Skip to content

ကြယ် နဲ့ ဂြိုဟ် ဘာကွာသလဲ

  • Space
Solar system and planets

ကျွန်တော်တို့ စကြဝဠာ ကြီးထဲမှာ အရာဝတ္ထု ပစ္စည်း တွေ မရေ မတွက်နိုင်အောင် ရှိကြပါတယ်။ ဒီ အရာဝတ္ထု တွေထဲမှာ ကြီးမားတဲ့ ဂလက်ဆီ ကြယ်စု ကြီးတွေ၊ ကြယ်တွေ၊ black hole တွင်းနက်တွေ၊ ဂြိုဟ်တွေ၊ ကြယ်တံခွန်တွေ၊ ဂြိုဟ်သိမ် ဂြိုဟ်မွှားတွေ အစရှိသဖြင့် အမျိုးအစား အစုံစုံ ရှိကြပါတယ်။

ကျွန်တော့် ဆောင်းပါးတွေ အောက်က ကွန်မန့်တွေမှာ ကြယ်နဲ့ ဂြိုဟ် ဘာကွာလဲ ဆိုပြီး ခနခန လာမေး ကြပါတယ်။ ဒီ လို မေးတဲ့ သူ အတော်များတော့ ကြယ်နဲ့ ဂြိုဟ် ဘာကွာလဲ မသိတဲ့သူ အတော် များတာပဲ လို့ ယူဆ မိပါတယ်။

ဒီ ဆောင်းပါး မှာတော့ ကြယ်နဲ့ဂြိုဟ် ဘာကွာလဲ​ ဆိုတာ ရှင်းပြ ပေးပါမယ်။ ဒါ့အပြင် တဆက်ထဲ ကြယ်တွေ ဘယ်လို မွေးဖွားလာ ကြသလဲ၊ ဂြိုဟ်တွေ ဘယ်လို မွေးဖွားလာ ကြသလဲ၊ ကြယ်တစ်စင်းဟာ ဂြိုဟ် အဖြစ် ပြောင်းသွား နိုင်သလား စတာတွေ ကိုလဲ တဆက်ထည်း တင်ပြ ပေးသွားမှာ ဖြစ်ပါတယ်။

ရှေးက ကြယ်နဲ့ဂြိုဟ် ဘယ်လို ခွဲသိခဲ့ကြသလဲ

ငယ်ငယ်က သိပ္ပံ သင်ရရင် ကြယ်ဆိုတာက ကိုယ်ပိုင် အလင်းရောင် ရှိတယ်၊ ဂြိုဟ်တွေက ကိုယ်ပိုင် အလင်းရောင် မရှိဘူး ဆိုပြီး အလွတ် ကျက်ခဲဲ့ ကြတာ မှတ်မိ ပါလိမ့်အုံးမယ်။ ဒါပေမယ့် ဒီ အချက်ကို မသိမီ ရှေးခေတ် ကတဲက လူတွေ ကြယ် နဲ့ ဂြိုဟ် ခွဲပြီး သိခဲ့ ကြပါတယ်။ 

ဒါဆို ရှေးခေတ် နက္ခတ် ပညာရှင် တွေဟာ ဘယ်အချက် တွေကို ကြည့်ပြီး ဒါကတော့ ကြယ်၊ ဒါကတော့ ဂြိုဟ် ဆိုပြီး ခွဲခြားခဲ့ ကြတာပါလဲ။

ရှေးခေတ် နက္ခတ် ပညာရှင် တွေဟာ ကြယ်တွေ ဂြိုဟ်တွေရဲ့ သဘာဝကို မသိ ခဲ့ကြပါဘူး။ သူတို့ဆီမှာ အခုခေတ်လို နက္ခတ်ကြည့် မှန်ပြောင်းတွေလဲ မရှိကြ ဘူးလေ။ ဒီတော့ ကြယ်နဲ့ ဂြိုဟ်ကို ဒီတိုင် သာမန် မျက်စေ့နဲ့ ကြည့်ပြီး ခွဲခြားခဲ့ ကြတာ ဖြစ်ပါတယ်။

