Skip to content

ကမ္ဘာ့ ဗဟိုချက် အေးခဲသွားရင် ဘာဖြစ်လာမလဲ

  • Earth
ကမ္ဘာ့ ဗဟို အူတိုင် အေးခဲသွားခဲ့ရင် ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်လာနိုင် ပါတယ်

ကမ္ဘာ့ အတွင်းပိုင်း အလယ်ဗဟိုက အူတိုဟာ အလွန်ကို ပူပြင်းတဲ့ နေရာ ဖြစ်ပါတယ်။

ကမ္ဘာ့မြေပြင်မှာ နှင်းကျပြီး အေးစက်နေတဲ့ နေရာတွေ ရှိနေပေမယ့် ကမ္ဘာ့ အတွင်းပိုင်း ကတော့ အနက်ပိုင်း ရောက်လေလေ အပူချိန် မြင့်တက်လာ လေလေပဲ ဖြစ်ပါတယ်။

ကမ္ဘာ့မြေလွှာဖွဲ့စည်းပုံ

ကမ္ဘာ့ မြေထုကို အလွှာလွှာ အထပ်ထပ်နဲ့ ဖွဲ့စည်း ထားပါတယ်။ အတွင်းဆုံး ဗဟို အူတိုင်ကနေ မြေမျက်နှာ ပြင်ထိ အလွှာတွေကို ကြည့်မယ်ဆို ကြက်ဥ တစ်လုံးနဲ့ ခပ်ဆင်ဆင် တူတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။

အခဲ ဖြစ်နေတဲ့ ဗဟို (အတွင်း) အူတိုင် (Solid inner core)

အရည်ပျော် နေတဲ့ အပြင်အူတိုင် (molten outer core)

အကာ (Earth Mantle) – ဒီ အကာက အများစုက အခဲ အနေနဲ့ ရှိနေပါတယ်။ အလွန် ထူထဲပြီး ကမ္ဘာ့ မြေသားထုရဲ့ ၈၄ ရာခိုင်နှုန်းလောက်က ဒီ အကာ အနေနဲ့ ရှိနေပါတယ်။ ဒီအလွှာမှာ အခဲ ဆိုတာ ကျောက်သားလို မာကျောနေတဲ့ အခဲမျိုးထက် ကျောက်ကျောလို ခဲနေတာ မျိုးနဲ့ ပိုတူပါတယ်။ ဒါ့ကြောင့် ဒီအလွှာက ကျောက်နဲ့ သတ္တုတွေဟာ ဂျယ်လီလို နေရာ ရွေ့လျား နိုင်ကြပါတယ်

အခွံ (Crust) – ဒီ အခွံဟာ အလွန် ပါးလျာပြီး အထူအားဖြင့် ၅ ကီလိုမီတာ ကနေ ၅၀ ကီလိုမီတာ အကြားပဲ ရှိပါတယ်။

ကမ္ဘာမြေကို အဓိက အလွှာ ၄ လွှာနဲ့ ဖွဲ့စည်းထားပါတယ်။ (Photo: Wikipedia)

အပြင် အူတိုင်

အရည်ပျော် နေတဲ့ အပြင်အူတိုင် (Outer Core) ကို အဓိကကတော့ သံနဲ့ နစ်ကယ် သတ္တုတွေနဲ့ ဖွဲ့စည်းထားတာပါ။

ဒီ အပြင်အူတိုင်ဟာ အတွင်း အူတိုင်နဲ့ ကျောက်သားနဲ့ ဖွဲ့စည်းထားတဲ့ အပေါ်ယံ အကာ ကြားထဲမှာ ကြားခံ အနေနဲ့ ဆောင်ရွက်ပေးပါတယ်။

သူ့ရဲ့ အနက်က ကမ္ဘာ့ မျက်နှာပြင်ကနေ မိုင် ၁,၈၀၂ မိုင်ခန့် အနက်မှာ တည်ရှိပြီး ဒီနေရာကနေ အောက်ကို မိုင် ၁,၃၆၇ မိုင် အနက်ထိ ထူပါတယ်။

