Skip to content

Black Hole တွင်းနက်ကြီး ဆိုတာဘာလဲ

  • Space
Black Hole ပုံကို ပန်းချီဆရာက ပုံဖော်ထားတာပါ

ဒီဆောင်းပါးလေးကတော့ အာကာသတွင်းနက်ကြီး ဆိုပြီး ကျွန်တော်တို့ မြန်မာလို ပြန်လေ့ရှိတဲ့ Black hole တွေအကြောင်း မိတ်ဆက် ဆောင်းပါးလေးပဲ ဖြစ်ပါတယ်။ အာကာသ တွင်းနက်ကြီး တွေနဲ့ပါတ်သက်လို့ အသေးစိတ် ဆောင်းပါးရှည်ကြီး ရေးနေတုန်းမို့ ပြီးတဲ့အခါကျ တင်ပေးသွားမှာ ဖြစ်ပါတယ်။ အခုဆောင်းပါးကတော့ မိတ်ဆက်သဘော ဖြစ်ပါတယ်။

Black Hole ခေါ်တဲ့ အာကာသ တွင်းနက်ကြီးတွေ ဆိုတာ အာကာသထဲမှာ ဆွဲငင်အား အလွန်အင်မတန် များတဲ့ အရပ်ဒေသကို ခေါ်ဆိုတာ ဖြစ်ပါတယ်။ ဆွဲငင်အား များလွန်းလို့ အလင်းရောင်တောင် သူ့နားက ဖြတ်သွားမိရင် လွတ်အောင် ပြေးမထွက်နိုင်ပဲ တွင်းနက်ထဲ ကျသွားပါတယ်တဲ့။ ဘာကြောင့် ဒီလို ဆွဲငင်အား အရမ်းပြင်းထန် နေရသလဲဆိုတော့ ဒြပ်ထုတွေဟာ အလွန် သေးငယ်တဲ့ နေရာလေးမှာ အတင်းဖိသိပ်ထားခြင်း ခံထားရ လို့ပါ။ ဒီလို အတင်းအကြပ် ဖိသိပ်ခံရတာ မျိုးက ကြယ်တွေ သက်တမ်းကုန်ပြီး သေသွားတဲ့အ ခါမျိုးမှာ ဖြစ်တတ်ပါတယ်။

ဘာအလင်းရောင်မှ တွင်းနက်ကြီးထဲက ထွက်မလာတာမို့ ဒီတွင်းနက်ကြီးကို ဘယ်လိုမှ မျက်စေ့နဲ့ မြင်နိုင်စွမ်း မရှိပါဘူး။ အာကာသကို ကြည့်တဲ့ နက္ခတ်ကြည့် မှန်ပြောင်းတွေ နဲ့လဲ မမြင်နိုင်ပါဘူး။ ဒါပေမယ့် ပတ်ဝန်းကျင်က ကြယ်တွေရဲ့ လှုပ်ရှားပုံကို ကြည့်ချင်းအားဖြင့် တွင်းနက်ကြီးတွေ ရှိတာကို သိပ္ပံပညာရှင်တွေက သိနိုင်ပါတယ်။

အာကာသ တွင်းနက်ကြီးတွေ ဘယ်လောက်ကြီးသလဲ

ကြီးမားတဲ့ တွင်းနက်ကြီးတွေ ရှိသလို အရွယ်သေးငယ်တဲ့ တွင်းနက်ကြီးတွေလဲ ရှိပါတယ်။ အချို့ သိပ္ပံပညာရှင်တွေက အက်တမ်မြူမှုံ လောက်ထိအောင် သေးတဲ့ တွင်းနက်တွေ ရှိမယ်လို့ ယုံကြည်ကြပါတယ်။ အဲ့ တွင်းနက်လေးတွေဟာ အရွယ်သေးပေမယ့် သူတို့ရဲ့ ဒြပ်ထုကတော့ တောင်ကြီး တစ်လုံးစာလောက်ကို လေးပါတယ်တဲ့။ ဒြပ်ထု ဆိုတာက သူတို့မှာ ပါဝင်တဲ့ အရာဝတ္ထုတွေရဲ့ ပမာဏကို ပြောတာဖြစ်ပါတယ်။