ရှေးခေတ် လူသားတွေဟာ ညဖက် ကောင်းကင်ကို ကြည့်ရင်း ကောင်းကင်မှာ မြင်နေရတဲ့ ကြယ်တွေ အနက်က အချို့သော ကြယ်တွေဟာ တနေရာ ထဲမှာ တသမတ်ထဲ မရှိပဲ နေရော ပြောင်းနေ ကြတာကို သတိ ပြုမိ ခဲ့ကြပါတယ်။ အချို့ ကြယ်တွေဟာ တစ်လနဲ့ တစ်လ တစ်ရာသီနဲ့ တစ်ရာသီ မတူညီတဲ့ နေရာတွေကို ရွှေ့ပြောင်းနေ တာကို သတိ ပြုမိ ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီနေရာမှ နေရာ ရွှေ့ပြောင်းတယ် ဆိုတာက ကောင်းကင်က ကြယ်တွေ ကြားထဲမှာ နေရာ တသမတ်ထဲ မရှိတာကို ပြောတာ ဖြစ်ပါတယ်။

ဒီတော့ ရှေးနက္ခတ် ပညာရှင် တွေဟာ ဒီလို နေရာ ရွှေ့ပြောင်းတဲ့ ကြယ်တွေကို “ဂြိုဟ်” ဆိုပြီး သီးသန့် ခွဲခြား သတ်မှတ် ခဲ့ကြပါတယ်။

သာမန် မျက်စေ့နဲ့ မြင်နိုင်တဲ့ ဂြိုဟ်ကြီး ၅ စင်း ရှိပါတယ်။ အဲ့တာ တွေကတော့ မာကျူရီ (ဗုဒ္ဓဟူး ဂြိုဟ်)၊ ဗီးနပ်စ် (သောကြာဂြိုဟ်)၊ မားစ် (အင်္ဂါဂြိုဟ်)၊ ဂျူပီတာ (ကြာသပတေးဂြိုဟ်) နဲံ စေတန် (စနေဂြိုဟ်) တို့ပဲ ဖြစ်ကြပါတယ်။ ဒီ ဂြိုဟ် တွေကို ရှေး နက္ခတ် ပညာရှင် တွေက သီးသန့် ခွဲခြားပြီး အလေးထား ခဲ့ကြပါတယ်။

ကြယ်နဲ့ဂြိုဟ် ဘာကွာလဲ ဆိုတာကို ဒီ ဗီဒီယိုမှာ အသေးစိတ် ရှင်းပြပေး ထားပါတယ်

ကြယ်ဆိုတာ ဘာလဲ

ကြယ်ဆိုတာ တကယ်ကတော့ ဓါတ်ငွေ့လုံးကြီး တစ်လုံးသာ ဖြစ်ပါတယ်။ ဒါပေမယ့် သာမန် ဓါတ်ငွေ့လုံး ကြီးနဲ့ မတူတာ ကတော့ ဒီ ဓါတ်ငွေ့လုံး ကြီးရဲ့အလယ်ဗဟို အူတိုင်ထဲမှာ nuclear fusion လို့ ခေါ်တဲ့ အဏုမြူ ဓါတ်ပေါင်းစပ်မှု ဖြစ်စဉ် ဖြစ်ပေါ် နေပါတယ်။ 

ဒီ nuclear fusion ဖြစ်စဉ်မှာ ဟိုက်ဒြိုဂျင် အက်တမ် ၄ လုံး ပေါင်းစပ်ပြီး ဟီလီယံ အက်တမ် တစ်လုံး ဖြစ်ပေါ် လာပါတယ်။ ဒီ ဖြစ်စဉ်မှာ လျော့နည်းသွားတဲ့ ဒြပ်ထုက စွမ်းအင် အဖြစ် ပြောင်းပြီး အလင်းနဲ့ အပူ ထွက်လာတာပဲ ဖြစ်ပါတယ်။

နောက်ပြီး ဒီ nuclear fusion ဖြစ်စဉ်မှာ ပိုမို လေးလံတဲ့ ဒြပ်စင်တွေ ဖြစ်ကြတဲ့ ကာဗွန်၊ အောက်ဆီဂျင်၊ နိုက်ထရိုဂျင် နဲ့ အခြား ဒြပ်စင်တွေ၊ သတ္တုတွေ အဖြစ်လဲ ပြောင်းလဲ ပေးနိုင်ပါတယ်။