အပြင်အူတိုင်ရဲ့ အပူချိန်ဟာ ၄,၅၀၀ ကနေ ၅,၅၀၀ ဒီဂရီ စင်တီ ဂရိတ်လောက်ထိ ရှိမယ်လို့ ခန့်မှန်းပါတယ်။

သူ့ရဲ့ အပူဆုံး အပိုင်းတွေမှာဆို ၆,၀၀၀ ဒီဂရီ စင်တီဂရိတ် လောက်ထိတောင် ရှိပါတယ်။ ဒီ အပူချိန်ဟာ နေရဲ့ မျက်နှာပြင် အပူချိန်နဲ့ အတူတူ လောက်ပဲ ဖြစ်ပါတယ်။

ဒီ အပူချိန်မှာ အပြင်အူတိုင်ထဲမှာ အဓိက ဖွဲ့စည်းထားတဲ့ သံ နဲ့ နစ်ကယ် သတ္တုတွေဟာ အရည် ပျော်နေ ကြပါတယ်။ ဒီလို အရည် ပျော်နေတာကြောင့် ဒီ သံ တွေ နစ်ကယ် ပျော်ရည် တွေဟာ အထဲမှာ ရေစီးကြောင်း တွေလိုမျိုး စီးဆင်းနေ ကြပါတယ်။

ဒီလို သံရည်ပူ စီးကြောင်းတွေ စီးဆင်းနေတာကြောင့် ကမ္ဘာ့ သံလိုက် စက်ကွင်း ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

အတွင်း အူတိုင်

အတွင်း အူတိုင်ကတော့ အခဲ ဖြစ်နေတဲ့ သံတုံးကြီးပါ။ သူ့ရဲ့ အရွယ်အစား ကတော့ အချင်းဝက် မိုင်ပေါင်း ၇၆၀ ရှိပါတယ်။ ဒါဟာ ကမ္ဘာ့ အချင်းဝက်ရဲ့ ၂၀ ရာခိုင်နှုန်း (၅ ပုံ ၁ ပုံလောက်) ထူတာပါ။ 

အတွင်း အူတိုင်ရဲ့ အပူချိန်ဟာ အပြင်အူတိုင်လောက် ပူပြင်းခြင်း မရှိပါဘူး။ သူ့ရဲ့ ပျမ်းမျှ အပူချိန်ဟာ ၅,၂၀၀ ဒီဂရီ စင်တီဂရိတ် လောက် ရှိပါတယ်။ ဒီ အတွင်းအူတိုင်ရဲ့ ဖိအားကတော့ ပင်လယ် ရေမျက်နှာပြင်က ဖိအားရဲ့ အဆပေါင်း ၃.၆ သန်းလောက် ရှိပါတယ်။

အတွင်းအူတိုင်ရဲ့ အပူချိန်ဟာ သံရည်ပျော် မှတ်ထက် ပိုပူပါတယ်။ ဒါပေမယ့် ဒီ အလွှာက သံတွေဟာ အရည် အဖြစ် ရှိမနေ ကြပဲ အခဲ အနေနဲ့ ရှိနေ ကြတာပါ။

ဒီလို ဘာ့ကြောင့် ဖြစ်ရသလဲ ဆိုတော့ အတွင်း အူတိုင်ရဲ့ ဖိအားက အလွန် များတာမို့ သံကို အရည် ပျော်မသွားအောင် တားဆီးပေးထားလို့ပဲ ဖြစ်ပါတယ်။ 

ဒီ အတွင်းအူတိုင်က သံလုံးကြီးနဲ့ ကမ္ဘာ့ အပေါ်ယံ လွှာကြားထဲမှာ အရည်ပျော်နေတဲ့ အပြင် အူတိုင်က ခံနေပါတယ်။ ဒါ့ကြောင့် အတွင်းအူတိုင်ရဲ့ လည်နှုန်းဟာ အပြင်က ကမ္ဘာ လည်နှုန်းနဲ့ နည်နည်းလေး လွဲနေပါတယ်။

