Skip to content

ဂြိုဟ်သိမ်တွေဟာ ဘာတွေလဲ

ဂြိုဟ်သိမ် ခါးပတ် (Asteroid belt)

ဟိုး ရှေးခေတ် နက္ခတ်ကြည့် တယ်လီစကုပ် မှန်ပြောင်းတွေ မပေါ်ခင် တုန်းက နေ အဖွဲ့ အစည်းရဲ့ဖွဲ့စည်းပုံ ဟာ အလွန်ကို ရိုးရှင်း ခဲ့ပါတယ်။ 

မျက်စေ့နဲ့ပဲ မြင်ရတဲ့ ဂြိုဟ်တွေ အနေနဲ့ ဗုဒ္ဓဟူးဂြိုဟ်၊ သောကြာဂြိုဟ်၊ အင်္ဂါဂြိုဟ်၊ ကြာသပတေး ဂြိုဟ် နဲ့ စနေဂြိုဟ် ဆိုပြီး ဂြိုဟ်ကြီး ၅ လုံးပဲ ရှိခဲ့ပါတယ်။ 

ဒီ ဂြိုဟ်ကြီး ၅ လုံး အပြင် နေ ရယ်၊ လ ရယ် ဆိုပြီး ကောင်းကင်မှာ ရွှေ့လျားနေတဲ့ အရာ နှစ်ခု ရှိတယ်။ ဒါပါပဲ။

တခါတလေလဲ ကောင်းကင်မှာ ကြယ်တံခွန်တွေ တွေ့ရ တတ်ပါတယ်။ ဒါမှ မဟုတ်လဲ ကြည်လင်တဲ့ မိုးကောင်းကင်မှာ ကြယ်ကြွေ ကျတာကိုလဲ ရံဖန်ရံခါ တွေ့ရ ပါလိမ့်မယ်။

ဒါပေမယ့် ဒီလို ရိုးရှင်းတဲ့ မိုးကောင်းကင် ကြီးဟာ နက္ခတ်တာရာကြည့် တယ်လီစကုပ် မှန်ပြောင်းတွေ ပေါ်လာ ပြီးတဲ့နောက် အရင်လို မရိုးရှင်း နိုင် တော့ပါဘူး။ ဘာ့ကြောင့်ဆို တယ်လီစကုပ် မှန်ပြောင်းတွေကို အသုံးပြုပြီး သုတေသီ တွေဟာ အာကာသ ဟင်းလင်းပြင် ကြီးထဲမှာ ယခင်က ရှာဖွေ တွေ့ရှိခဲ့ခြင်း မရှိတဲ့ အရာဝတ္ထုတွေကို ရှာဖွေ တွေ့ရှိ လာကြလို့ပဲ ဖြစ်ပါတယ်။

ဒီလို နေ အဖွဲ့အစည်း ထဲက အရာဝတ္ထု အသစ်တွေကို ရှာဖွေ တွေ့ရှိ လာခဲ့ ကြပေမယ့် Asteroid ခေါ် ဂြိုဟ်သိမ် တွေကိုတော့ ဂယ်လီလီယို ကွယ်လွန်ပြီး နောက် နှစ် ၂၀၀ လောက် အကြာမှာမှ ရှာဖွေ တွေ့ရှိ ခဲ့ကြပါတယ်.

သက္ကရဇ် ၂၀၀၁ ပြည့်နှစ်မှာတော့ The Near Earth Asteroid Rendezvous အာကာသ စူးစမ်း လေ့လာရေး ယာဉ်ဟာ ဂြိုဟ်သိမ် တစ်စင်း ပေါ်မှာ ပထမဆုံး အကြိမ်အဖြစ် ဆင်းသက် နိုင်ခဲ့ပါတယ်။

ဒီ့နောက်မှာတော့ နာဆာရဲ့ OSIRIS-REx အာကာသ လေ့လာရေး ယာဉ်နဲ့ ဂျပန်ရဲ့ Hayabusa 2 လေ့လာရေး ယာဉ်တွေဟာ ဂြိုဟ်သိမ် တွေပေါ်က ကျောက်ခဲ နမူနာ ကောက်ယူပြီး ကမ္ဘာကို ပြန်ပို့ နိုင်ခဲ့ ကြပါတယ်။

အသစ် တွေ့ရှိတဲ့ ဂြိုဟ်သိမ် တွေကို နာမည် ပေးဖို့နဲ့ အမျိုးအစား ခွဲခြားမှုကို တာဝန်ယူဖို့ International Astronomical Union က တာဝန်ယူ ဆောင်ရွက်ပါတယ်။