စကြဝဠာ ထဲမှာ ကြယ် ဘယ်နှစ်လုံး ရှိမှန်း ဘယ်သူမှ မသိ ကြပါဘူး။ ကျွန်တော်တို့ရဲ့ Milky Way ဂလက်ဆီ တစ်ခုထဲတင် ကြယ်အလုံးပေါင်း ဘီလီယံ ၃၀၀ (သန်း ၃၀၀,၀၀၀) လောက် ရှိမယ်လို့ ခန့်မှန်း ထားကြပါတယ်။

ဂြိုဟ်ဆိုတာ ဘာလဲ

စကြဝဠာ အနှံ့မှာ ဂြိုဟ်တွေဟာ ကြယ်တွေထက် ပိုများလိမ့်မယ်လို့ ယူဆ ရပါတယ်။ အခုထိ တွေ့ပြီး သမျှ ကြယ်တိုင်း နီးပါးမှာ ဂြိုဟ်တစ်လုံးစီတော့ အနည်းဆုံး ရှိကြတယ် ဆိုတာကို နက္ခတ် ပညာရှင် တွေ့ရှိ ခဲ့ကြပါတယ်။ ဒီတော့ စကြဝဠာ အနှံ့က ဂြိဟ်အရေအတွက် စုစုပေါင်းဟာ ကြယ် အရေအတွက်ထက် ပိုများမယ်လို့ ယူဆ နိုင်ပါတယ်။

ဂြိုဟ်ဆိုတာ ဘာလဲ ဆိုတာနဲ့ ပါတ်သက်လို့ အတိအကျ သတ်မှတ်ဖို့ ခက်ခဲပါတယ်။ အရင်က ဂြိုဟ်အနေနဲ့ သတ်မှတ်ခဲ့တဲ့ ပလူတိုတောင် ရာထူး ပြုတ်ပြီး ဂြိုဟ်အဆင့်က လျှောကျခဲ့ ရသေးတာလေ။ ဒီတော့ ဂြိုဟ် သတ်မှတ်ချက် ကလဲ​ပြောင်းလဲနေမှာ ဖြစ်ပါတယ်။

ယခုလက်ရှိ အသုံးပြု နေတဲ့ ဂြိုဟ်အဆင့် သတ်မှတ်ချက် စည်းမျဉ်းအရ ဂြိုဟ်တစ်စင်း ဟာ မိခင် ကြယ်ကို ပတ်နေရမယ်၊ လုံးဝန်းတဲ့ ပုံသဏ္ဍန် ရှိရမယ်၊ နောက်ပြီး အတိုင်းအတာ တစ်ခုအထိ ကြီးမားရမယ် လို့ သတ်မှတ် ထားပါတယ်။

ဂြိုဟ်တွေရဲ့ ဖွဲ့စည်းပုံကို ကြည့်မယ်ဆိုရင် ကျောက်ဆိုင် ကျောက်သား တွေနဲ့ ဖွဲ့စည်းထားတဲ့  ကမ္ဘာလို Rocky planet တွေနဲ့ ဓါတ်ငွေ့တွေနဲ့ ဖွဲ့စည်း ထားတဲ့ ဂျူပီတာ လို gas giant ဂြိဟ်တွေ ဆိုပြီး နှစ်မျိုးနှစ်စား ရှိကြပါတယ်။ Rocky planet တွေဟာ အရွယ်အစား အားဖြင့် သေးငယ်ကြပြီး Gas giant ဓါတ်ငွေ့ဂြိုဟ် တွေကတော့ အရွယ်အစား ပိုမို ကြီးမား ကြပါတယ်။

