Skip to content

စွန့်ပစ် ပလတ်စတစ်နဲ့ လုပ်တဲ့ အုတ်ခဲ

စွန့်ပစ် ပလတ်စတစ်တွေကို သဲနဲ့ရောပြီး အုတ်လုပ်ပါတယ်

ကင်ညာနိုင်ငံသူ ဖြစ်တဲ့ နဇမ်ဘီ မာတီး ဟာ ကင်ညာ ရေနံ ကုမ္ပဏီ တခုက data analyst တယောက် ဖြစ်ပါတယ်။ ဒါပေမယ့် အသက် ၂၆ နှစ် အရွယ်မှာ ဝင်ငွေကောင်းတဲ့ ဒီအလုပ်ကနေ ထွက်လိုက်ပါတယ်။ ထွက်ရတဲ့ ရည်ရွယ်ချက်ကတော့ ကမ္ဘာပေါ်မှာ ခေါင်းအခဲရဆုံး ပြဿနာ တစ်ခုကို ဖြေရှင်းချင်လို့ပါပဲ။ ဒါကတော့ ကပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေ ရှင်းလင်းရေး ပြဿနာ ပါပဲ။

၃ နှစ်ကြာ ကြိုးစား အပြီးမှာတော့ နဇမ်ဘီ ဟာ ဂျန်ဂီ ထုတ်လုပ်ရေး (Gjenge Makers) စက်ရုံရဲ့ ပိုင်ရှင်တစ်ယောက် ဖြစ်လို့ လာပါတယ်။ ဒီစက်ရုံက ပလပ်စတစ် စွန့်ပစ် ပစ္စည်းတွေကနေ ဆောက်လုပ်ရေး လုပ်ငန်းသုံး အုတ်ခဲပြားတွေ ထုတ်လုပ်တဲ့ စက်ရုံ ဖြစ်ပါတယ်။ ဒီစက်ရုံက ထုတ်လုပ်တဲ့ အုတ်ခဲပြားတွေကို လမ်းဘေးက လူသွားလမ်းတွေ ခင်းတဲ့နေရာမှာ အသုံးပြုတာပါ။

သူမရဲ့ ပလတ်စတစ် အုတ်ခဲပြား တွေဟာ ပလတ်စတစ် စွန့်ပစ်ပစ္စည်း ပြဿနာကိုတင် ရှင်းပေးနိုင်တာ မဟုတ်ပါဘူး။ ဒီ ပလတ်စတစ် အုတ်ခဲပြားတွေဟာ ပိုမိုမာကျောပြီး ပိုလဲ အကြမ်းခံနိုင်ပါတယ်။ ဒါ့အပြင် ကွန်ကရစ် လမ်းခင်းအုတ်ခဲပြား တွေထက် ပိုမိုပေါ့ပါးတဲ့ အပြင် ဈေးကလဲ ကွန်ကရစ်ပြားထက် သက်သာပါသေးတယ်။

ပလပ်စတစ်စွန့်ပစ်ပစ္စည်းများအားပြန်လည်အသုံးချခြင်း

ကမ္ဘာပေါ်မှာ တနှစ်ကို ပလတ်စတစ် တန်ချိန် သန်း ၃၈၀ ထုတ်လုပ်ပါတယ်။ အဲ့သည် အထဲကမှ ပြန်ပြီး recycle လုပ် အသုံးချတာက ၁၀% တောင်မှ မရှိပါဘူး။ 

ပလတ်စတစ် စွန့်ပစ်ပစ္စည်း အများစုက သမုဒ္ဒရာ ထဲမှာ ဖြစ်စေ၊ မြေကြီးထဲမှာ ဖို့မြေတွေ အဖြစ် ဖြစ်စေ ရောက်ရှိသွားပါတယ်။ ပလတ်စတစ်က ယိုယွင်းပျက်စီးဖို့ အချိန်ကြာတဲ့ အတွက် တော်တော်နဲ့ မပျက်စီးပါဘူး။ ဒီ ပလတ်စတစ် စွန့်ပစ် ပစ္စည်းတွေဟာ သဘာဝ ပတ်ဝန်းကျင်နဲ့ တောရိုင်းတိရိစ္တာန်တွေ၊ ပင်လယ်တွင်းက သက်ရှိတွေကို အကြီးအကျယ် ထိခိုက် ပျက်စီးစေပါတယ်။

