Skip to content

အာကာသက ဘယ်လောက်အေးလဲ

  • Space
အာကာသ ထဲမှာ အလွန် အေးပါတယ်

နေက အရမ်း ပူပါတယ်။ ဒါပေမယ့် ကမ္ဘာ့အပြင်ဖက် အာကာသထဲ ထွက်သွားရင် အရမ်း အေးနေပါတယ်။ ဘာ့ကြောင့် ဒီလောက်ပူတဲ့ နေနားက အာကာသ ထဲမှာ ဒီ့လောက် အေးနေ ရတာပါလဲ။

ကမ္ဘာပေါ်မှာ အအေးဆုံး အရပ်ဒေသဟာ တောင်ဝင်ရိုးစွန်းဒေသ အန္တာတိက တိုက်မှာ ရှိတဲ့ အရှေ့ အန္တာတိက ကုန်းပြင်မြင့် ဖြစ်ပါတယ်။ ဆောင်းရာသီမှာ သုညအောက် -၉၄ ဒီဂရီ စင်တီဂရိတ်အထိ အေးပါတယ်။ 

 ဒါပေမယ့် ကမ္ဘာ့ လေထု အပြင်ဖက် မလှမ်းမကမ်းက အာကာသထဲ ထွက်သွားလိုက်တာနဲ့ အပူချိန်ဟာ သုညအောက် -၂၇၀ ဒီဂရီ စင်တီဂရိတ်အထိ ကျဆင်းသွားပါတယ်။ ဒါဟာ စကြာဝဠာထဲမှာ အနိမ့်ဆုံး လို့ ဆိုတဲ့ သုညအောက် အနှုတ် ၂၇၃ ဒီဂရီ စင်တီဂရိတ် ရောက်ဖို့ နည်းနည်းပဲ လိုပါတော့တယ်။ (-၂၇၃ ဒီဂရီ စင်တီ ဂရီတ်ဟာ အအေးဆုံး ဖြစ်နိုင်တဲ့ အမှတ်ဖြစ်ပြီး absolute zero temperature (ပကတိ သုည အပူချိန်) အနေနဲ့ သတ်မှတ်ထားပါတယ်။)

ဒါပေမယ့် ကျွန်တော်တို့ ကမ္ဘာမြေ ပေါ်က ရတဲ့ နေရောင်ခြည်နဲ့ ကမ္ဘာ့ အပြင်ဖက် အာကာသထဲ မှာ ရတဲ့ နေရောင်ဟာ အတူတူ ပါပဲ။ လေထု မရှိတဲ့ အတွက် နေရောင် အပြင် ခရမ်းလွန် ရောင်ခြည် တို့ ဂါမာ ရောင်ခြည်တို့ပါ အဆစ် ပါလာပါ သေးတယ်။ ဒါဆို ဘာ့ကြောင့် ကမ္ဘာပေါ်မှာ အလွန်ပူတဲ့ အရပ်တွေ ရှိနေချိန်မှာ အာကာသ ထဲမှာ ကမ္ဘာပေါ်က အအေးဆုံး ဆိုတဲ့ နေရာထက်တောင် ပိုအေးနေ ရတာပါလဲ။

ကျွန်တော်တို့ရဲ့ နေကို တချက် အရင် ကြည့်လိုက်ရအောင်။ နေရဲ့ အလယ်ဗဟို အူတိုင်ရဲ့ အပူချိန်ဟာ ဒီဂရီ စင်တီ ဂရိတ် ၁၅ သန်း ထိရောက်အောင် ပူပြင်းပါတယ်။ နေရဲ့ မျက်နှာပြင် အပူချိန် ဟာတောင် အပူချိန် ဒီဂရီ စင်တီဂရိတ် ၅,၅၀၀ လောက် ရှိပါတယ်။ ဒါဟာ သံ ဆူမှတ် ဖြစ်တဲ့ ၂,၈၀၀ ဒီဂရီ စင်တီဂရိတ် ထက်တောင် ပိုပူပါသေးတယ်။ (ဒီအပူချိန်မှာ သံ ဟာ အငွေ့အဖြစ်နဲ့ ရှိနေမှာ ဖြစ်ပါတယ်)။