ကြယ်တွေဘယ်လို မွေးဖွားလာသလဲ

ကြယ်တွေဟာ နက်ဗြူလာ (Nebula) လို့ခေါ်တဲ့ ဓါတ်ငွေ့ တိမ်တိုက်တွေရဲ့ အတွင်းမှာ မွေးဖွားလာ ကြပါတယ်။ ဒီ နက်ဗြူလာ တိမ်တိုက်တွေ အတွင်းမှာ ဆွဲငင်အားကြောင့် ဓါတ်ငွေ့တွေ ပိုမို သိပ်သည်းတဲ့ နေရာတွေ ဖြစ်ပေါ် လာပါတယ်။ ဒီ သိပ်သည်းတဲ့ နေရာတွေက ဆွဲငင်အားက ပိုအားကောင်း တာမို့ အနီး ပတ်ဝန်းကျင်က ဓါတ်ငွေ့တွေကို ဆွဲငင် ပါတယ်။ ဒီနည်းနဲ့ နှစ်ထောင်ပေါင်း များစွာ ကြာတဲ့ အခါမှာ ဓါတ်ငွေ့တွေ အများကြီး သိပ်သိပ်သည်းသည်း စုမိ လာကြပါတယ်။

ဒီလို စုမိ လာရာကနေ ဒြပ်ထုတွေ များသထက် များလာပြီး တချိန်ချိန်မှာ ဆွဲငင်အား အရမ်း ကြီးလာပြီး ဓါတ်ငွေ့တွေ သိပ်သိပ်သည်းသည်း စုစီးမိ လာပါတယ်။ ဒီအဆင့်ကို အကြိုကြယ် (protostar) လို့ ခေါ်ပါတယ်။

ဒီ အကြိုကြယ်ဟာ သူ့ရဲ့ ဆွဲငင်အားကြောင့် ပိုမို သိပ်သည်း လာပြီး အရွယ်လဲ​ပို သေးငယ် လာပါတယ်။ ဒီလို အရွယ် သေးငယ် လာတာနဲ့ အမျှ သူ့ရဲ့ ဝင်ရိုးပေါ် လည်ပတ်နှုန်း ကလဲ​ပိုပြီး မြန်လာပါတယ်။ ဒီလို သေးငယ်လာ တာနဲ့အမျှ ဗဟို အူတိုင်မှာ ရှိတဲ့ ဓါတ်ငွေ့တွေရဲ့ ဖိအားကလဲ များလာသလိ အပူချိန် ကလဲ မြင့်တက်လာပါတယ်။

ဗဟို အူတိုင်ရဲ့ အပူချိန် ဒီဂရီ စင်တီဂရိတ် ၁၅ သန်း လောက် ရှိလာတဲ့ အခါမှာ အပေါ်က ပြောခဲ့တဲ့ nuclear fusion အဏုမြူ ဓါတ်ပြုမှု စတင် ဖြစ်ပေါ် လာပါတယ်။ ဒီလို nuclear fusion စတင်တဲ့ အချိန်ဟာ အကြိုကြယ် (protostar) ကနေ ကြယ်အဖြစ် ပြောင်းလဲသွားတဲ့ အချိန်ပဲ ဖြစ်ပါတယ်။

ဒီ အဆင့်ဟာ ကြယ်တစ်စင်းရဲ့ ဘဝမှာ သက်တမ်း အရှည်ကြာ ဆုံး ကာလ ဖြစ်ပါတယ်။ ကြယ်တစ်စင်းဟာ သူ့ သက်တမ်းရဲ့ ၉၀% ကို ဒီအဆင့်မှာ ဖြတ်ကျော်ရတာ ဖြစ်ပါတယ်။

ဒီကာလမှာ ဟိုက်ဒြိုဂျင် အက်တမ် ၄ လုံးကနေ ဟီလီယံ အက်တမ် တစ်လုံး ဖြစ်အောင် ပြောင်းပေးတဲ့ nuclear fusion ကနေ စွမ်းအင်တွေ ထွက်လာပါတယ်။ ဒီ စွမ်းအင်တွေဟာ ဗဟိုကနေ အပြင်ဖက်ကို ဖြာပြီး ထွက်လာပါတယ်။ ဒီတော့ အပြင်ဖက်က ဓါတ်ငွေ့တွေ ဗဟိုကို အကုန် ပြိုမဆင်း လာအောင် တွန်းထား သလိုမျိုး ဖြစ်နေပါတယ်။

အကယ်လို့ ဒီ အပြင်ကို တွန်းထားတဲ့ အား သာ မရှိခဲ့ရင် ကြယ်တစ်စင်းရဲ့ အကာမှာ ရှိတဲ့ ဓါတ်ငွေ့တွေ အားလုံးဟာ ဗဟို အူတိုင်ကို ပြိုဆင်း လာကြမှာ ဖြစ်ပါတယ်။ ဒီလိုသာ ဖြစ်ခဲ့ရင် ဒီ ကြယ်ဟာ သေဆုံးသွားမှာ ဖြစ်ပါတယ်။

