Skip to content

မစ်ကီးဝေး ထဲမှာ လူသားတွေနဲ့ ဆက်သွယ်နိုင်တဲ့ သက်ရှိဂြိုဟ် ဘယ်နှစ်စင်း ရှိသလဲ

  • Space
Radio antenna tower

နက္ခတ် ပညာရှင် တွေဟာ မစ်ကီးဝေး ဂလက်ဆီ ထဲမှာ ဂြိုဟ် အသစ်တွေ တစ်လုံးပြီး တလုံး ရှာဖွေ တွေ့ရှိ နေကြပါတယ်။ နာဆာရဲ့ မှတ်တမ်းအရဆို အခုထိ မစ်ကီးဝေး ထဲမှာ ရှာတွေ့ခဲ့တဲ့ ဂြိုဟ်ပေါင်း အလုံး ၅,၀၀၀ ကျော်သွား ခဲ့ပါပြီ။ 

ဒီလို ဂြိုဟ်သစ်တွေ ရှာဖွေ တွေ့ရှိ လာတာနဲ့ အမျှ သက်ရှိတွေ အသက်ရှင် သန်ဖို့ ဖြစ်နိုင်တဲ့ ဂြိုဟ်တွေဟာ ဘယ်လို ဂြိုဟ်မျိုးတွေ ဖြစ်မလဲ ဆိုတာကိုလဲ​ပညာရှင်တွေ တဖြည်းဖြည်း ပိုမို သဘောပေါက်စ ပြုလာပါတယ်။ ဒါပေမယ့် အခု အချိန် ထိတော့ ကမ္ဘာအပြင်ဖက်မှာ သက်ရှိတွေ ရှိတယ်ဆိုတဲ့ အထောက်အထားကိုတော့ ရှာဖွေ တွေ့ရှိရခြင်း မရှိ သေးပါဘူး။

မစ်ကီးဝေး ဂလက်ဆီ ထဲမှာတင် ကြယ်အလုံးပေါင်း ဘီလီယံ ၁၀၀ လောက် အနည်းဆုံး ရှိမယ်လို့ ခန့်မှန်း ကြပါတယ်။ (ဘီလီယံ ၁၀၀ ကနေ ၄၀၀ အထိ ရှိနိုင်တယ်လို့ ခန့်မှန်းပါတယ်။) ဒီတော့ ဒီလောက်များတဲ့ ကြယ်တွေမှာ ဒီ့ထက် မကတဲ့ ဂြိုဟ်တွေ ရှိမှာပါပဲ။ ဒီ ဂြိုဟ်တွေ ပေါ်မှာ သက်ရှိတွေ ရှိတဲ့ ဂြိုဟ်အရေအတွက် အများအပြား ရှိမယ်လို့ ယူဆလို့ ရပါတယ်။

ဒါပေမယ့် မေးစရာ တခုက ဒီ မစ်ကီးဝေး ထဲက ဂြိုဟ် ဘယ်နှစ်လုံး ပေါ်မှာ လူသားတွေနဲ့ အဆက်အသွယ် လုပ်နိုင်တဲ့ နည်းပညာ ပိုင်ဆိုင်တဲ့ သက်ရှိတွေ မှီတင်း နေထိုင်ရာ ဂြိုဟ် ဘယ်နှစ်လုံး ရှိမလဲ ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။

ကမ္ဘာပြင်ပမှာသက်ရှိတွေ ရှိတယ်ဆိုတဲ့ ခိုင်မာတဲ့ အထောက်အထား မရှိတဲ့ အတွက် ဒီကိစ္စနဲ့ ပတ်သက်ရင် သိပ္ပံ ပညာရှင် တွေအနေနဲ့ မှန်းဆမှုပဲ ပြုလုပ် နိုင်ပါတယ်။ လက်ရှိ ကျွန်တော်တို့ သိထားတဲ့ အချက်အလက်တွေ အပေါ်မှာ မူတည်ပြီး သုတေသီ အချို့က မစ်ကီးဝေး အတွင်းမှာ ရှိနိုင်တဲ့ အဆင့်မြင့် သက်ရှိ အဖွဲ့အစည်း အရေ အတွက်ကို ခန့်မှန်း ခဲ့ကြပါတယ်။ 

