Skip to content

Solar Storm ကြောင့် အင်တာနက်လိုင်းများ လနှင့်ချီ ပြတ်တောက်နိုင်ကြောင်း ပညာရှင်များက သတိပေး

  • Science
ပြင်းထန်တဲ့ Solar Storm နေမုန်တိုင်းတွေဟာ နှစ် ၁၀၀ ကို တကြိမ်လောက် ဖြစ်တတ်ပါတယ်

နေကနေ ကမ္ဘာကို လျှပ်စစ်သံလိုက် စွမ်းအင်ရှိတဲ့ အမှုန်လေးတွေ အမြောက်အများ တချိန်လုံး ကျဆင်းနေပါတယ်။ ဒီအမှုန်လေးတွေကို နေလေပြည် (သို့) နေလေလှိုင်း (Solar Wind) လို့ ခေါ်ပါတယ်။ ဒီ Solar Wind မှာ အဓိက ပါဝင်တဲ့ အမှုန်လေးတွေကတော့ အီလက်ထရွန် (Electron)၊ ပရိုတွန် (Proton) နဲ့ အယ်လ်ဖာ အမှုန် (Alpha particles) တွေပဲ ဖြစ်ကြပါတယ်။

ပုံမှန် ဆိုရင်တော့ ကမ္ဘာ့ သံလိုက်စက်ကွင်းက ဒီ နေလှိုင်းတွေ ကမ္ဘာ မြေမျက်နှာပြင်ပေါ်ကို ကျရောက်မလာအောင် တားဆီး ကာကွယ်ပေး ထားပါတယ်။ ဒီ နေလှိုင်းအမှုန်လေးတွေက လျှပ်စစ် သံလိုက် စွမ်းအားရှိတာမို့ ကမ္ဘာ့ သံလိုက်စက်ကွင်း တလျှောက် မျောပါပြီး တောင် (သို့) မြောက်ဝင်ရိုးစွန်းဖက်ကို စီးဆင်းသွားပါတယ်။ အဲ့ဒီမှာ aurora လို့ခေါ်တဲ့ ဝင်ရိုးစွန်းက ကောင်းကင်အလင်းရောင်တွေ ဖြစ်လာစေတာပါ။

ဒါပေမယ့် ရာစုနှစ် တခုကို တကြိမ်လောက် ဒီ နေလေပြည်ဟာ လေပြည် ဘဝကနေ နေမုန်တိုင်း (Solar storm) အဆင့်ကို ရောက်ရှိသွားတတ်ပါတယ်။ ဒီလို နေမုန်တိုင်း အဆင့် ဖြစ်လာခဲ့မယ် ဆိုရင် ကျွန်တော်တို့ရဲ့ ခေတ်သစ် လူနေမှု ဘဝကို ကြီးမားတဲ့ ဆိုးကျိုးတွေ သက်ရောက် လာနိုင်တယ်လို့ သုတေသီတွေက ပြောကြားလိုက်ပါတယ်။

ဒီ သုတေသန စာတမ်းကို ကမ္ဘာ့ ဆက်သွယ်ရေး ပညာရှင်များရဲ့ ညီလာခံ ဖြစ်တဲ့ SIGCOMM2021 မှာ သုတေသီ အဖွဲ့တခုက တင်သွင်းတာ ဖြစ်ပါတယ်။

