Skip to content

ကြယ်သစ်တွေ မွေးဖွား ပေးနေတဲ့ Black hole တွင်းနက်ကြီး

  • Space
မစ်ကီးဝေး ဂလက်ဆီ နဲ့ မလှမ်းမကမ်းက ဂလက်ဆီ အသေးလေး တစ်ခု အတွင်းက မဟာ တွင်းနက်ကြီးဟာ ကြယ်သစ်တွေကို မွေးဖွား ပေးနေပါတယ်

မစ်ကီးဝေး ဂလက်ဆီ ရဲ့ အနီးအနားမှာ ရှိတဲ့ ဂလက်ဆီ အသေးလေး တစ်လုံး ထဲမှာ ရှိတဲ့ black hole တွင်းနက်ကြီး တစ်ခုကနေ ကြယ်သစ်တွေကို မွေးဖွား ပေးနေတာကို နက္ခတ် ပညာရှင် များ ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။

ဒီ မွေးဖွား လာတဲ့ ကြယ်သစ်များဟာ ဓါတ်ငွေ့ နဲ့ ဖုန်မှုန့် များနဲ့ ဖွဲ့စည်း ထားတဲ့ ချက်ကြိုးကြီး တွေက တဆင့် မိခင် black hole တွင်းနက်ကြီးနဲ့ ချိတ်ဆက် နေတာကိုလဲ တွေ့ရှိ ခဲ့ကြပါတယ်။

အခု တွေ့ရှိခဲ့တဲ့ မဟာ တွင်းနက်ကြီး (Supermassive black hole) ကြီးဟာ ကမ္ဘာကနေ အလင်းနှစ် ၃၄ သန်း အကွာမှာ ရှိတဲ့ Henize 2-10 ဂလက်ဆီ ကြယ်စု ကြီးထဲ မှာ တည်ရှိပါတယ်။ (supermassive black hole မဟာ တွင်းနက် ကြီး ဆိုတာက ဂလက်ဆီ တွေရဲ့​ဗဟိုမှာ ရှိတတ်တဲ့ ဧရာမ တွင်းနက်ကြီး တွေ ဖြစ်ပါတယ်။ ဒီ တွင်းနက်ကြီးတွေရဲ့ ဒြပ်ထု ပမာဏ ဟာ နေ အစင်းပေါင်း သန်းချီ ပမာဏ ရှိတတ် ကြပါတယ်။)

ဒီ မဟာ တွင်းနက် ကြီးကနေ လျှပ်စစ် ဓါတ်ဆောင် ဓါတ်ငွေ့ (ionized gas) တွေကို အလင်းနှစ် ၅၀၀ လောက် အကွာအဝေး ရောက်အောင် မှုတ်ထုတ် နေတာကို တွေ့ရှိ ခဲ့ကြပါတယ်။ ဒီ ဓါတ်ငွေ့ တန်းကြီးကို မဟာ တွင်းနက်ရဲ့ ဗဟိုကနေ တစ်နာရီ မိုင် ၁ သန်း အမြန်နှုန်းနဲ့ မှုတ်ထုတ် နေတာ ဖြစ်ပါတယ်။

ဒီ ဓါတ်ငွေ့တွေကို အသုံးပြုပြီး မဟာတွင်းနက်ရဲ့ အနီးအနား ဝန်းကျင်မှာ ကြယ်သစ်တွေ မွေးဖွား နေတာကိုလဲ တွေ့မြင် ကြရပါတယ်။

ဆက်စပ် ဆောင်းပါး – Black Hole တွင်းနက်ကြီး ဆိုတာဘာလဲ

အခု ရှာဖွေ တွေ့ရှိမှုကို နာဆာရဲ့ ဟတ်ဘယ် တယ်လီစကုပ် ကြီး (NASA’s Hubble Space Telescope) ကနေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ဂလက်ဆီပု  (Dwarf galaxy) လေး တစ်ခုရဲ့ ဗဟိုက မဟာတွင်းနက် ကနေ ကြယ်တွေ မွေးဖွားတဲ့ ဖြစ်စဉ်ကို ပထမဆုံး ရှာဖွေ တွေ့ရှိ မှုလဲ ဖြစ်ပါတယ်။

ဂလက်ဆီပု (Dwarf Galaxy) ဆိုတာက ကြယ် အလုံးရေ သန်း ၁၀၀၀ မပြည့်တဲ့ ကြယ်စု တွေကို အမျိုးအစား ခွဲခြား သတ်မှတ်ထားတဲ့ ဂလက်ဆီ ဖြစ်ပါတယ်။

Henize 2-10 ဂလက်ဆီ အတွင်းရှိ မဟာတွင်းနက် နှင့် ကြယ်သစ်များ မွေးဖွားရာ ရပ်ဝန်းကို တွေ့ရစဉ် (SCIENCE: NASA, ESA, Zachary Schutte (XGI), Amy Reines (XGI))

အခု တွေ့ရှိမှုကို Nature သုတေသန ဂျာနယ်မှာ တင်ပြ ထားပါတယ်။ မူရင်း သုတေသန စာတမ်းကိုတော့ ဒီနေရာမှာ ဖတ်ရှု နိုင်ပါတယ်။ Black-hole-triggered star formation in the dwarf galaxy Henize 2-10.

