Skip to content

ဂျိမ်းစ်ဝက်ဘ်က ရိုက်ထားတဲ့ တောက်ပနေတဲ့ ဂျူပီတာ

  • Space
Jupiter by James Webb

ဂျိမ်းစ်ဝက်ဘ် တယ်လီစကုပ် (James Webb Space Telescope) ကြီးကနေ နောက်ဆုံး ပေးပို့လိုက်တဲ့ ဓါတ်ပုံကတော့ ဂျူပီတာ ခေါ် ကြာသပတေး ဂြိုဟ်ရဲ့ ဓါတ်ပုံပဲ ဖြစ်ပါတယ်။

ဒီပုံမှာ ကြာသပတေး ဂြိုဟ်ဟာ ဝင်ရိုးစွန်း အလင်းရောင်တွေ ငွေရောင် တိမ်တိုက်တွေနဲ့ အလွန် လှပလို့ နေပါတယ်။ ဂျူပီတာရဲ့ ဒီလို လှပတဲ့ ဓါတ်ပုံမျိုးကို အရင်တုန်းက ဘယ်တုန်းကမှ ရိုက်ကူး နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

အခုပုံကို နာဆာက ဩဂုတ်လ ၂၂ ရက် တနင်္လာ နေ့က ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ဒီ ဓါတ်ပုံက တစ်ပုံထဲတော့ မဟုတ်ပါဘူး။ လှိုင်းအလျား မတူညီတဲ့ အလင်းရောင် နဲ့ ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေကို ပေါင်းစပ်ပြီး ပြန်လည် ဖန်တီးထားတာ ဖြစ်ပါတယ်။ (ဆိုလိုတာက အရောင် တရောင်ခြင်းစီ အတွက် တစ်ပုံစီ ရိုက်ပြီးမှ ရောင်စုံ ဖြစ်အောင် ပြန်ပေါင်းထားတာ ဖြစ်ပါတယ်။)

နာဆာက အသစ် ထုတ်ပြန်လိုက်တဲ့ ပုံတွေထဲမှာ ဂျူပီတာရဲ့ အရံလ တွေအနက်က အမယ်လ်သီယာ (Amalthea) နဲ့ အေဒရတ်စတီယာ (Adrastea) တို့ကို တောက်ပစွာ တွေ့ကြ ရမှာ ဖြစ်ပါတယ်။ နောက်ပြီး ဂျူပီတာရဲ့ မှိန်ပြပြ ဂြိုဟ်ခါးပတ် ကိုလဲ တောက်ပစွာ မြင်တွေ့ ကြရပါတယ်။

James Webb ရဲ့ NIRCam အနီအောက် ရောင်ခြည် ကင်မရာက ရိုက်ကူးထားတဲ့ ဂျူပီတာရဲ့ ဓါတ်ပုံ။ ဒီပုံကို အနီရောင်၊ စိမ်းဝါ ရောင် နဲ့ စိမ်းပြာရောင် Filter တွေခံရိုက်ထားတဲ့ ဓါတ်ပုံ ၃ ပုံကို ပြန်ထပ်ထားတာ ဖြစ်ပါတယ်။ (Credit: NASA, ESA, CSA, Jupiter ERS Team; image processing by Judy Schmidt.)

ဂျူပီတာရဲ့ ဝင်ရိုးစွန်း တွေမှာတော့ တောင်နဲ့မြောက် ဥတ္တရ အလင်းတန်း တွေနဲ့ လင်းထိန် နေတာကို တွေ့မြင် ကြရပါတယ်။

ကျွန်တော်တို့ ဒီပုံတွေ ဒီလောက်ထိ ကောင်းလိမ့်မယ်လို့ မမျှော်လင့် ခဲ့ပါဘူး လို့ ကာလီဖိုးနီးယား ဘာကလေ တက္ကသိုလ် (University of California, Berkeley) က ဂြိုဟ်နက္ခတ်သိပ္ပံ ပညာရှင် ပါမောက္ခ အင်ကီ ဒေ ပီတာ (Imke de Pater) က ပြောပါတယ်။