နေက အပူဟာ အာကာသ ထဲမှာ ရေဒီယေးရှင်း ရောင်ခြည် အနေနဲ့ ပြန့်နှံ့တာ ဖြစ်ပါတယ်။ နေက အပူ ကမ္ဘာကို အနီအောက် ရောင်ခြည် အနေနဲ့ အဓိက ရောက်လာတာပါ။ ဒီ ရောင်ခြည်တွေဟာ ပူတဲ့ အရာဝတ္ထုတွေကနေ အေးတဲ့အရာဝတ္ထုတွေ ဆီကို ရောင်ခြည်ဖြာ ထွက်ပြီး ရောက်ရှိလာကြပါတယ်။ 

ဒီ အနီအောက် ရောင်ခြည်လှိုင်းတွေ အရာဝတ္ထုတွေရဲ့ မော်လီကျူး လေးတွေကို လာရောက် ရိုက်ခတ်လိုက်တဲ့အ ခါမှာ သူတို့ဆီက ပါလာတဲ့ စွမ်းအင်ဟာ ဒီ မော်လီကျူးလေး တွေဆီကို ကူးပြောင်း ရောက်ရှိ သွားကြပါတယ်။ ဒီအခါ ဒီ မော်လီကျူးလေးတွေရဲ့ တုန်ခါမှု မြင့်တက်လာပြီး အပူဆိုတာ ဖြစ်လာတာ ဖြစ်ပါတယ်။ 

ဒီနည်းနဲ့ နေက အပူ ကမ္ဘာကို ရောက်လာတာပါ။ ဒါပေမယ့် ဒီနေရာမှာ သတိပြုရမှာက အနီအောက် ရောင်ခြည် လှိုင်းတွေဟာ သူတို့နဲ့ တိုက်ရိုက် ထိတွေ့တဲ့ အရာဝတ္ထု တွေထဲမှာ ရှိတဲ့ မော်လီကျူး လေးတွေ ဆီကိုပဲ စွမ်းအင် ကူးပြောင်းပေးတာ ဖြစ်တဲ့အတွက် ဒီ တိုက်ရိုက် ထိတွေ့တဲ့ အရာဝတ္ထုတွေ ကသာ အပူကို ပြန်ထုတ်ပေးတာ ဖြစ်ပါတယ်။

ဒီလို အနီအောက် ရောင်ခြည်ကို စုပ်ယူပြီး အပူအဖြစ် ပြောင်းလဲပေး နိုင်တဲ့ အရာ ဝတ္ထု တွေထဲမှာ ဓါတ်ငွေ့တွေလဲ ပါပါတယ်။ ဒါပေမယ့် ကမ္ဘာ အပြင်ဖက်က အာကာသ ဟင်းလင်းပြင် ကြီးထဲမှာ ဘာ အရာ ဝတ္ထု၊ ဘာဓါတ်ငွေ့မှ မရှိတာကြောင့် အပူလဲ ဖြစ်မလာပါဘူး။ ဒါ့ကြောင့်မို့ လေဟာနယ် ထဲမှာ အပူချိန်ဟာ ရေခဲ အမှတ်အောက် အေးခဲနေ ရတာ ဖြစ်ပါတယ်။

ဒါကို ဥပမာ အနေနဲ့ ပြရရင် မာကျူရီခေါ် ဗုဒ္ဓဟူးဂြိုဟ် ကိုကြည့်လိုက်ရအောင်ပါ။ မာကျူရီဟာ နေနဲ့ အနီးဆုံးပါ။ သူ့ရဲ့ နေ့ဖက်ခြမ်းဟာ အပူချိန် ၄၃၀ ဒီဂရီ စင်တီဂရိတ် အထိအောင် ပူပေမယ့် ညဖက် အခြမ်းကတော့ အနီအောက် ရောင်ခြည်လှိုင်းတွေ တိုက်ရိုက် မကျတဲ့ အတွက် ရေခဲမှတ်အောက် -၁၈၀ ဒီဂရီ စင်တီဂရိတ် အထိအောင် အေးစက် နေပါတယ်။