ဂြိုဟ်တွေဘယ်လို ဖြစ်လာကြသလဲ

အပေါ်မှာ ပြောခဲ့ သလိုပဲ ကြယ်တစင်းရဲ့ ဗဟိုမှာ nuclear fusion  အဏုမြူ လောင်ကြွမ်းမှု စဖြစ်တဲ့ အချိန်မှာ ဒီကြယ်ဟာ protostar အဆင့်ကနေ main sequence star အဖြစ်ကို ကူးပြောင်း သွားရပါမယ်။ တနည်းအားဖြင့်တော့ ကြယ် အပျိုဖော် ဝင်တာ ပေါ့ဗျာ။ 

ဒီလို ပြောင်းလဲသွားတဲ့ ဖြစ်စဉ်မှာ ကြယ်ကနေ အလွန် ပူပြင်းတဲ့ ဆိုလာလေပူတွေ တိုက်ခတ် လာပါတယ်။ ဒီ ဆိုလာလေ (solar wind) ကြောင့် ကြယ်သစ်ရဲ့ ပတ်ခြားလည်မှာ ပတ်နေကြတဲ့ ဓါတ်ငွေ့နဲ့ ဖုန်မှုန့်တွေဟာ တစ်ခုနဲ့ တစ်ခု ပူးသွားပြီး အရွယ်အစား တဖြည်းဖြည်း ကြီးမား လာခဲ့ပါတယ်။

ဒီ အစိတ်အပိုင်း လေးတွေ တဖြည်းဖြည်း စုစည်းမိပြီး ဂြိုဟ်တွေ ဖြစ်လာကြတာ ဖြစ်ပါတယ်။ မိခင်ကြယ်နဲ့ ဝေးတဲ့ နေရာက ဂြိုဟ်တွေဟာ အများအားဖြင့် ဓါတ်ငွေ့ဂြိုဟ်ကြီးတွေ (gas giant) တွေ အဖြစ် ဖြစ်ထွန်းလာတတ် ကြပါတယ်။ မိခင်ကြယ်နဲ့ နီးကပ်ပြီး ပူပြင်းတဲ့ ဂြိုဟ်တွေကတော့ အများအားဖြင့် ကျောက်သား နဲ့ ဖွဲ့စည်းတဲ့ ဂြိုဟ်တွေ ဖြစ်လာ ကြပါတယ်။

ကြယ်နဲ့ဂြိုဟ် အဓိက ကွာခြားချက်

အထက်မှာ ပြောခဲ့သလို ကြယ်တွေဟာ ဓါတ်ငွေ့တွေနဲ့ ဖွဲ့စည်းထားပြီး အဏုမြူ လောင်ကြွမ်းမှု ဖြစ်စဉ်ကနေ အပူနဲ့ အလင်း ထွက်ပြီး ဂြိုဟ်တွေမှာတော့ ဒီလို ဖြစ်စဉ် မရှိတာမို့ ကိုယ်ပိုင် အပူနဲ့ အလင်း မထုတ်ပေးနိုင် ကြပါဘူး။

နောက်ပြီး ကြယ်နဲ့ ဂြိုဟ် မွေးဖွားလာပုံ ကွာခြားတာကိုလဲ ရှင်းပြ ခဲ့ပြီး ပါပြီ။

နောက်ထပ် အရေးကြီးတဲ့ ကွာခြားချက် တခုကတော့ အရွယ်အစား ပဲ ဖြစ်ပါတယ်။ 

ကြယ်တွေဟာ ဂြိုဟ်တွေထက် အဆများစွာ အရွယ်အစား ပိုကြီး ကြပါတယ်။ အရွယ်တင် ပိုကြီးတာ မဟုတ်ပဲ ကြယ်တွေရဲ့ ဒြပ်ထု ပမာဏ ဟာလဲ ဂြိုဟ်တွေထက် အဆ များစွာ ပိုပါတယ်။