“အရင် ကတဲက ဒီ Henize 2-10 ဂလက်ဆီ နဲ့ ပါတ်သက်လို့ တစ်ခုခု ထူးခြား နေတယ် ဆိုတာကို ကျွန်တော်တို့ သတိ ပြုမိ ခဲ့ကြပါတယ်။ အခုတော့ ဟတ်ဘယ် တယ်လီ စကုပ်ကနေ ပြီး တွင်းနက် နဲ့ သူ့ ပတ်ဝန်းကျင် ဒေသက ကြယ်သစ်တွေ ဖြစ်ပေါ် မွေးဖွားမှုရဲ့ ဆက်စပ် ပုံကို ရှာဖွေ ဖော်ထုတ် ပေးနိုင် ခဲ့ပြီ ဖြစ်ပါတယ်။ ဒီ ကြယ်သစ်တွေ မွေးဖွားရာ ဒေသဟာ တွင်းနက်ကနေ အလင်းနှစ် ၂၃၀ ပဲ ဝေးပါတယ်” လို့ အခု သုတေသန စာတမ်းကို ပါဝင် ရေးသားခဲ့တဲ့ အေမီ ရိုင်း (Amy Reines) က ရှင်းပြပါတယ်။ သူမဟာ အမေရိကန် ပြည်ထောင်စု မွန်တားနား ပြည်နယ် တက္ကသိုလ်က နက္ခတ်ရူပ ပညာရှင် (Astrophysicist) တစ်ဦး ဖြစ်ပါတယ်။

“ဟတ်ဘယ် တယ်လီစကုပ် ကြီးက ရိုက်ကူး ပေးလိုက်တဲ့ ကြည်လင် ပြတ်သားလှတဲ့ ဓါတ်ပုံမှာ တွင်းနက်က ထွက်လာတဲ့ ဓါတ်ငွေ့ တန်းကြီးကို ခရုပတ် ခွေ ပုံသဏ္ဍာန် လိမ်ပြီး ထွက်သွားတာ အသေအခြာ တွေ့ရပါတယ်” လို့ သူမက ဆက်ရှင်းပြပါတယ်။

ဒီ မဟာ တွင်းနက်က ထွက်လာတဲ့ ဓါတ်ငွေ့ တန်းကြီး ဟာ သူနဲ့ အလင်းနှစ် ၂၃၀ ပဲ ဝေးတဲ့ အရပ်က ကြယ်သစ်တွေ မွေးဖွားပေးရာ ရပ်ဝန်း (Stellar nursery) ကို စီးဆင်း သွားတာကိုလဲ တွေ့ကြရ ပါတယ်။ ဒီ ဓါတ်ငွေ့တွေကို အသုံးချပြီး ကြယ်သစ် အမြောက်အများကို မွေးဖွား ပေးနေတာပဲ ဖြစ်ပါတယ်။

ဒီလိုမျိုး မဟာ တွင်းနက် ကြီးတွေ ကနေ ဓါတ်ငွေ့တွေ အရှိန်ပြင်းပြင်း မှုတ်ထုတ်နေတာကို နက္ခတ် ပညာရှင်တွေ သတိပြု မိခဲ့တာ ကြာပါပြီ။ ဒါပေမယ့် အရင်ကတော့ ဒီ ဓါတ်ငွေ့တန်း တွေဟာ ကြယ်အသစ်တွေ မွေးဖွားတဲ့ ဖြစ်စဉ်ကို အနှောက်အရှက် အဟန့်အတား ပြုနေတယ် လို့ ပညာရှင် တွေက ယူဆခဲ့ ကြတာပါ။

ကမ္ဘာကနေ အလင်းနှစ် သန်း ၃၀ ကျော် အကွာအဝေး ဆိုတာ စကြာဝဠာ အတိုင်း အတာနဲ့ အလွန် နီးကပ်ပါတယ်။ ဒီလောက် နီးကပ်တဲ့ အကွာအဝေးမှာ ရှိတဲ့ ဒီ ဂလက်ဆီပု လေး အတွင်းမှာ ဖြစ်နေတဲ့ ဖြစ်စဉ်ကို ဟတ်ဘယ်ကနေ အသေးစိတ် ကြည်လင် ပြတ်သားတဲ့ ဓါတ်ပုံတွေ ရိုက်ကူး ပေးနိုင် ခဲ့ပါတယ်။ ဒါတင် မကသေးဘူး၊ ဒီ ဂလက်ဆီက ထွက်တဲ့ အလင်း ရောင်စဉ် တွေကိုလဲ အသေးစိတ် ခွဲခြမ်း စိတ်ဖြာ လေ့လာ နိုင်ခဲ့ပါတယ်။