“ဂျူပီတာ နဲ့ သူ့ရဲ့ ဂြိုဟ်ခါးပတ်၊ အရံလ သေးသေးလေး တွေ၊ ပြီးတော့ ပုံတပုံ မှာဆို ဂလက်ဆီ တစ်ခုတောင် ပါသေး၊ ဒီလို မျိုး အသေးစိတ် ထင်ထင်ရှားရှား မြင်ရတာ တကယ်ကို မှတ်သားစရာပဲ ဖြစ်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

အခု ဓါတ်ပုံတွေ ရိုက်ကူး ပေးပို့တဲ့ James Webb Space Telescope ကြီးဟာ နာဆာ အာကာသ အေဂျင်စီနဲ့ ဥရောပ အာကာသ အေဂျင်စီ၊ ကနေဒါ အာကာသ အေဂျင်စီ တွေရဲ့ ပူးပေါင်းမှု ရလဒ်ပဲ ဖြစ်ပါတယ်။ အခု ဓါတ်ပုံတွေဟာ ဒီ ဂျိမ်းစ်ဝက်ဘ် တယ်လီစကုပ်ကြီး ဘယ်လောက်ထိ စွမ်းဆောင်နိုင်လဲ ဆိုတာကို ပြသ နေပါတယ်။

ဒီ ဓါတ်ပုံ တွေကို ဂျိမ်းစ်ဝက်ဘ် တယ်လီစကုပ် ကြီးမှာ တပ်ဆင်ထားတဲ့ အနီး အနီအောက် ရောင်ခြည် ကင်မရာ (Near-Infrared Camera, NIRCam) နဲ့ ရိုက်ယူ ထားတာ ဖြစ်ပါတယ်။ အနီအောက် ရောင်ခြည်ကို လူ့မျက်စေ့နဲ့ မမြင်နိုင် ပါဘူး။ ဒါ့ကြောင့် ရိုက်ကူး ရရှိတဲ့ ပုံတွေကို လူ့မျက်စေ့နဲ့ မြင်နိုင်တဲ့ အရောင်တွေ ပြန်လည် ထည့်သွင်း ပေးရပါတယ်။

လှိုင်းအလျား အရှည်ဆုံး အလင်းကို အနီရောင် အနေနဲ့ မြင်ကြရပြီး လှိုင်းအလျား အတိုဆုံး အလင်းကိုတော့ အပြာရောင် အနေနဲ့ မြင်ကြရပါတယ်။ 

James Webb ရဲ့ NIRCam အနီအောက် ရောင်ခြည် ကင်မရာမှ လိမ္မော်နှင့် စိမ်းပြာ filter ခံရိုက်ထားသော ဓါတ်ပုံ နှစ်ပုံကို ပြန်ထပ်ထားသော ဂျူပီတာ၏ ပုံ ( Credit: NASA, ESA, CSA, Jupiter ERS Team; image processing by Ricardo Hueso (UPV/EHU) and Judy Schmidt.)

ဂြိုဟ်ရဲ့ အနီရောင် အစက်ကြီး (Great Red Spot) ကိုတော့ နေက အလင်းရောင်ပြန် ဟပ်မှုကြောင့် အဖြူရောင် အဖြစ် မြင်ကြရပါတယ်။ ဒီ အနီစက် ကြီးဟာ ကမ္ဘာထက် အရွယ်ပို ကြီးတဲ့ မုန်တိုင်းကြီး တစ်ခုဖြစ်ပြီး ကြာသပတေးဂြိုဟ် ပေါ်မှာ တိုက်ခတ်နေတာ နှစ်တစ်ရာ ကျော်ခဲ့ပြီ ဖြစ်ပါတယ်။