အာကာသထဲမှာ အလွယ်တကူ ရှာဖွေလို့ ရတဲ့ တွင်းနက်တွေကတော့ ကြယ်တာရာ တွင်းနက် (Stellar Black Holes) ကြီးတွေပဲ ဖြစ်ပါတယ်။ ဒီတွင်းနက်ကြီးတွေဟာ ဒြပ်ထုအားဖြင့် ကျွန်တော်တို့ နေမှာ ရှိတဲ့ ဒြပ်ထုပမာဏထက် အဆ ၂၀ ခန့်ထိ ရှိနိုင်ပါတယ်။ ကျွန်တော်တို့ နေထိုင်ရာ နဂါးငွေ့တန်း (Milky Way Galaxy) ကြယ်စုကြီး အတွင်းထဲမှာ ဒီလို ကြယ်တာရာ တွင်နက်ကြီးတွေ အများအပြား ရှိမယ်လို့ ယုံကြည်ကြပါတယ်။

အကြီးဆုံး တွင်းနက်ကြီးတွေကိုတော့ “ဧရာမ တွင်းနက်ကြီးများ” လို့ ခေါ်ပါတယ် (Supermassive Blak Holes)။ ဒီတွင်းနက်ကြီးတွေဟာ ဘယ်လောက်တောက် ကြီးလဲဆိုရင် ကျွန်တော်တို့ နေရဲ့ ဒြပ်ထုတဲ့ အဆ တစ်သန်း လောက်ထိအောင် ရှိနိင်ပါတယ်တဲ့။ သိပ္ပံပညာရှင်တွေကတော့ Galaxy ကြယ်စုကြီးတွေ အားလုံးနီးပါးရဲ့ အလယ်ဗဟိုမှာ ဒီလို ဧရာမ တွင်းနက်ကြီးတွေ ရှိနေမယ်လို့ ယုံကြကြပါတယ်။

ကျွန်တော်တို့ နဂါးငွေ့တန်း ကြယ်စုကြီးရဲ့ အလယ်ဗဟိုမှာလဲ ဧရာမ တွင်းနက်ကြီး တစ်ခု ရှိနေပါတယ်။ အဲ့ဒီ တွင်းနက်ကြီးဟာ နေရဲ့ ဒြပ်ထုရဲ့ အဆ ၄ သန်းလောက် ကြီးမားပါတယ်။

Milky Way Galaxy ကြီးရဲ့ အလယ်ဗဟိုမှာ ဧရာမ တွင်းနက်ကြီးတစ်ခု ရှိနေပါတယ် (Photo: NASA)

တွင်းနက်ကြီးတွေ ဘယ်လိုဖြစ်လာလဲ

ပညာရှင်တွေက တွင်နက် သေးသေး လေးတွဟာ စကြာဝဠာကြီး စဖြစ်ကတဲက ပေါ်ပေါက်လာတယ်လို့ ဆိုပါတယ်။

ကြယ်တာရာ တွင်းနက်တွေကတော့ ကြယ်တွေ သက်တမ်းကုန်တဲ့အခါ ပြင်းထန်စွာ ပေါက်ကွဲပြီး (Supernova) ကြွင်းကျန်ရစ်တဲ့ ဒြပ်ထုတွေကနေ ဖြစ်ပေါ်လာတယ်လို့ ယူဆပါတယ်။

ဧရာမ တွင်းနက်ကြီးတွေကတော့ ကြယ်စုကြီးတွေ စဖြစ်လာ ကတဲက အတူတူ ဖြစ်လာကြတယ်လို့ ပြောပါတယ်။