ဒီ အထောက် အထားတွေက ပေးတဲ့ အဖြေက နက္ခတ် ပညာရှင် တွေ အတွက် အံ့အားသင့်ဖွယ် အဖြေ ဖြစ်နေပါတယ်။ ယခင် ထင်မှတ် ထားခဲ့ သလို တွင်းနက်ရဲ့ ဓါတ်ငွေ့တန်း တွေကနေ ကြယ်သစ် ဖြစ်ပေါ်မှုကို အနှောက်အယှက် ဖြစ်စေတာမျိုး မဟုတ်ပဲ ကြယ်သစ်တွေ မွေးဖွားတာကို အားပေး နေတာကို အံ့အားသင့်ဖွယ် တွေ့မြင် ကြရတာပါ။

တွင်းနက်တွေဟာ ဆွဲငင်အား ကောင်းလွန်းလို့ အလင်းတောင် မလွတ်တမ်း ဆွဲထား နိုင်တယ်လို့ အရင် ဆောင်းပါး တွေမှာ ရေးခဲ့ ဖူးပါတယ်။ ဒါဆို ဒီ တွင်းနက် တွေကနေ ဘယ်လိုလုပ်ပြီး ဓါတ်ငွေ့တွေ မှုတ်ထုတ် နိုင်မလဲလို့ မေးစရာ ဖြစ်လာပါတယ်။

တွင်းနက် တွေဟာ သူ့ရဲ့ ဆွဲငင်အားကြောင့် အနီး ပတ်ဝန်းကျင်က ဓါတ်ငွေ့ တိမ်တိုက်တွေက ဓါတ်ငွေ့တွေကို ဆွဲယူပါတယ်။ ဒီ ဓါတ်ငွေ့တွေဟာ ဝဲဂယက်ကြီး တစ်ခုလို ပတ်ခြာလည်ပြီး တွင်းနက် အတွင်းကို စီးဝင် သွားပါတယ်။

ဒီလို စီးဝင်သွားတဲ့ ဓါတ်ငွေ့တွေ ရဲ့ အရှိန်ဟာ အလွန် လျှင်မြန်ပါတယ်။ ဒီ ဓါတ်ငွေ့တွေ တွင်းနက်ထဲကို ပတ်ခြာလည် စီးဝင် သွားရာက အချို့ ဓါတ်ငွေ့တွေဟာ တွင်းနက်ထဲ မဝင်သွားပဲ အရှိန်လွန်ပြီး တွင်းနက်နဲ့ ဝေးရာကို လွင့်ထွက် သွားပါတယ်။

ဒီလို လွင့်ထွက်သွားတဲ့ ဓါတ်ငွေ့တွေရဲ့ အရှိန်ဟာ အလင်းလျင်နှုန်း နီးပါးထိ မြန်တယ်လို့ သိပ္ပံ ပညာရှင် တွေက ယူဆ ကြပါတယ်။ 

ဒီလို လွင့်ထွက်လာတဲ့ ဓါတ်ငွေ့တန်း ကြီးဟာ အနီးပါတ်ဝန်းကျင်မှာ ရှိတဲ့ ဓါတ်ငွေ့ တိမ်တိုက်ထဲကို စီးဝင် သွားမယ် ဆိုရင် ဒီ ဓါတ်ငွေ့တိမ်တိုက် ကြီးကို အပူ ပေးသလို ဖြစ်လာ စေပါတယ်။ အကယ်လို့ လုံလောက်တဲ့ အပူချိန် ရရှိမယ် ဆိုရင် ဒီ ဓါတ်ငွေ့ တိမ်တိုက်ကြီး အတွင်းမှာ နျူကလိယ ဓါတ်ပြုမှု စတင် ဖြစ်ပေါ်ပြီး ကြယ်သစ် တွေ မွေးဖွားတဲ့ ဖြစ်စဉ်ကို အစ ပြုနိုင်မယ်လို့ နာဆာရဲ့ ပညာရှင် တွေက ဆိုပါတယ်။