ဂြိုဟ်သိမ်ဆိုတာ ဘယ်လို အရာမျိုးလဲ

ဂြိုဟ်သိမ် (Asteroid) ဆိုတာ ဘာလဲ။

ဂြိုဟ်သိမ် ဆိုတာ ဘာလဲ ဆိုတဲ့ မေးခွန်းကို တကယ်တမ်းမှာ အတိအကျ အဖြေ ပေးနိုင်ဖို့ မလွယ်ပါဘူး။ ဘာ့ကြောင့် ဆို ဂြိုဟ်သိမ်တွေဟာ အရာဝတ္ထု အမျိုးမျိုး ဖြစ်နိုင် လို့ပါ။

ဂြိုဟ်သိမ် အများစုဟာ ကျောက် (သို့) သတ္တု တုံး (သို့) ကျောက် နဲ့ သတ္တု ရောစပ် ဖွဲ့စည်း ထားကြတဲ့ အရာဝတ္ထုတွေ ဖြစ်ကြပါတယ်။ ဒါပေမယ့် အချို့ ဂြိုဟ်သိမ် တွေကတော့ ရေခဲတုံးတွေ ဖြစ်မယ်လို့ နက္ခတ် ပညာရှင် တွေက ယူဆ ကြပါတယ်။

အချို့သော ဂြိုဟ်သိမ် တွေဟာ လုံးဝန်းတဲ့ ပုံသဏ္ဍာန် ရှိကြပါတယ်။ ဒါပေမယ့် ဂြိုဟ်သိမ် အများအပြားဟာ ညီညာတဲ့ ပုံပန်း သဏ္ဍာန် မရှိကြ ပါဘူး။ ဒီ ဂြိုဟ်သိမ် တွေဟာ တစ်ခုခုနဲ့ ထုထောင်း ခံရလို့ ပုံပျက် ပန်းပျက် ဖြစ်နေ သလို ပုံ ပေါက်နေ ကြပါတယ်။

နေ အဖွဲ့အစည်း ထဲက ဂြိုဟ်သိမ် အများစုဟာ မားစ် (အင်္ဂါဂြိုဟ်၊ Mars) နဲ့ ဂျူပီတာ (Jupiter, ကြာသပတေးဂြိုဟ်) နှစ်စင်းရဲ့ ဂြိုဟ်ပါတ်လမ်း ကြားထဲမှာ တည်ရှိ ကြပါတယ်။ ဒီ ရပ်ဝန်းကို ဂြိုဟ်သိမ်ခါးပတ် (Asteroid belt) လို့ အမည် ပေးထား ပါတယ်။

ဂြိုဟ်သိမ် အများစုဟာ မားစ် နဲ့ ဂျူပီတာ အကြားမှာ ရှိကြပါတယ် (Credit: Wikipedia)

ဒီ ဂြိုဟ်သိမ် ခါးပတ် ထဲက ဂြိုဟ်သိမ် အရေအတွက်ဟာ အလွန်ကို များပြား လှပါတယ်။ ဒါ့ကြောင့် ဒီ ဂြိုဟ်သိမ်တွေဟာ မကြာခန တစ်ခုနဲ့ တစ်ခု တိုက်မိ တတ်ကြပါတယ်။

တခါတလေ ကျတော့လဲ ဒီ ဂြိုဟ်သိမ် ခါးပတ် ထဲက အချို့သော ဂြိုဟ်သိမ် တွေဟာ အကြောင်းကြောင်းကြောင့် သူတို့ရဲ့ ပါတ်လမ်းကနေ လမ်းချော်ပြီး ထွက်လာ တတ်ကြပါတယ်။ ဒီ လမ်းချော် ထွက်လာတဲ့ ဂြိုဟ်သိမ် အချို့ဟာ ကမ္ဘာ နဲ့ အခြား ဂြိုဟ်တွေနဲ့ ဝင်တိုက်မိ တတ်ကျပါတယ်။ ဒီလို ကမ္ဘာပေါ်ကို ကျလာတဲ့ ဂြိုဟ်သိမ် တွေကိုတော့ ဥက္ကာခဲ (meteoroid)  လို့ ခေါ်ပါတယ်။

