါတယ်။ အာကာသ ရောင်ခြည်တွေက အခြား အရာဝတ္ထုတွေနဲ့ တိုက်မိတဲ့ အခါ ဂမ်မာ ရောင်ခြည်တွေ ထွက်လာတာမို့ ဂမ်မာ ရောင်ခြည် ထွက်တဲ့ နေရာတွေဟာ အာကာသ ရောင်ခြည် ပျံ့နှံ့ရာ အရပ်ဒေသ တွေပဲ ဖြစ်ပါတယ်။

ဒီ သုတေသန အတွက် ဖားမီး တယ်လီစကုပ် (Fermi Large Area Telescope) ကြီးက ရရှိတဲ့ အချက်အလက် တွေကို အသုံးပြု ခဲ့တာ ဖြစ်ပါတယ်။ ဒီ အချက်အလက်တွေကို ခွဲခြမ်း စိတ်ဖြာ ကြည့်တဲ့အခါ မစ်ကီးတေးရဲ့ အလယ် ဗဟိုမှာ ရှိနေတဲ့ အရာ ဝတ္ထု တစ်ခုခုဟာ အာကာသ ရောင်ခြည်တွေကို ဂလက်ဆီ တစ်ခုလုံး အနှံ့ အရှိန်အဟုန်နဲ့ ပစ်လွှတ်နေတာကို တွေ့ရှိခဲ့ ရတာပါ။

ဒီလို ပစ်လွှတ်ဖို့ အဖြစ်နိုင်ဆုံး အရာ တစ်ခုကတော့ မစ်ကီးဝေးရဲ့ ဗဟိုမှာ ရှိနေတဲ့ မဟာ တွင်းနက် ကြီးပဲ ဖြစ်ပါတယ်။ သီအိုရီ အရလဲ တွင်းနက်တွေဟာ ဓါတ်ငွေ့တွေနဲ့ အခြား ဒြပ်ပစ္စည်း တွေကို စုပ်ယူ ဝါးမြို နေသလို တချိန်ထဲမှာ ပရိုတွန် နဲ့ အီလက်ထရွန်လို အမှုန်အမွှားတွေကို ပြင်းထန်တဲ့ အရှိန်နဲ့ မှုတ်ထုတ်နေပါတယ်။

ဒါမှ မဟုတ်လဲ ရှေးယခင်က ပေါက်ကွဲသွားတဲ့ ဆူပါနိုဗာ ကြယ်ပျက်ကြီးက ကြွင်းကျန်ရစ်တဲ့ အကြွင်းအကျန်တွေလဲ ဖြစ်နိုင်ပါတယ်။ နောက် တခု ဖြစ်နိုင်တာက ဂလက်ဆီရဲ့ ဗဟိုက ပြွတ်သိပ်နေတဲ့ ကြယ်တွေကနေ တိုက်ခတ်လာတဲ့ ကြယ်လေပြေ (Stellar wind) တွေ စုမိတာကြောင့်လဲ ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် ဒီ သုတေသန ကပဲ မစ်ကီးဝေးရဲ့ ဗဟိုက နောက်ထပ် ထူးဆန်းမှု တစ်ခုကိုလဲ ရှာဖွေ တွေ့ရှိ ခဲ့ပြန်ပါတယ်။ အဲ့တာကတော့ မစ်ကီးဝေး ဗဟိုကို လွှမ်းခြုံထားတဲ့ “အရံအတား” တစ်ခုကို အမှတ်မထင် တွေ့ရှိခဲ့ တာပဲ ဖြစ်ပါတယ်။ 

ဒီ အရံအတား တံတိုင်းကြီးကို မြင်ရတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် နယ်နိမိတ် တစ်ခု ကျော်သွားတာနဲ့ အာကာသ ရောင်ခြည်တွေရဲ့ ပမာဏဟာ သိသိသာသာ ကြီးကို လျှော့ကျ သွားတာကို တွေ့ရှိကြရတာပါ။ ဒီ နယ်နိမိတ်ဟာ ဂလက်ဆီရဲ့ ဗဟို ဒေသရဲ့ အစွန်းပိုင်းလောက် နားမှဦ ရှိနေတာ ဖြစ်ပါတယ်။

ဒီလို ဖြစ်ရတဲ့ အကြောင်းရင်းကိုတော့ ပညာရှင်တွေ အနေနဲ့ ဖြေရှင်းချက် မပေးနိုင်ပါဘူး။ အခု စာတမ်း တင်ပြတဲ့ သုတေသီ တွေကတော့ ဂလက်ဆီရဲ့ ဗဟိုမှာ ပုံမှန် မဟုတ်တဲ့သံလိုက် စက်ကွင်းတွေ ရှိနေလို့ ဖြစ်နိုင်တယ်လို့ မှန်းဆ ကြပါတယ်။

ဥပမာ ဂလက်ဆီ ဗဟိုက သိပ်သည်းလွန်းတဲ့ ဓါတ်ငွေ့နဲ့ ဖုန်မှုန့် တိမ်တိုက်တွေဟာ ပြင်းထန်တဲ့ ဆွဲငင်အားကြောင့် ဂလက်ဆီ ဗဟိုက သံလိုက်စက်ကွင်းတွေကို ဖိသိပ်တာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒီလို သံလိုက် စက်ကွင်းတွေ ဖိသိပ်မိပြီး မမြင်ရတဲ့ အရံအတား တစ်ခု ဖြစ်လာတာလဲ ဖြစ်နိုင်တယ်လို့ မှန်းဆ တင်ပြထားပါတယ်။

ဒါမှ မဟုတ်လဲ ဂလက်ဆီ ဗဟိုက ကြယ်တွေဆီက တိုက်ခတ်လာတဲ့ ကြယ်လေပြေ (Stellar Wind) တွေကပဲ အာကာသ ရောင်ခြည်တွေကို ဗဟိုနဲ့ ဝေးရာဆီ တိုက်ခတ် နေသလားလို့လဲ စဉ်းစားစရာပါ။

သေချာတာ ကတော့ မစ်ကီးဝေးရဲ့ ဗဟိုမှာ လေ့လာ စူးစမ်း စရာ ထူးဆန်းမှု တွေနဲ့ ပြည့်နေတယ် ဆိုတာပါပဲ။ ဒီ့အတွက်လဲ နောက်ထပ် သုတေသနတွေ အများကြီး ထပ်လုပ်ဖို့ လိုပါအုံးမယ် ဆိုတာ တင်ပြလိုက်ရပါတယ်။

— မောင်သူရ (မြန်မာ့သိပ္ပံ) —

Reference: Astronomers discover enormous ‘barrier’ separating the center of the Milky Way from the cosmic ray sea | Live Science

Advertisement