Skip to content

ကြယ်အသစ် တစ်လုံးကနေ မှုတ်ထုတ်လိုက်တဲ့ ဓါတ်ငွေ့တန်းများ

  • Space
Herbig–Haro objects HH34

ဒီပုံကတော့ နာဆာရဲ့ ဟတ်ဘယ် တယ်လီစကုပ် (NASA/ESA Hubble Space Telescope) ကြီးကနေ ရိုက်ကူး ပေးပို့လိုက်တဲ့ မွေးကင်းစ ကြယ်သစ် တစ်လုံးရဲ့ ဓါတ်ပုံ ဖြစ်ပါတယ်။ ဒီပုံမှာ ကြယ်ပေါက်စ လေးကနေ ဓါတ်ငွေ့တွေကို အရှိန်အဟုန် ပြင်းပြင်း မှုတ်ထုတ်လိုက်တဲ့ ပုံကို ဟတ်ဘယ်က အမိအရ ရိုက်ကူး ထားခြင်း ဖြစ်ပါတယ်။

နက္ခတ် ပညာရှင် တွေကတော့ ဒီ ဖြစ်စဉ်ကို “ကြယ်ပေါက်ကလေး ဝုန်းဒိုင်းကျဲခြင်း” ဖြစ်စဉ်လို့ တင်စား ခေါ်ကြပါတယ်။ Tantrum ဆိုတာက ကလေးတွေ လိုချင်တာ မရလို့ ထပြီး ခြေဆောင့်၊​ ဆူပူ အော်ဟစ် ငိုယိုပြီး ဝုန်းဒိုင်းကျဲ တာကို ခေါ်တာ ဖြစ်ပါတယ်။ အခုလဲ ဒီ ကြယ် ပေါက်စန လေးက ထ ပြီး ဝုန်းဒိုင်း ကျဲလို့ ဓါတ်ငွေ့တွေကို အရှိန်ူနဲ့ မှုတ်ထုတ်နေတာ ဖြစ်ပါတယ်။

အခု ဓါတ်ပုံမှာ ပါတဲ့ ကြယ်ဟာ အရမ်းကို သက်တမ်း နုနည် ပါသေးတယ်။ ကြယ်ဖြစ်စ ကာလပဲ ရှိပါသေးတယ်။ ဒီ ကြယ်ပေါက်စန လေးက မှုတ်ထုတ်လိုက်တဲ့ ဓါတ်ငွေ့တွေဟာ အလွန် လျင်မြန်တဲ့ နှုန်းနဲ့ ထွက်ခွာ သွားကြတာ ဖြစ်ပါတယ်။ ဒါကို ဂျက်အင်ဂျင် တစ်ခုကနေ မှုတ်ထုတ်လိုက်တဲ့ လေပူတွေ အရှိန်နဲ့ ထွက်သွားတာနဲ့  တူတာမို့ “a Jet of gas” လို့ တင်စားပြီး ခေါ်ကြပါတယ်။

အခုလို အရှိန်အဟုန်နဲ့ ထွက်လာတဲ့ ဓါတ်ငွေ့ မှုန်တွေဟာ စွမ်းအင် အများကြီး သယ်ဆောင် သွားကြပါတယ်။ ကြယ် ပတ်ခြာလည်က ဓါတ်ငွေ့တွေ၊ ဖုန်မှုန့်တွေကို ဒီ စွမ်းအားမြင့် အမှုန်တွေ အရှိန်အဟုန်နဲ့ ဝင်တိုက်မိကြတဲ့ အခါ ဒီ ဓါတ်ငွေ့ တိမ်တိုက်ကြီးဟာ အရောင် တောက်ပလို့ လာပါတယ်။

အခုလို ဖြစ်စဉ်ကြောင့် အရောင် တောက်လာတဲ့ ဓါတ်ငွေ့ တိမ်တိုက်ကို နက္ခတ် ပညာရှင် တွေက ဟားဘစ်-ဟာရို ဝတ္ထုများ (Herbig–Haro objects) တွေလို့ အမည် ပေးထားပါတယ်။