ဒီ ဂြိုဟ်သိမ် ခါးပတ် ထဲက အကြီးဆုံး ဂြိုဟ်သိမ် ကြီးကတော့ စီးရီးစ် (Ceres) အမည်ရတဲ့ ဂြိုဟ်သိမ်ကြီးပဲ ဖြစ်ပါတယ်။ ဒီ ဂြိုဟ်သိမ်ဟာ အကြီးဆုံး ဖြစ်သလို ပထမဆုံး ရှာဖွေ တွေ့ရှိခဲ့တဲ့ ဂြိုဟ်သိမ်လဲ ဖြစ်ပါတယ်။

ဒီ စီးရီးစ် ဂြိုဟ်သိမ်ကို ၁၈၀၁ ခုနှစ်မှာ အီတလီ နက္ခတ် ပညာရှင် ဂူဆက်ပီ ပီယာဇီ (Giuseppe Piazzi) က ရှာဖွေ တွေ့ရှိ ခဲ့တာ ဖြစ်ပါတယ်။ ဒီ စီးရီးစ် ဂြိုဟ်သိမ်ဟာ အရွယ်အစား အားဖြင့် အချင်း မိုင် ၆၀၅ မိုင် ရှိပါတယ်။

ဒီ ဂြိုဟ်သိမ် ခါးပတ် ထဲက အခြား ဂြိုဟ်သိမ်တွေ အားလုံးဟာ စီးရီးစ် ဂြိုဟ်သိမ်ထက် သေးငယ် ကြပါတယ်။

တကယ်တမ်း ပြောရရင် ဒီ ဂြိုဟ်သိမ် ခါးပတ် ထဲမှာ ကြီးကြီးမားမား အရွယ်အစား ရှိတဲ့ ဂြိုဟ်သိမ် အရေအတွက်ဟာ လက်ချိုးရေလို့ ရပါတယ်။

ဒီ ဂြိုဟ်သိမ် ခါးပတ် ထဲမှာ အချင်း မိုင် ၁၅၀ ကျော်တဲ့ ဂြိုဟ်သိမ် အရေအတွက်ဟာ အလုံး ၂၀ မပြည့်ပါဘူး။ ဒါပေမယ့် အချင်း ၁ မိုင် ဝန်းကျင် ရှိတဲ့ ဂြိုဟ်သိမ် အရေ အတွက် ကတော့ အလုံးရေ သန်း ရာချီပြီး ရှိမယ်လို့ ခန့်မှန်း ကြပါတယ်။

ဂြိုဟ်သိမ်တွေ ဘယ်က ရောက်လာကြတာလဲ

ဂြိုဟ်သိမ် ခါးပတ် ထဲက ဂြိုဟ်သိမ်တွေ ဘယ်က ရောက်လာ ကြသလဲ ဆိုတဲ့ မေးခွန်းနဲ့ ပါတ်သက်လို့ အယူအဆ အမျိုးမျိုး ကွဲပြား နေပါတယ်။

ဂြိုဟ်သိမ်တွေရဲ့ ဖွဲ့စည်း တည်ဆောက် ပုံမှာ ကျောက်သား ချည်းပဲ ရှိတဲ့ ဂြိုဟ်သိမ်၊ နောက်ပြီး ကျောက်နဲ့ သတ္တု အချိုးအစား အမျိုးမျိုး နဲ့ ရောနေတဲ့ ဂြိုဟ်သိမ်တွေ ကနေ သတ္တု တွေချည်း ရှိတဲ့ ဂြိုဟ်သိမ် အထိ အမျိုးမျိုး ရှိကြပါတယ်။ 

ဒီ အချက်က ဘာကို ညွှန်ပြနေလဲ ဆိုတော့ ဒီ ဂြိုဟ်သိမ် တွေဟာ အရင်က ကြီးမားတဲ့ အရာဝတ္ထု တစ်ခု ကနေ တစ်စစီ ကွဲထွက် လာခဲ့တယ် ဆိုတာကို ပြနေတာပါ။

ဒါကို ဥပမာ ပြရရင် ဂြိုဟ်တွေရဲ့ အတွင်းပိုင်းမှာ ရှိတဲ့ ကျောက်နဲ့ သတ္တုတွေဟာ ပူပြင်းမှုကြောင့် အရည် မပျော့်တပျော် အခြေအနေမှာ ရှိကြပါတယ်။ ဒီ အခြေအနေမှာ လေးတဲ့ သတ္တုတွေက အတွင်းပိုင်း ထဲကို နစ်ဝင်သွားပြီး ပေါ့ပါးတဲ့ ကျောက်တွေက အပေါ်ကို တက်လာပါတယ်။ 