အတိုချုပ် ပြောရရင် ဒီလို ပြင်းထန်တဲ့ နေမုန်တိုင်း တိုက်ခတ်ခဲ့မယ် ဆိုရင် ကမ္ဘာပါ်မှာ ရှိတဲ့ နေရာ အတော်များများမှာ “အင်တာနက် ပြတ်တောက်မှု ကပ်ဘေးကြီး” ကျရောက်လာနိုင်တယ်လို့ သူတို့က သုံးသပ် တင်ပြထားပါတယ်။ ဒီလို ပြတ်တောက်မှု မျိုးဟာ အချို့သော အရပ်ဒေသတွေမှာ ရက်ပေါင်းများစွာကနေပြီး လနဲ့ချီ ကြာနိုင်တယ်လို့ ဆိုပါတယ်။ ဒီ သုတေသန စာတမ်းကို အမေရိကန် ပြည်ထောင်စု ကာလီဖိုးနီးယား တက္ကသိုလ် (University of California) က သုတေသီ တဦးက တင်သွင်းတာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ လက်ရှိ ကူးဆက်ကပ်ရောဂါ ဖြစ်တဲ့ အချိန်မှာ ကမ္ဘာကြီးက ဘာမှ အသင့် ပြင်ဆင်ထားတာ မရှိခဲ့ပါဘူး။ ဒီလိုပဲ နေမုန်တိုင်း တိုက်ခတ်လာခဲ့လို့ အင်တာနက် လိုင်းတွေ ပြတ်တောက်ကုန်မယ် ဆိုရင် ဘယ်လိုလုပ်ကြမလဲ ဆိုတာကိုလဲ ဘာမှ ပြင်ဆင်ထားတာ မရှိသေပါဘူး။ ကျွန်တော်တို့ရဲ့ လက်ရှိ ဆက်သွယ်ရေး အခြေခံ အဆောက်အအုံ တွေဟာ ဒီလို နေမုန်တိုင်း အကြီးစားကို ခံနိုင်တဲ့ အခြေအနေ မရှိနေပါဘူး” လို့ ဒီသုတေသန စာတမ်းကို ရေးသားတင်သွင်းသူ လက်ထောက်ပါမောက္ခ အဒူ ယိုသီ (Abdu Jyothi) က ပြောပါတယ်။

ပြဿနာ တခုကတော့ ဒီလို ဆိုးရွားပြင်ထန်တဲ့ နေမုန်တိုင်း မျိုးက အလွန်ရှားတာပါပဲ။ ပညာရှင်တွေရဲ့ တွက်ချက်မှု အရ ကမ္ဘာ့ ဆက်သွယ်ရေး စနစ်တွေကို ထိခိုက်လောက်တဲ့ အထိ ပြင်းထန်တဲ့ နေမုန်တိုင်းမျိုး ပေါ်ပေါက်ဖို့ ဆိုတာ ဆယ်စုနှစ် တစုမှာမှ ၁.၆% ကနေ ၁၂% ကြားလောက်ပဲ ရှိပါတယ်။

လောလောဆယ် အထိ ဒီလို ပြင်းထန်တဲ့ နေမုန်တိုင်းမျိုးကို ၂ ခါပဲ ကြုံတွေ့ခဲ့ရ ဖူးပါသေးတယ်။ ပထမ တခါက ၁၈၅၉ ခုနှစ်မှာ ဖြစ်ပါတယ်။ ဒီ ပထမ ဖြစ်စဉ်ကို ကာရင်တန် ဖြစ်စဉ် (Carrington Event) လို့ ခေါ်ပါတယ်။ ဒီဖြစ်စဉ်မှာ ကမ္ဘာပေါ်က ဆက်သွယ်ရေး ကြေးနန်းကြိုးတွေ မီလောင် ပျက်စီး ကုန်တဲ့ အထိ ဆိုးရွားတဲ့ နေမုန်တိုင်း ဒါဏ်ကို ခံခဲ့ကြ ရပါတယ်။ နောက်ပြီး ဝင်ရိုးစွန်း ဒေသတွေမှာသာ တွေ့ရတတ်တဲ့ Aurora ဝင်းရိုးစွန်း အလင်းရောင်ကို ကိုလမ်ဘီယာလို အီကွေတာ ရပ်ဝန်းမှာတောင် တွေ့မြင်ခဲ့ကြရပါတယ်။

ဒုတိယ ဖြစ်စဉ်ကိုတော့ ၁၉၂၁ ခုနှစ်မှာ ကြုံတွေ့ခဲ့ကြ ရတာပါ။ ဒီဖြစ်စဉ် မှာတော့ လျှပ်စစ်ဓါတ်ကြိုးတွေ မီးလောင် ပေါက်ကွဲကုန်ပြီး အချို့အရပ်တွေမှာ ဒီကနေ ပတ်ဝန်းကျင်ကို မီးကူးဆက် လောင်ကြွမ်းတာမျိုး ကြုံတွေ့ခဲ့ ကြရပါတယ်။ ထင်ရှားတဲ့ သာဓက ကတော့ နယူးယောက် မြို့တော်က ရထားဘူတာရုံကြီး လောင်ကျွမ်းသွားတာပဲ ဖြစ်ပါတယ်။