အတွင်းအူတိုင်က သံလုံးကြီးဟာ ကမ္ဘာလည်နှုန်းထက် နည်းနည်းလေး ပိုမြန်နေပါတယ်။ ဒါ့ကြောင့် နှစ် ၁,၀၀၀ တိုင်းမှာ အပြင် ကမ္ဘာထက် တစ်ပတ် ပိုပြီး လည်ပါတယ်တဲ့။

ကမ္ဘာ့ ဗဟိုက အတွင်းအူတိုင်ရဲ့ အရွယ်အစားဟာ ဖြည်းဖြည်းချင်း ကြီးလာနေတယ်လို့ ယူဆကြပါတယ်။ သိပ်အများကြီးတော့ မဟုတ်ပါဘူး။ နှစ် ၁,၀၀၀ မှာမှ ၁ စင်တီမီတာပဲ ထူလာတာပါ။

ဒီလို ဖြစ်ရတာက အတွင်းအူတိုင်နဲ့ အပြင်အူတိုင် ထိတွေ့တဲ့ နေရာက သံရည်ပူတွေရဲ့ အပူချိန် လျှော့လာလို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ အလယ်ဗဟို အူတိုင် လုံးဝ အေးခဲသွားဖို့ ဆိုတာကတော့ အချိန် အရမ်းကို ကြာဦးမှာ ဖြစ်ပါတယ်။ အကယ်လို့ အပြင် အူတိုင်ရဲ့ အပူချိန်ဟာ သံရည်ပျော်တဲ့ အပူချိန်ရဲ့ အောက်ကို ကျဆင်း လာမယ် ဆိုရင်တော့ ဒီအလွှာမှာ အရည်ပျော် နေတဲ့ သံတွေ နစ်ကယ် တွေဟာ အခဲ အဖြစ်ကို ကူးပြောင်းသွားမှာ ဖြစ်ပါတယ်။ 

ဒီလို အခဲအဖြစ် ကူးပြောင်းသွားရင် ကမ္ဘာ့ အတွင်းပိုင်းက သံရည်ပူ စီးကြောင်းတွေလဲ ပျောက်ဆုံးသွားမှာ ဖြစ်ပါတယ်။ သံရည်ပူ စီးကြောင်းတွေ ပျောက်ဆုံး သွားတာနဲ့ အတူ ကမ္ဘာ့ သံလိုက် စက်ကွင်းဟာလဲ ပျောက်ဆုံး သွားမှာပါ။

ကမ္ဘာ့သံလိုက်စက်ကွင်းပျောက်ဆုံးသွားရင်ဘာဖြစ်လာမလဲ

နေကနေ လျှပ်စစ်ဓါတ်အား ဝင်နေတဲ့ အမှုန်လေးတွေဟာ ဆိုလာလေ အနေနဲ့ ပုံမှန် တိုက်ခတ် နေပါတယ်။ ဒီ အမှုန် လေးတွေဟာ ကမ္ဘာ့လေထုထဲကို ဝင်ရောက်လာရင် လေထုထဲက ဓါတ်ငွေ့တွေကို အာကာသ ထဲကို တိုက်ခတ် ယူဆောင် သွားနိုင်ပါတယ်။

အထူးသဖြင့် ကမ္ဘာ့ လေထု အပေါ်ယံလွှာမှာ ရှိတဲ့အိုဇုန်းလွှာကို တိုက်စား သွားမှာ ဖြစ်တဲ့ အတွက် ကမ္ဘာပေါ်က သက်ရှိတွေကို အန္တရာယ် ပေးနိုင်တဲ့ ခရမ်းလွန် ရောင်ခြည်တွေ အမြောက်အများ ကမ္ဘာပေါ်ကို ကျရောက်လာ နိုင်မှာ ဖြစ်ပါတယ်။ (အိုဇုန်းလွှာက ခရမ်းလွန် ရောင်ခြည်ကို စုပ်ယူထားပြီး အကာအကွယ် ပေးထားပါတယ်။)