အပြည်ပြည် ဆိုင်ရာ အာကာသ စခန်းကို ကြည့်လိုက်ရင်လဲ နေရောင်နဲ့ ထိတွေ့တဲ့ အပိုင်းက ၁၂၁ ဒီဂရီ စင်တီဂရိတ်လောက် ပူပြင်းပြီး နေရောင်မကျတဲ့ အခြမ်းက ရေခဲမှတ်အောက် -၁၅၇ ဒီဂရီ စင်တီဂရိတ်လောက်ထိ အေးစက် နေပါတယ်။

အပြည်ပြည်ဆိုင်ရာ အာကာသစခန်း ရဲ့ နေရောင်ကျတဲ့ဖက်က ရေဆူမှတ် ကျော်အောင် ပူပြီး နေရိပ်တဲ့ဖက်ခြမ်းက ရေခဲမှတ်အောက် ရောက်အောင် အေးပါတယ်
(Photo: NASA)

ဘာဖြစ်လို့ ဒီလို အပူကွာခြားချက် အရမ်းများ နေရတာပါလဲ။ ကမ္ဘာပေါ်မှာကျ ဘာ့ကြောင့် နေ့အပူချိန်နဲ့ ညအပူချိန် ကွာဟမှု ဒီလောက် မကြီးမား ရတာပါလဲ။

ကမ္ဘာပေါ်မှာဆို အရိပ်ထဲ နေလဲ နေပူထဲနဲ့ ယှဉ်ရင် အရမ်းကြီး ပိုမအေး သွားပါဘူး။ ညဖက် အပူချိန် ကလဲ နေ့အပူချိန် နဲ့ ယှဉ်ရင် အရမ်း ပိုမအေး ပါဘူး။

ဒီလို ဘာကြောင့် ဖြစ်ရသလဲ ဆိုတာ သိဖို့ အပူကူးနည်း ဘယ်နှစ်နည်း ရှိလဲဆိုတာ အရင် သိဖို့ လိုအပ်ပါတယ်။ 

အပူဟာ နည်းသုံးနည်းနဲ့ ကူးနိုင်ပါတယ်။ ပထမဆုံး နည်းက အပေါ်မှာ ပြောခဲ့တဲ့ ရောင်ခြည်ဖြာတဲ့ နည်း (radiation) နဲ့ ကူးတာ ဖြစ်ပါတယ်။ ဒုတိယ နည်းကတော့ conduction ခေါ်တဲ့ အပူကို လက်ဆင့်ကမ်း သယ်ဆောင်တဲ့ နည်းနဲ့ ကူးတာပါ။ ဒီနည်းမှာ အပူကို မော်လီကျူး လေးတွေက တစ်လုံးနဲ့ တစ်လုံး လက်ဆင့်ကမ်းပြီး သယ်ဆောင်သွားတာပါ။ နောက်ဆုံး တနည်းကတော့ convection ခေါ်တဲ့ နည်းပါ။ ဒီနည်းမှာတော့ မော်လီကျူးတွေ ကိုယ်နှိုက်ကိုက အပူကို သယ်ဆောင်သွားတာပါ။ ဒီနည်းကို အဓိက ဓါတ်ငွေ့တွေနဲ့ အရည်တွေ ထဲမှာ တွေ့ကြရ ပါတယ်။