နောက် နေမုန်တိုင်းကတော့ ခုနက မုန်တိုင်းကြီးတွေလောက် မဆိုးရွားခဲ့ပါဘူး။ ၁၉၈၉ ခုနှစ်ထဲမှာ ဖြစ်ပွားခဲ့တဲ့ မုန်တိုင်းငယ် လေးမှာတော့ ကနေဒါနိုင်ငံ ကွီဘက်ပြည်နယ် (Quebec ​Province) တစ်ခုလုံး လျှပ်စစ်မီး ၉ နာရီ ကြာအောင် ပြတ်တောက် သွားခဲ့ရ ဖူးပါတယ်။

အခုလက်ရှိ ကာလမှာ ကျွန်တော်တို့ လူသားတွေဟာ အင်တာနက် ဆက်သွယ်ရေးကို မရှိမဖြစ် အနေအထား မျိုးနဲ့ သုံးစွဲနေ ကြတာပါ။ အင်တာနက် ဆက်သွယ်ရေးဟာ လူသားတွေရဲ့ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး ကိစ္စ အဝဝ မှာ မရှိမဖြစ် လိုအပ်ချက် တခု ဖြစ်လာပါတယ်။ ဒီလို အင်တာနက် ဆက်သွယ်ရေး ကွန်ရက်တွေနဲ့ အခြေခံ ဆက်သွယ်ရေး အဆောက်အအုံ (infrastructure) တွေအပေါ် နေမုန်တိုင်းရဲ့ အကျိုးသက်ရောက်မှုနဲ့ ပတ်သက်ပြီး လေ့လာထားတဲ့ သုတေသန ဆိုတာ မရှိသလောက်ပါပဲ။

အခုတင်သွင်းတဲ့ စာတမ်းမှာတော့ အဒူယိုသီ က ဒီ ဆက်သွယ်ရေး အခြေခံ အဆောက်အအုံတွေ ရဲ့ အဓိက အားနည်းချက်တွေကို လေ့လာပြီး သုံးသပ် တင်ပြထားပါတယ်။

သတင်းကောင်း တခုကတော့ ဒေသတွင်း အင်တာနက် ဆက်သွယ်ရေး ကွန်ယက် တွေကတော့ နေမုန်တိုင်းကြောင့် ပျက်စီးရတဲ့ အန္တရာယ် နဲပါးတယ်လို့ ဆိုပါတယ်။ ဒေသတွင်း အင်တာနက် လိုင်းတွေက ဖိုင်ဘာ ကြိုးတွေကို အဓိက အသုံးပြုကြတာမို့ လျှပ်စစ် သံလိုက် မုန်တိုင်း တိုက်ခတ်မှုက အကြိုးသက်ရောက်မှု မရှိနိုင်ပါဘူး။

ဒါပေမယ့် ပင်လယ်ရေအောက်မှာ မြှုပ်နှံထားတဲ့ အင်တာနက် ဆက်ကြောင်း ရေအောက်ကြိုးတွေကတော့ ပြဿနာ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။ ဒီ ကြိုးတွေကြားမှာ လှိုင်းအား မြှင့်ပေးမယ့် Repeater တွေကို တပ်ဆင်ထားပါတယ်။ ဒီ ရပီတာ ထပ်ဆင့်လွှင့် စက်တွေက ဖိုင်ဘာအလင်း ကြိုးမျှင်တွေကနေ သယ်ဆောင်လာတဲ့ အချက်အလက်တွေကို ပြန်အားကောင်းလာအောင် အားမြှင့်ပေးတာပါ။ ဒီ ထပ်ဆင့်လွှင့်စက်တွေကို ရေအောက် ဖိုင်ဘာအလင်းကြိုး မိုင် ၃၀ ကနေ ၉၀ တိုင်းမှာ တခုနှုန်းနဲ့ တပ်ဆင်ထားပါတယ်။