ဥပမာ ပြောရရင် ကြယ်တွေရဲ့ ပျမ်းမျှ အရွယ်အစားဟာ ကီလိုမီတာ ၁.၄ သန်း အချင်း ရှိပြီး ဂြိုဟ်တွေရဲ့ ပျမ်းမျှ အရွယ်အစား ကတော့ အချင်း ကီလိုမီတာ ၁၅,၀၀၀ ပဲ ရှိကြပါတယ်။

ကြယ်တစ်စင်းဟာ ဂြိုဟ်အဖြစ် ပြောင်းသွားနိုင်သလား

ကြယ်တွေနဲ့ ဂြိုဟ်တွေဟာ တစ်ခုနဲ့ တစ်ခု သဘောသဘာဝခြင်း အလွန်ပဲ ကွာခြားပါတယ်။ ဒါပေမယ့် နက္ခတ် ပညာရှင် တွေဟာ ကြယ်အဖြစ် ကနေ ဂြိုဟ်အဖြစ် ပြောင်းသွားနိုင်တဲ့ ကြယ်အမျိုးအစား တစ်မျိုးကို ရှာဖွေ တွေ့ရှိ ထားကြပါတယ်။

ကြယ်ညိုပု (Brown dwarf) လို့ ခေါ်တဲ့ ဒီ ကြယ်တွေဟာ အရွယ်အစား အားဖြင့် အလွန် သေးငယ်တဲ့ ကြယ်အမျိုးအစား ဖြစ်ပါတယ်။ ဘယ်လောက်တောင် သေးသလဲ ဆိုရင် ဂျူပီတာ ဂြိုဟ်နဲ့ အရွယ်အစား သိပ်မကွာ ကြပါဘူး။

ဒီလို အရွယ် သေးငယ်ပေမယ့် သူတို့ကို ဂြိုဟ်လို့တော့ ပြောလို့ မရပြန် ပါဘူး။ ကြယ်ညိုပု တွေဟာ ကြယ်အဖွဲ့အစည်းရဲ့ ဗဟိုမှာ ရှိနေပြီး သူတို့ကို ပတ်နေတဲ့ ဂြိုဟ် သေးသေး လေးတွေလဲ ရှိတတ် ကြပါတယ်။ နောက်ပြီး သူတို့ရဲ့ ဒြပ်ထုကလဲ ဂြိုဟ်အများစုရဲ့ ဒြပ်ထုထက် ပိုပြီး ကြီးပါတယ်။

သူတို့ရဲ့ ဗဟို အူတိုင်မှာတော့ ပုံမှန် ကြယ်တွေလို ဟိုက်ဒြိုဂျင် ကနေ ဟီလီယံ ပြောင်းပေးတဲ့ အဏုမြူ လောင်ကြွမ်းမှု ဖြစ်မနေပါဘူး။ ဒါပေမယ် Brown dwarf တွေဟာ heavy hydrogen ခေါ်တဲ့ ဟိုက်ဒြိုဂျင် ဒြပ်လေး တွေကိုတော့ ဟီလီယံ အဖြစ် ပြောင်းပေး နိုင်ပါတယ်။ ဟိုက်ဒြိုဂျင် ဒြပ်လေး ဆိုတာက သာမန် ဟိုက်ဒြိုဂျင်ထက် နျူထရွန် အပိုပါတာမို့ ပိုလေးတဲ့ အက်တမ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဟိုက်ဒြိုဂျင် ဖြစ်ပါတယ်။

ဒါပေမယ့် ကြယ်တစင်းရဲ့ အတွင်းက heavy hydrogen ပမာဏက အကန့်အသတ် ရှိတာမို့ ဒီ ကြယ်တွေရဲ့ လောင်ကျွမ်းမှု ကလဲ သိပ်ကြာကြာ မခံပါဘူး။ ဒီ heavy hydrogen တွေ ကုန်ဆုံး သွားတဲ့ အခါမှာတော့ အဏုမြူ လောင်ကျွမ်းမှုလဲ ရပ်ဆိုင်း သွားမှာ ဖြစ်ပါတယ်။ 

ဒီလို ရပ်ဆိုင်း သွားချိန်မှာ Brown dwarf ဟာ ဂြိုဟ်အဖြစ် ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။

— မောင်သူရ —

Advertisement