ဒါ့ကြောင့်လဲ ကျောက်သား နဲ့ ဖွဲ့စည်းထားတဲ့ ဂြိုဟ်တွေရဲ့ အပေါ်ယံဟာ ကျောက်လွှာ ဖြစ်နေပြီး အတွင်းပိုင်း အူတိုင် ကတော့ သတ္တု အူတိုင် ဖြစ်နေတာ ဖြစ်ပါတယ်။

ဒီလို ဂြိုဟ်မျိုးသာ အစိတ်စိတ် အမွှာမွှာ ကွဲထွက်သွားရင် အပေါ်ယံက ဖြစ်လာတဲ့ အပိုင်းအစ တွေဟာ ကျောက်သား ဂြိုဟ်သိမ်တွေ ဖြစ်လာပြီး အတွင်းပိုင်းက ဖြစ်လာတဲ အပိုင်းအစ တွေကတော့ သတ္တု ဂြိုဟ်သိမ်တွေ ဖြစ်လာမှာ ဖြစ်ပါတယ်။

ဒီ ဂြိုဟ်သိမ် ခါးပတ် မားစ် နဲ့ ဂျူပီတာ အကြား ရောက်နေတာ ကလဲ​ပဟေဠိ တစ်ခုပါပဲ။ ဘာ့ကြောင့် ဆိုတာကို ဘယ်သူမှ သေသေ ချာချာ မပြောနိုင် ပေမယ့် မှန်းဆ တွေးတော ချက်တွေကတော့ ရှိနေပါတယ်။

ယူဆချက် တစ်ခုကတော့ ဂျူပီတာ ရဲ့ ကြီးမားတဲ့ ဆွဲငင်အားကြာင့် ဒီ ပတ်လမ်းမှာ ဖြစ်ပေါ်လာဖို့ ကြိုးစားခဲ့တဲ့ ဂြိုဟ်ကြီးဟာ ဂြိုဟ်အဖြစ် မရောက်တော့ပဲ အစိတ်စိတ် အမွှာ မွှာ ပြိုကွဲ သွားရတာ ဆိုတဲ့ အယူအဆ တစ်ရပ်ပဲ ဖြစ်ပါတယ်။

ဂြိုဟ်သိမ်တစ်စင်းကို သာမန်မျက်စေ့နဲ့ မြင်နိုင်မလား

ဂြိုဟ်သိမ်တွေကို သာမန် မျက်စေ့နဲ့ မမြင်နိုင်ပါဘူး။ ဂြိုဟ်သိမ်တွေကို ကြည့်ဖို့ တယ်လီစကုပ် တစ်လုံးတော့ လိုမှာ ဖြစ်ပါတယ်။

နောက်ပြီး ကြည်လင်တဲ့ ကောင်းကင် နဲ့ ရာသီဥတုလဲ လိုအပ်မှာ ဖြစ်ပါတယ်။ 

ဂြိုဟ်သိမ် တစ်ခုကို ရှာဖွေဖို့ ဆိုရင် အနည်းဆုံး ကြည်လင်တဲ့ ည နှစ်ည လိုအပ်ပါလိမ့်။

ဘာ့ကြောင့် ကြည်လင်တဲ့ ည နှစ် ည လိုအပ်လဲ ဆိုတော့ ဂြိုဟ်သိမ်တွေဟာ ရုတ်တရက် ကြည့်ရင် ကြယ်တွေနဲ့ ခပ်ဆင်ဆင် တူနေတာ မို့ နှစ်ည ဆက်တိုက် ရိုက်ကူး ထားတဲ့ ဓါတ်ပုံ နှစ်ခု ယှဉ်ပြီး ကြည့်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒီတော့မှသာ နောက်ခံ ကြယ်တွေ ကြားမှာ ဒီ ဂြိုဟ်သိမ်ရဲ့ ရွေ့လျားမှုကို သတိပြု မိနိုင်မှာ ဖြစ်ပါတယ်။

ဂြိုဟ်သိမ်ရဲ့ တည်နေရာကို ရှာဖွေဖို့ ဆိုရင်တော့ ဂြိုဟ်သိမ်တွေ တည်နေရာကို ညွှန်ပြနိုင်တဲ့  App တစ်မျိုးမျိုးကို အသုံးပြု နိုင်ပါတယ်။  Red Shift နဲ့ Starry Night တို့ဟာ ဒီလို App မျိုးတွေ ဖြစ်ကြပါတယ်။