ကြာသပတေး ဂြိုဟ်ရဲ့ လေထု အမြင့်ပိုင်းက တိမ်တွေကိုလဲ အဖြူရောင် အဖြစ် မြင်ကြရပါတယ်။ တိမ်ကင်းစင်တဲ့ နေရာတွေ ကိုတော့ ခပ်မဲမဲ မျဉ်းကြောင်းတွေ အဖြစ် မြင်ကြရမှာ ဖြစ်ပါတယ်။

အလင်းရောင် တောက်နေတဲ့ နေရာတွေဟာ လေထုအမြင့်ပိုင်း နေရာတွေ ဖြစ်ကြပါတယ်။ ဒီမှာ အနီစက် ကြီးကိုလဲ အလင်းရောင် တောက်တောက် တွေ့မြင်ရတာမို့ ဒီ မုန်တိုင်းကြီးဟာ လေထုအမြင့်ပိုင်းမှာ တိုက်ခတ်နေမယ်လို့ ယူဆရ ပါတယ်။

အီကွေတာ ပတ်ဝန်းကျင်မှာလဲ လင်းနေတာမို့ အီကွေတာ အရပ်ဟာ အတော်လေး မြင့်မားတယ်လို ယူဆရမှာ ဖြစ်ပါတယ်။

အဖြူရောင် အစက်တွေ၊​မျဉ်းကြောင်းလေး တွေဟာ လေထု အမြင့်ပိုင်းမှာ ရှိတဲ့ မုန်တိုင်းတွေရဲ့ ထိပ်ပိုင်းက တိမ်တွေ ဖြစ်မယ်လို့ ယူဆ ရပါတယ်။

နေက တိုက်ခတ်လာတဲ့ ဆိုလာ အမှုန်တွေကြောင့် ဂျူပီတာရဲ့ လေထု အပေါ်ပိုင်းမှာ ကမ္ဘာပေါ်မှာ လိုပဲ အလင်းရောင် ထွက် လာစေပါတယ်။ Aurora (ဥတ္တရာ အလင်းတန်း) လို့ခေါ်တဲ့ ဒီ အလင်းရောင် တွေကို ဂျူပီတာရဲ့ မြောက်ဝင်ရိုးစွန်းရော တောင်ဝင်ရိုးစွန်း မှာပါ တွေ့မြင်နိုင်ပါတယ်။

အခုပုံ တွေကို ဖန်တီး ခဲ့သူကတော့ အပျော်တမ်း သိပ္ပံ ပညာရှင် ဂျူဒီ ရှမစ် (Citizen scientist Judy Schmidt ) ပဲ ဖြစ်ပါတယ်။ 

Judy Schmidt နှင့် သူမဖန်တီးထားသော Minkowski’s Butterfly နက်ဗြူလာ

ဂျိမ်းစ်ဝက်ဘ်က ပို့ပို့လိုက်တဲ့ အချက်အလက် တွေဟာ ဒီလို ပုံတွေအနေနဲ့ မဟုတ်ပဲ​ ကိန်းဂဏန်းတွေ အနေနဲ့ ပြန်ပို့ပေးတာ ဖြစ်ပါတယ်။ ဒါကို လူသားတွေ နားလည်နိုင်တဲ့ ပုံတွေ ဖြစ်အောင် ကိန်းဂဏန်းတွေကို ဓါတ်ပုံတွေ အဖြစ် ပြန်ပြီး ပြောင်းကြရ ပါတယ်။

ဂျူပီတာ ဂြိုဟ်ဟာ လည်ပတ်နေတာမို့ ဒီ ဓါတ်ပုံတွေ အဖြစ် ပြန်ပြောင်းတဲ့ အခါမှာ ဒီ လည်ပတ်တာ ကိုလဲ ထည့်သွင်း တွက်ချက်ပြီးမှ ပြန်လည် ပြောင်းယူ ခဲ့ရတယ်လို့ သိရပါတယ်။

Ref: Jupiter glows in stunning new James Webb telescope images | Live Science

Advertisement