မာတီး ဟာ ကင်ညာနိုင်ငံရဲ့ မြို့တော် နိုင်ရိုဘီမှာ နေထိုင်သူ ဖြစ်ပါတယ်။ နိုင်ရိုဘီ မြို့ဟာ တစ်ရက်ကို ပလတ်စတစ် စွန့်ပစ်ပစ္စည်း တန်ချိန် ၅၅၀ တောင်မှ ထွက်ပါတယ်။ မြို့ပေါ်က လမ်းတွေပေါ်မှာဆို စွန့်ပစ်ထားတဲ့ ပလတ်စတစ်အုပ်ခွံတွေ ပြန့်ကျဲနေတာပါ။ ဒီလို ပြန့်ကျဲနေတဲ့ ပလတ်စတစ်အိပ်ခွံတွေကို နေ့စဉ် တွေ့မြင်နေရလို့ ဒီ လုပ်ငန်းကို စတင် လုပ်ဖြစ်သွားတာလို့ သူမက ပြန်ပြောပြပါတယ်။

ပထမ စစချင်း အလုပ်က ထွက်စမှာ သူမ ဆောင်းထားတဲ့ ပိုက်ဆံ အနည်းငယ်နဲ့ သုတေသန ဓါတ်ခွဲခန်းလေး တစ်ခုကို သူမမိခင်ရဲ့ အိမ်နောက်ဖေးမှာ တည်ထောင်လိုက်ပါတယ်။ အဲ့သည်မှာ ပလတ်စတစ်နဲ့ သဲနဲ့ စပ်ပြီး ပလတ်စတစ် အုတ် ပြုလုပ်ဖို့ စတင်စမ်းသပ် ခဲ့တာပါ။

“အပြင်ကိုလဲ မထွက်တော့ဘူး။ သူငယ်ချင်းတွေနဲ့လဲ လျောက်မသွား တော့ဘူး။ တစ်နှစ်လောက် ဒီအလုပ်ထဲမှာပဲ နှစ်ထားလိုက်တယ်လေ။ ရှိသမျှ စုဆောင်းငွေ လေးတွေလဲ ဒီအထဲပဲ ဝင်သွားတာပါပဲ” လို့ သူမက ပြန်ပြောပြခဲ့ပါတယ်။

ဒီလို ကြိုးစားနေတုန်းမှာ ကော်လိုရားဒိုး တက္ကသိုလ်မှာ Social Entrenreneurship ဘာသာရပ် တက်ရောက်ဖို့  ပညာသင်ဆု ရရှိခဲ့ပါတယ်။ အဲ့သည်မှာ သွားတက်တော့ သူမ ပြုလုပ်ထားတဲ့ အုတ်ခဲ နမူနာလေးကို ယူသွားခဲ့ပါတယ်။ ပြီးတော့ တက္ကသိုလ်က ဓါတ်ခွဲခန်းမှာ ဆက်ပြီး သုတေသန စမ်းသပ်မှုတွေ ဆက်လက် ပြုလုပ်ခဲ့ပါတယ်။

တက္ကသိုလ်မှာ တက်ရောက် ပညာသင်ကြားနေတုန်းမှာလဲ ဒီအုတ်ခဲပြားတွေ ထုပ်လုပ်ဖို့ စက်ကို သူမကိုယ်တိုင်ပဲ ဒီဇိုင်းရေးဆွဲ ခဲ့ပါတယ်။

“အုတ်ခဲ တလုံး ဘယ်လို လုပ်ရမလဲ ဆိုတာ သိရင် အုတ်ခဲ အလုံး ၁၀၀၀ ကို ဘယ်လို လုပ်ရမလဲ ဆိုတာကိုလဲ သိဖို့ လိုတယ်လေ” လို့ သူမက ပြန်ပြောင်းပြောပြ ပါတယ်။

ပလတ်စတစ်အုတ်များထုတ်လုပ်ခြင်း

သူမရဲ့ စက်ရုံကနေ ယခုအခါ တစ်ရက်ကို အုတ်ခဲပြား အချပ် ၁,၅၀၀ ထုတ်လုပ်ပါတယ်။ ဒီအုတ်ခဲပြားတွေ ပြုလုပ်တဲ့ ပလတ်စတစ် စွန့်ပစ် ပစ္စည်း အများစုကို ထုပ်ပိုးပစ္စည်း ထုတ်လုပ်တဲ့ စက်ရုံတွေကနေ အခမဲ့ လှူဒါန်းတာ ဖြစ်ပါတယ်။

“စက်ရုံတွေက ဒီ ပလတ်စတစ် စွန့်ပစ် ပစ္စည်းတွေကို စွန့်ပစ်ဖို့ဆိုရင် အမှိုက်သိမ်းတဲ့ လုပ်ငန်းတွေကို ငွေပေးရတယ်လေ။ အခုလိုဆိုတော့ သူတို့လဲ သက်သာ သွားတာပေါ့” လို့ သူမက ပြောပါတယ်။