ရေအောက် ဖိုင်ဘာကြိုးတွေက လျပ်စစ်သံလိုက် မုန်တိုင်းဒါဏ် ခံနိုင်ပေမယ့် ဒီ ရပီတာ ထပ်ဆင့်လွှင့်စက်တွေကတော့ လျှပ်စစ်သံလိုက် မုန်တိုင်းဒါဏ်ကို ခံနိုင်ရည် ရှိကြမှာ မဟုတ်ပါဘူး။ ဒီ ရပီတာ ထပ်ဆင့်လွှင့် စက်တွေထဲက စက်တခုလောက် ပျက်စီးသွားရင်ကို ဒီ ထပ်ဆင့်လွှင့်စက် ခံထားတဲ့ ကြိုးကြီးတခုလုံးက သုံမရ ဖြစ်သွားမှာ ဖြစ်ပါတယ်။ 

အကယ်လို့ ရေအောက်ကြိုး အတော်များများ သုံးမရ ဖြစ်သွားမယ်ဆိုရင် ဒေသကြီး တခု (သို့) တိုက်ကြီး တခုလုံးရဲ့ အင်တာနက် ဆက်သွယ်ရေးတွေ ပြတ်တောက်သွားနိုင်ပါတယ်။ နောက်ပြီး လတ္တီတွတ် အမြင့်ပိုင်း (မြောက်ပိုင်း) မှာ ရှိတဲ့ နိုင်ငံတွေက ဒီ နေမုန်တိုင်းရဲ့ အန္တရာယ်ကို ပိုခံ ရဖွယ် ရှိနေပါတယ်။ ဥပမာ ကနေဒါတို့၊ UK တို့၊ နောက် ဥရောပ မြောက်ပိုင်းက နိုင်ငံတွေပေါ့။ 

 အကယ်လို့သာ နေမုန်တိုင်း တိုက်ခတ်လာမယ် ဆိုရင် အင်တာနက် ဆက်သွယ်ရေး ပထမဆုံး ပြတ်တောက်သွားမယ့် နိုင်ငံတွေဟာ အဲ့သည် မြောက်ပိုင်းကျတဲ့ နိုင်ငံတွေ ဖြစ်တယ်လို့ ဆိုပါတယ်။  သမုဒ္ဒရာအောက်က ပျက်စီးသွားတဲ့ ထပ်ဆင့်လွှင့်စက်တွေကို ပြန်လည် ပြုပြင်ဖို့ အချိန် ဘယ်လောက် ကြာမလဲ ဆိုတာကို မခန့်မှန်းနိုင် ပေမယ့် ရက်ပေါင်းများစွာ (သို့) လနည်းငယ် အထိ ကြာကောင်း ကြာနိုင်တယ်လို့ ဆိုပါတယ်။

အမေရိကန် ပြည်ထောင်စုမှာ အင်တာနက် တရက် ပြတ်တောက်သွားခဲ့ရင် ဖြစ်လာမယ့် စီးပွားရေး ဆိုင်ရာ ဆုံးရှုံးမှုက တရက်ကို ဒေါ်လာ ၇ ဘီလီယံ လောက် ရှိလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။ အကယ်လို့ ရက်ပေါင်းများစွာ အင်တာနက် ပြတ်တောက်နေမယ်ဆို ဆုံးရှုံးမှု ပမာဏဟာ ဘယ်လောက်အထိ များပြားလာ မလဲဆိုတာ မတွေးရဲ့ စရာပါပဲ။

နောက်ဖြစ်လာမယ့် နေမုန်တိုင်းရဲ့ ဆိုးကျိုးတွေကို တတ်နိုင်သရွေ့ ကာကွယ်တားဆီးနိုင်ဖို့ အခုကတဲက ကြိုတင်ပြင်ဆင် သင့်တယ်လို့ ဒီစာတမ်းမှာ အကြံပြု တိုက်တွန်းထားပါတယ်။ ဥပမာ လတ္တီတွတ် အနိမ့်ပိုင်း ကျတဲ့ ဒေသတွေမှာ အရန် ဖိုင်ဘာ ကြိုးတွေ စတင်သွယ်တန်း တာမျိုးလို့ အကြံပြု ထားပါတယ်။

နောက်တကြိမ် နေမုန်တိုင်း တိုက်ခတ်လာခဲ့ရင် ကမ္ဘာပေါ်က သူတွေအနေနဲ့ ကြိုတင် ပြင်ဆင်ဖို့ အချိန် ၁၃ နာရီခန့် ရရှိမှာ ဖြစ်ပါတယ်။ 

Reference: An ‘Internet apocalypse’ could ride to Earth with the next solar storm, new research warns

Advertisement