ဒီ ဟာဘစ်-ဟာရို ဝတ္ထု တွေဟာ နှစ်အနည်းငယ် အချိန် အတိုင်းအတာ အတွင်းမှာ အပြောင်းအလဲ တွေ ဖြစ်ပေါ် လာတတ် ကြပါတယ်။ အခု ဓါတ်ပုံမှာ ပါတဲ့ ဝတ္ထုကိုတော့ HH34 လို့ အမည် ပေးထားပါတယ်။ ဒီ ဝတ္ထုကို ပထမဆုံး အကြိမ် ၁၉၉၄ ခုနှစ်တုန်းက ဟတ်ဘယ် တယ်လီစကုပ် ကနေပဲ ဓါတ်ပုံ ရိုက်ယူ ခဲ့ပါတယ်။ နောက်ထပ် ၂၀၀၇ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်တွေမှာ ထပ်မံ ဓါတ်ပုံ ရိုက်ယူ ခဲ့ကြ ပြန်ပါတယ်။ 

ဒီ HH34 ဟာ ကမ္ဘာကနေ အလင်းနှစ် ၁၂၅၀ ကွာတဲ့ အရပ်က အိုရိုင်ယန် နက်ဗြူလာ (Orion Nebula) အတွင်းမှာ တည်ရှိပါတယ်။ ဒီ အိုရိုင်ယန် နက်ဗြူလာဟာ ကြယ်သစ်တွေ အမြောက်အများ မွေးဖွားရာ အရပ်ဒေသ ဖြစ်ပြီး သူ့ကို သာမန် မျက်စေ့နဲ့တောင် လှမ်းပြီး မြင်နိုင်ပါတယ်။

ဒီ အိုရိုင်ယွန် နက်ဗြူလာဟာ ကမ္ဘာနဲ့ အနီးဆုံး ကြယ်သစ်များ မွေးဖွားရာ ရပ်ဝန်းတစ်ခု ဖြစ်ပါတယ်။ ဒီလို နီးကပ်လို့လဲ နက္ခတ် ပညာရှင် တွေရဲ့ အသေးစိတ် လေ့လာခြင်းကို ခံရပါတယ်။

မွေးကင်းစ ကြယ်က မှုတ်ထုတ်လိုက်တဲ့ ဓါတ်ငွေ့တန်း တွေကို ထင်ထင်ရှားရှား မြင်ရပါတယ် (Credit: ESA/Hubble & NASA, B. Nisini)

အခု ဓါတ်ပုံကို ဟတ်ဘယ်ရဲ့ Wide Field Camera 3 နဲ့ ရိုက်ယူခဲ့တာ ဖြစ်ပါတယ်။ ဒီ ပုံကို ရိုက်ယူရခြင်းရဲ့ ရည်ရွယ်ချက် ကတော့ ဂျိမ်းစ်ဝက်ဘ် အာကာသ မှန်ပြောင်းကြီး (James Webb Space Telescope)  နဲ့ လေ့လာဖို့ အကြို ပြင်ဆင်ဖို့ အတွက် ဖြစ်ပါတယ်။

ဂျိမ်းစ်ဝက်ဘ် အာကာသ မှန်ပြောင်းမှာ တပ်ဆင်ထားတဲ့ အနီအောက် ရောင်ခြည် ကင်မရာ တွေကို အသုံးပြုပြီး ပတ်ဝန်းကျင်က ဖုန်မှုန့်တိမ်တိုက်တွေ နောက်က မွေးကင်းစ ကြယ်ပေါက်စန တွေကို အသေးစိတ် လေ့လာနိုင်မှာ ဖြစ်ပါတယ်။ အထူးသဖြင့် အခု မြင်တွေ့ရတဲ့ ဂျက်ဓါတ်ငွေ့တန်း တွေရဲ့ သဘာဝကို အသေးစိတ် လေ့လာနိုင်တော့မှာ ဖြစ်ပါတယ်။

Ref: Hubble Snaps a Jet Set | ESA

Advertisement