စက်ရုံကို ရောက်လာတဲ့ ပလတ်စတစ် စွန့်ပစ် ပစ္စည်းတွေကို ပထမဆုံး အရင် ညက်သွားအောင် ကျိတ်ပစ်ရပါတယ်။ ပြီးရင် သဲနဲ့ ရောပြီး အပူပေးရပါတယ်။ ပြီးရင် ဒီ မိုထဲ လောင်းထည့်ပြီး ဖိပြီး အအေးခံ ရပါတယ်။ 

လက်ရှိမှာ စက်ရုံက ထုတ်တဲ့ အုတ်ခဲပြားတွေကို အထူ ၃ မျိုးနဲ့ ထုတ်လုပ်ပါတယ်။ နောက်ပြီး အုတ်ခဲပြားကိုလဲ အရောင်စုံ စိတ်ကြိုက် ဝယ်ယူနိုင်ပါတယ်။ ထူတဲ့ အုတ်ပြားတွေက ပိုပြီး ခံနိုင်ရည် အားကောင်းပါတယ်။ ဒါပေမယ့် အပါးဆုံး အုတ်ကတောင် ကွန်ကရစ်ထက် ဝန်ခံနိုင်အား ၂ ဆ ပိုများပါတယ်။

“ပလတ်စတစ်က ပိုလီမာ (Polymer) လေ။ သူက ချည်မျှင် ယက်ထားသလိုပဲ ဆိုတော့ ကွေးအားကို ပိုခံနိုင်ပါတယ်။ ကွန်ကရစ်လိုလဲ ကျွတ်မနေဘူး။ နောက်ပြီး ကွန်ကရစ်လို အတွင်းမှာ အပေါက်လေးတွေလဲ ဖြစ်မနေဘူး။ ဒါ့ကြောင်မို့လဲ ကွန်ကရစ် ပြားတွေလို အလွယ်တကူ မကျိုးနိုင်တာပါ။”

ဒီ ပလတ်စတစ် အုပ်တွေက ကွန်ကရစ်ထက် ဈေးသက်သာပြီး ပိုမို မာကျော တဲ့ အပြင် အလေးချိန်ကလဲ တဝက်လောက်ပဲ လေးပါတယ်။ အဲ့သည်တော့ ဒီအုတ်တွေကို သယ်ယူပို့ဆောင်တဲ့ ကုန်ကျစားရိတ်လဲ သက်သာစေပါတယ်။

ထုတ်လုပ်မှုတိုးချဲ့ခြင်း

သူမရဲ့ ပလတ်စတစ် အုပ်စက်ရုံကနေ အလုပ်သမား စုစုပေါင်း ၁၁၂ ယောက်ကို အလုပ်ပေးနိုင်ခဲ့ပါတယ်။ သူမရဲ အလုပ်သမား အများစုက အမျိုးသမီးတွေနဲ့ လူငယ်တွေ ဖြစ်ကြပါတယ်။ ပြီးတော့ ပလတ်စတစ် စွန့်ပစ်ပစ္စည်း တန်ချိန် ၂၂ တန်ကျော်ကိုလဲ ပြန်လည် အသုံးချနိုင် ခဲ့ပါတယ်။

သူမရဲ့ စက်ရုံက ထုတ်လုပ်တဲ့ အုတ်တွေကို နေရာ အမျိုးမျိုးမှာ သုံးစွဲကြပါတယ်။ အိမ်တွေမှာ၊ အများပြည်သူ ကားရပ်နားရာ နေရာတွေ၊ ကျောင်းတွေ အစရှိသဖြင့် နေရာ အများအပြားမှာ သုံးစွဲကြပါတယ်။ လက်ရှိမှာတော့ မာတီး ဟာ သူမရဲ့ စက်ရုံက ထုတ်လုပ်မှုကို တိုးချဲ့နိုင်ဖို့ ကြိုးစားနေပါတယ်။ စက်အသစ်တွေ တပ်ဆင်ပြီးရင်တော့ အခု ထုတ်လုပ်မှုထက် ၃ ဆ ပိုပြီး ထုတ်လုပ်နိုင် လာမှာ ဖြစ်ပါတယ်။

သူမရဲ့ စွမ်းဆောင်မှုကြောင့် မာတီးဟာ ကုလသမဂ္ဂ သဘာဝ ပတ်ဝန်းကျင် အစီအစဉ် United Nations Environment Programme (UNEP) ရဲ့ ကမ္ဘာကြီးအတွက် လူငယ် ချံပီယံ (Young Champions of the Earth) တစ်ဦးအဖြစ် ၂၀၂၀ ခုနှစ်က ရွေးချယ်ခြင်း ခံခဲ့ရပါတယ်။

Reference: The plastic bricks are lighter, stronger, and cheaper than their concrete counterparts | Free Think

Advertisement