နေကလာတဲ့ အနီအောက် ရောင်ခြည်တွေဟာ ကမ္ဘာ့လေထုထဲက မော်လီကျူး လေးတွေနဲ့ ထိတဲ့အခါ ဒီ မော်လီကျူး လေးတွေ ပူလာပါတယ်။ ဒီ ပူလာတဲ့ လေ မော်လီကျူး တွေက သူတို့ရဲ့ အပူကို အနီးပါတ်ဝန်းကျင်က အခြား လေ မော်လီကျူး တွေကို လက်ဆင့်ကမ်း ပေးလိုက်ပါတယ်။ ဒီလိုနည်းနဲ့ အဆင့်ဆင့် လက်ဆင့်ကမ်းပြီး ကမ္ဘာ့လေထု ထဲမှာ အပူကို ဆက်လက် သယ်ဆောင်သွားပါတယ်။

အာကာသ ထဲမှာကျတော့ လေမရှိပါဘူး။ ဘာ ဓါတ်ငွေ့မှ မရှိတဲ့ အတွက် အနီအောက် ရောင်ခြည်က စွမ်းအင်ကို အပူ အဖြစ် ပြောင်းပေးနိုင်မယ့် ကြားခံ အရာဝတ္ထု မရှိဘူး ဖြစ်နေပါတယ်။ အာကာသထဲ​ ဓါတ်ငွေ့တွေ ရှိနေလဲ အရမ်း နည်းပါး တဲ့အတွက် ဒီ ဓါတ်ငွေ့တွေဟာ တစ်လုံးနဲ့ တစ်လုံး တိုက်မိဖို့ မလွယ်ပါဘူး။ ဒါ့ကြောင့် အာကာသထဲ ဖြတ်လာတဲ့ အနီအောက် ရောင်ခြည် လှိုင်းတွေဟာ ဘာနဲ့မ မတွေ့ပဲ ကမ္ဘာကို ရောက်လာနိုင်တာ ဖြစ်ပါတယ်။

ကမ္ဘာ့ လေထုထဲမှာ နောက်တနည်းနဲ့လဲ အပူ ကူးနိုင်ပါ သေးတယ်။ အဲ့တာကတော့ အပူကို မော်လီကျူးတွေ ကိုယ်နှိုက်က သယ်ဆောင် ပြန့်နှံ့တဲ့ နည်းလမ်း ဖြစ်ပါတယ်။ အာကာသ ထဲမှာကျတော့ မော်လီကျူးတွေ အလွန် ရှားပါးတာမို့ ဒီနည်းနဲ့လဲ အပူကို သယ်ဆောင်နိုင်စွမ်း အရှိပြန်ပါဘူး။

ဒါ့ကြောင့်မို့လို့ အာကာသ ထဲမှာ နေက အနီအောက် ရောင်ခြည်လှိုင်းတွေ အမြောက်အများ ဖြတ်သန်းသွားပေမယ့် အပူချိန် တက်မလာပဲ အေးစက်နေ ရတာ ဖြစ်ပါတယ်။

ဒါဆို မေးစရာ ရှိလာတာက ဒါဆို အာကာသ ထဲမှာ လူသား တစ်ယောက် အာကာသ ဝတ်စုံ မဝတ်ပဲ နေနိုင်မလား ဆိုတာပဲ ဖြစ်ပါတယ်။

အဖြေကတော့ မနေနိုင်ပါဘူး။ အာကာသ ဝတ်စုံက အောက်ဆီဂျင် ပေးထားရုံ မက လူသားတွေ အတွက် လိုအပ်တဲ့ ဖိအားကိုလဲ ပေးထားပါတ်။ နောက်ပြီး နေက အနီအောက် ရောင်ခြည်ဟာ လူ့ခန္ဓာကိုယ်နဲ့ ထိတွေ့မိတာနဲ့ ချက်ချင်း အပူအဖြစ် ပြောင်းသွားမှာမို့ အချိန် သိပ်မကြာမီ ကာလလေး အတွင်းမှာ နေရောင် ကျရောက်နေတဲ့ အစိတ်အပိုင်းတွေဟာ မတရား ပူပြင်းလာမှာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

— မောင်သူရ (မြန်မာ့သိပ္ပံ) —

Reference: How cold is space, and how hot is the sun? | Popular Science

Advertisement