တွင်းနက်ကြီးတွေကို မမြင်နိုင်ဘူးဆို ဘယ်လိုသိနိုင်မလဲ

Black holes တွေဟာ ဆွဲငင်အား အလွန်ပြင်းထန်တာမို့ အလင်းရောင်ကိုတောင် လွတ်ထွက် မသွားအောင် ဆွဲထားနိုင်ပါတယ်။ ဒါ့ကြောင့် ဘလက်ဟိုး တွင်းနက်ကြီးတွေကို မျက်စေ့နဲ့ မမြင်နိုင်ပါဘူး။ ဒါပေမယ့်လို့ ဒီတွင်းနက်ကြီးတွေရဲ့ ဆွဲအားသက်ရောက်မှုကို အနီးအနားက ကြယ်တွေနဲ့ ဓါတ်ငွေ့တိမ်တိုက်တွေမှာ မြင်နိုင်ပါတယ်။ ဒီအနီးအနားက ကြယ်တွေ၊ အရာဝတ္ထုတွေနဲ့ ဓါတ်ငွေ့တိမ်တိုက်တွေရဲ့ လှုပ်ရှားသွားလာမှုကို ကြည့်ပြီး တွင်းနက်ကြီးတွေ ရှိမရှိ သိနိုင်ပါတယ်။

အကယ်လို့ ဘလက်ဟိုး တွင်းနက်ကြီးတွေနဲ့ ကြယ်တွေဟာ အတော်လေး နီးကပ်နေမယ်ဆိုရင် အလွန်အင်အားကောင်းတဲ့ စွမ်းအားမြင့် အလင်းရောင်တွေ ထုတ်လွှတ်ပေးပါတယ်။ ဒီအလင်းရောင်ကို လူ့မျက်စေ့နဲ့တော့ မမြင်နိုင်ပါဘူး။ ဒါပေမယ့် ဂြိုလ်တုတွေနဲ့ နက္ခတ်ကြည့် မှန်ပြောင်းတွေ အသုံးပြုပြီးတော့ ဒီ စွမ်းအားမြင့် အလင်းရောင်လှိုင်းတွေကို ထောက်လှမ်းနိုင်ပါတယ်။

ဘလက်ဟိုး တွင်းနက်ကြီးတွေဟာ ကမ္ဘာမြေကြီးကို ဖျက်စီးပစ်နိုင်သလား

တွင်းနက်ကြီးတွေဟာ အာကာသထဲ ခရီးလှည့်လည်ပြီး ကြယ်တွေ၊ ဂြိုလ်တွေနဲ့ လတွေကို ဝါးမြိုစားသုံးနေတာ မဟုတ်ပါဘူး။ ဒီလိုပဲ ကမ္ဘာကြီးကလဲ ဘယ်တွင်းနက်ကြီးထဲမှ ပြုတ်ကျသွားစရာ အကြောင်းမရှိပါဘူး။ ဘာကြောင့်ဆို ကမ္ဘာနဲ့ နီးတဲ့နားမှာ ဘယ်တွင်းနက်ကြီးမှ ရှိမနေလို့ပါ။

အကယ်လို့ လက်ရှိနေမင်းကြီးသာ တွင်းနက်ကြီး ဖြစ်သွားမယ် ဆိုရင်လဲ ကမ္ဘာကတော့ ဒီ ဘလက်ဟိုးထဲ ပြုတ်ကျသွားစရာ မရှိပါဘူး။ ဘာလို့ဆို ဒီဖြစ်လာမယ့် တွင်းနက်ကြီးက လက်ရှိနေနဲ့ ဆွဲငင်အား တူနေတာမို့ ကမ္ဘာက ဒီ ဘလက်ဟိုးကို ဆက်ပြီး နေကို ပတ်သလိုပဲ ဆက်ပတ်နေ ဦးမှာမို့ပါ။

ကျွန်တော်တို့ နေမင်းကြီးကလဲ ဘယ်တော့မှ ဘလက်ဟိုး တစ်ခုအနေနဲ့ ပြောင်းလဲ သွားစရာ မရှိပါဘူး။ ကျွန်တော်တို့ရဲ့ နေက တွင်းနက်ကြီး တစ်ခု ဖြစ်လောက်အောင် ကြီးမားတဲ့ ဒြပ်ထု မရှိလို့ပါ။

Advertisement