ဒါ့အပြင် ဒီ ဆိုလာလေ ဟာ ကမ္ဘာ့လေထုကိုလဲ တဖြည်းဖြည်း တိုက်စားသွားမှာ ဖြစ်ပါတယ်။ သိပ္ပံ ပညာရှင် တွေက မားစ် ဂြိုဟ်ပေါ်မှာ တချိန်က လေထု ရှိခဲ့ ပေမယ့်လဲ ဒီ လေထုဟာ ဆိုလာလေရဲ့ တိုက်ခတ်မှုကြောင့် အာကာသထဲ လွင့်စင် သွားရတယ်လို့ ဆိုပါတယ်။ (မားစ်မှာ သံလိုက်စက်ကွင်း မရှိပါဘူး။)

ကမ္ဘာ့ သံလိုက် စက်ကွင်းဟာ ဒီ ဆိုလာလေ ကမ္ဘာပေါ်ကို မကျရောက် လာနိုင်အောင် အကာအကွယ် ပေးထားပါတယ်။

နေက လာတဲ့ ဆိုလာလေ မှာ ပါလာတဲ့ လျှပ်စစ်ဓါတ်ဆောင် အမှုန်တွေဟာ ကမ္ဘာ့ သံလိုက်စက်ကွင်းရဲ့ အကာအကွယ် ပေးထားမှုကြောင့် ကမ္ဘာပေါ်ကို မကျရောက် နိုင်ပဲ အာကာသထဲကို လွင့်စင် ထွက်သွား ရပါတယ်။

အကယ်၍ ကမ္ဘာ့ အတွင်းပိုင်း အူတိုင် အေးခဲသွားလို့ သံလိုက်စက်ကွင်း ပျောက်ဆုံးသွား ခဲ့ရင် နေက တိုက်ခတ်လာတဲ့ ဆိုလာလေ ရဲ့ ရန်ကနေ ကမ္ဘာကို အကာအကွယ် ပေးနိုင် တော့မှာ မဟုတ်ပါဘူး။

ဒီအခါ အန္တရာယ် ရှိတဲ့ ခရမ်းလွန် ရောင်ခြည်တွေ ကမ္ဘာပေါ်ကို ကျရောက်ပြီး လူနဲ့ သက်ရှိတွေ အန္တရာယ် ကျရောက်လာမှာ ဖြစ်ပါတယ်။

သံလိုက် စက်ကွင်း မရှိတော့တဲ့နောက် ကမ္ဘာ့ လေထုဟာလဲ တဖြည်းဖြည်း ဆိုလာလေရဲ့ တိုက်စားမှုကြောင့် အာကာသ ထဲကို လွင့်စင် ထွက်သွား ရမှာ ဖြစ်ပါတယ်။ ဒီလို လေထု လွင့်ပါး သွားတာနဲ့ အတူ ကမ္ဘာ့ ပင်လယ်ကြီး တွေလဲ ခမ်းခြောက်သွားမှာ ဖြစ်ပါတယ်။

ကမ္ဘာ ပြင်ပက ရောက်လာမယ့် ရေဒီယို လှိုင်းတွေကြောင့်လဲ ကမ္ဘာ့ လေထု ပူနွေး လာလိမ့်မယ်လို့ အချို့ ပညာရှင် များက ခန့်မှန်းပါတယ်။ အပူချိန်ဟာ အလွန် ပူပြင်း လာမှာမို့ သက်ရှိ အများစုလဲ သေကြေ ပျက်စီး ကုန်မယ်လို့ ဆိုပါတယ်။

သံလိုက်စက်ကွင်း ပျက်စီးပြီး  နှစ်သန်းပေါင်း အနည်းငယ် အကြာမှာတော့ ကမ္ဘာမြေဟာ အင်္ဂါဂြိုဟ် (မားစ်ဂြိုဟ်) ရဲ့ မျက်နှာပြင်လို သံလိုက် စက်ကွင်း မရှိ လေထု မရှိတဲ့ ဂြိုဟ်သေကြီး တစ်ခု အဖြစ် ကျန်ရစ် ခဲ့မှာ ဖြစ်ပါတယ်။                                                                                                                                                                                                                                                                                                    

Reference:
What If Earth’s Core Cooled Down? | How Stuff Works
Earth’s inner core | Wikipedia

Advertisement