ဒါပေမယ့် ဒီလို ကြယ်သစ် မွေးဖွားနိုင်တဲ့ အခြေအနေမျိုး ရဖို့ဆိုတာ သင့်တော် မျှတတဲ့ အပူချိန် ရရှိဖို့လဲ လိုအပ် ပြန်ပါတယ်။ အကယ်လို့ အပူလွန် သွားပြန်ရင်လဲ ဓါတ်ငွေ့ တိမ်တိုက် ကြီး ထဲက ဓါတ်ငွေ့တွေကို ပြန့်ကားသွား စေနိုင် ပြန်ပါတယ်။ 

အခု Henize 2-10 ဂလက်ဆီ ထဲမှာ တွေ့ရတဲ့ ဓါတ်ငွေ့ တန်းရဲ့ အနေအထားကို တွက်ချက်မှု အရတော့ ဒီ ဓါတ်ငွေ့တန်းဟာ ဓါတ်ငွေ့တိမ်တိုက် ကြီးကို ကြယ်သစ် မွေးဖွားဖို့ သင့်တော်တဲ့ အပူချိန် ပေးနိုင်မယ် ဆိုတာကို တွေ့ရှိ ခဲ့ကြပါတယ်။ သူ့ရဲ့ ဓါတ်ငွေ့တန်းဟာ အပူလွန် လောက်အောင်ထိ ပြင်းထန်မှု မရှိ တာကိုလဲ တွေ့ကြ ရပါတယ်။

အခု တွေ့ရတဲ့ မဟာ တွင်းနက်ကြီးဟာ အရွယ်အစား အားဖြင့် သေးငယ်ပါတယ်။ (သေးတယ် ဆိုတာက အခြား မဟာ တွင်းနက် တွေနဲ့ နှိုင်ယှဉ်ပြီး ပြောတာ ဖြစ်ပါတယ်။ မဟာ တွင်းနက် အသေးလေး တစ်ခုဟာ သာမန် black hole  တွေနဲ့ ယှဉ်ရင် အဆပေါင်း သိန်းချီပြီး ကြီးမား နေပါသေးတယ်။)

ဒီလို သေးငယ်တဲ့ အတွက် သူ့ကို အသေးစိတ် လေ့လာ ခြင်းအားဖြင့် မဟာ တွင်းနက်တွေ အစပြု မွေးဖွားတဲ့ မူရင်း ဖြစ်စဉ် အတွက် သဲလွန်စတွေ ရလာ နိုင်မယ်လို့ ပညာရှင် တွေက ယူဆ ကြပါတယ်။ အခုထိအောင် ဒီ မဟာတွင်းနက် ကြီးတွေ ဘယ်လို ဖြစ်ပေါ် မွေးဖွား လာသလဲ ဆိုတာကို ပညာရှင်တွေ အဖြေရှာ မရကြ သေးပါဘူး။

ဒီ မဟာတွင်းနက် အသေးစား တွေကို လေ့လာ ခြင်းအားဖြင့် ဒီလို အရွယ် သေးသေး လေးကနေ အဆများစွာ ကြီးမားတဲ့ မဟာတွင်းနက် အကြီးစား ကြီးတွေ ဘယ်လို ဖြစ်ပေါ် ပြောင်းလဲ သွားသလဲ ဆိုတာနဲ့ ပါတ်သက်လို့ နားလည်လာ နိုင်မယ်လို့ ယူဆ ကြပါတယ်။ ဒါ့အပြင် ဒီ မဟာတွင်းနက် အသေးစား ကနေ ကောက်ယူရှိတဲ့ အချက်အလက်တွေကို အသုံးပြုပြီး သူ့လို မဟာတွင်းနက် အသေးလေးတွေ အခြား ဂလက်ဆီ တွေထဲမှာ ရှာတွေ့ဖို့ အထောက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်။

“စကြာဝဠာရဲ့ ပထမဆုံး တွင်းနက်တွေ ဖြစ်ပေါ် မွေးဖွားတဲ့ ကာလကို ကျွန်မတို့ မမြင်တွေ့နိုင် ပါဘူး။ ဒီတော့ ဒီတွင်းနက်တွေ ဘယ်က ဘယ်လို ဖြစ်လာလဲ ဆိုတဲ့ မေးခွန်းဟာ ကြီးမားတဲ့ မေးခွန်းကြီး တစ်ခု ဖြစ်နေပါတယ်။ ဂလက်ဆီပု လေးတွေ ထဲမှာ ဒီ အစောပိုင်း တွင်းနက်တွေနဲ့ ပါတ်သက်တဲ့ သမိုင်း အထောက်အထားတွေ  ကျန်ကောင်း ကျန်နေမှာ ဖြစ်ပါတယ်” လို့ သုတေသီ အေမီ က ရှင်းပြပါတယ်။

Ref: Monster black hole spotted ‘giving birth’ to stars | Live Science

Advertisement