ဘယ်ဂြိုဟ်သိမ်တွေကို မြင်နိုင်သလဲ

အောက်မှာ အလင်းလက် အတောက်ပဆုံး ဂြိုဟ်သိမ် ၅ ခုကို ဖော်ပြ ထားပါတယ်။

Vesta

Asteroid Vesta (Credit: NASA)

ဂြိုဟ်သိမ်တွေ အားလုံးထဲမှာ အလင်းလက်ဆုံး ဂြိုဟ်သိမ် ဖြစ်ပါတယ်။ အချင်းမိုင် ၃၆၀ ခန့် ရှိပြီး ၁၈၀၇ ခုနှစ်မှာ ရှာဖွေ တွေ့ရှိ ခဲ့တဲ့ ဂြိုဟ်သိမ် ဖြစ်ပါတယ်။ မြေပြင်က အလင်းရောင် ပြန်ခြင်း မရှိတဲ့ တောအရပ် ကနေ သာမန် မျက်စေ့နဲ့ မြင်တွေ့ နိုင်တယ်လို့ ဆိုပါတယ်။

Pallas

Asteroid Pallas (Credit: NASA)

၁၈၀၂ ခုနှစ်မှာ ရှာဖွေ တွေ့ရှိခဲ့တဲ့ ဒီ ဂြိဟ်သိမ် ဟာ အချင်းမိုင် ၃၆၀ ခန့် ရှိပါတယ်။ ဒီ ဂြိုဟ်သိမ်ရဲ့ ထူးခြားချက် ကတော့ သူ့ရဲ့ ပတ်လမ်းဟာ ပင်မ ဂြိုဟ်သိမ် ခါးပတ်ကနေ ၃၅ ဒီဂရီ ခန့် တိမ်းစောင်းနေ တာပဲ ဖြစ်ပါတယ်။

Ceres

Asteroid Ceres (Credit: NASA)

ဂြိုဟ်သိမ် တွေထဲမှာ အကြီးဆုံး ဖြစ်ပြီး ယခုအခါ သူ့ကို ဂြိုဟ်သိမ် အဆင့် ကနေ ဂြိုဟ်ငယ်ပု (Dwarf planet) အဆင့်ကို တိုးမြှင့် သတ်မှတ် ထားပါတယ်။ စီးရီးစ် ရဲ့ အရွယ် အစားက အချင်း မိုင် ၆၀၅ မိုင် ရှိပါတယ်။

Iris

Asteroid Iris (Credit: NASA)

အချင်း မိုင် ၂၂၅ မိုင် အရွယ် ရှိတဲ့ အိုင်းရစ်စ် ဂြိုဟ်သိမ်ကို ၁၈၄၇ မှာ ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။ အရွယ် သေးငယ် သော်ငြားလဲ အလင်းရောင် တောက်ပမှု အားကောင်းတဲ့ ဒီ ဂြိုဟ်သိမ်ကို သံနဲ့ နီကယ် သတ္တု အမြောက်အများနဲ့ ဖွဲ့စည်း ထားတယ်လို့ ယူဆ ကြပါတယ်။

Eros

Asteroid Eros (Credit: NASA)

အီးရောစ် ဂြိုဟ်သိမ်ဟာ ပုံ သဏ္ဍာန် အားဖြင့် ရှည်မြောမြော ဖြစ်နေပြီး အရွယ် အစား အားဖြင့်လဲ အရှည် မိုင် ၂၀ နဲ့ အချင်း ၈ မိုင်ပဲ ရှိပါတယ်။ သူ့ကို ၁၈၉၈ ခုနှစ်မှာ ရှာဖွေ တွေ့ရှိ ခဲ့တာ ဖြစ်ပါတယ်။ ဒီ ဂြိုဟ်သိမ်ဟာ မားစ် (အင်္ဂါဂြိုဟ် ကိုဖြတ်ပြီး ကမ္ဘာနား ကနေ ဖြတ်ပျံ ခဲ့တဲ့ ဂြိုဟ်သိမ် တစ်ခု ဖြစ်ပါတယ်။ ဒီလို ဖြတ်ပျံ စဉ်မှာ သူ့ကို နာဆာ​ရဲ့ NEAR အာကာသ သုတေသန ယာဉ်က အသေးစိတ် လေ့လာ နိုင်ခဲ့ပါတယ်။

Ref: A beginner’s guide to asteroids | Sky and Night Magazine

Advertisement