သုတေသီ တွေက သူတို့ရဲ့ တွေ့ရှိချက်ကို Astrophysical Journal သုတေသန ဂျာနယ်မှာ စာတမ်း တင်သွင်း ခဲ့တာ ဖြစ်ပါတယ်။

ဒီ သုတေသနမှာ အဓိက အခြေခံတဲ့ ယူဆချက် ကတော့ ကမ္ဘာပေါ်က အသက်ဇီဝ ဖြစ်ပေါ်မှုဟာ ထူးခြား ပြီး သီးသန့် ဖြစ်နေတဲ့ ဖြစ်ပေါ်မှု မဟုတ်ဘူး ဆိုတာပါပဲ။ တနည်း အားဖြင့် ကမ္ဘာပေါ်မှာ အသက်ဇီဝ ဖြစ်ပေါ် သလိုပဲ အခြား ဂြိုဟ်တွေ ပေါ်မှာလဲ ဖြစ်ပေါ်လိမ့်မယ်လို့ ယူဆချက်ကို အခြေခံတာ ဖြစ်ပါတယ်။

နောက်ပြီး သူတို့ရဲ့ တွက်ချက်မှုဟာ ကျော်ကြားတဲ့ Drake formula ကို အခြေခံ ထားပါတယ်။ ဒီ ဖော်မြူလာကို ထင်ရှားတဲ့ နက္ခတ် ပညာရှင် Frank Drake က ၁၉၆၁ ခုနှစ်မှာ စတင် တင်ပြခဲ့တာ ဖြစ်ပါတယ်။

ဒီ Drake Equation ဟာ မှန်းဆချက် အများအပြား အပေါ် အခြေတည်ပြီး တည်ဆောက်ထားတဲ့ အီကွေးရှင်း ဖြစ်ပါတယ်။ ဒါပေမယ့် အခုထက်ထိတော့ ဒီ ဖော်မြူလာက နက္ခတ် ပညာရှင် တွေအတွက် အကောင်းဆုံး ဖော်မြူလာ ဖြစ်နေဆဲ ဖြစ်ပါတယ်။

ဒီ ဖော်မြူလာမှာ အဓိက ကတော့ ဂလက်ဆီ ထဲမှာ ရှိတဲ့ ကြယ်တွေ၊ ဒီကြယ်တွေကို ပတ်နေတဲ့ ဂြိုဟ်တွေပေါ်မှာ သက်ရှိတွေ မှီတင်း နေထိုင်နိုင်တဲ့သဘာဝ ပတ်ဝန်းကျင် ရှိနိုင်ခြေ၊ အစရှိတာတွေကို အခြေခံပြီး ဒီဂြိုဟ်တွေ ပေါ်မှာ သက်ရှိတွေ ဖြစ်ထွန်းနိုင်တဲ့ ဖြစ်တန်စွမ်း (probability) ကို တွက်ချက်တာပဲ ဖြစ်ပါတယ်။

ဒီ ဖော်မြူလာရဲ့ အဓိက ပြဿနာ ကတော့ သူ အခြေခံတဲ့ အချက်အလက် အတော်များများဟာ သက်သေ ခိုခိုင်မာမာ မရှိပဲ မှန်းဆချက်တွေ ဖြစ်နေတာပဲ ဖြစ်ပါတယ်။

ဆက်စပ်ဆောင်းပါး – ရန်လိုတဲ့ နယ်ချဲ့ ဂြိုဟ်သားကမ္ဘာ ၄ ခု မစ်ကီးဝေးထဲ ရှိနေနိုင်

အခု တွက်ချက်မှုကို ယူကေ နိုင်ငံ နော့တင်ဟမ် တက္ကသိုလ် (University of Nottingham in the UK) က နက္ခတ် ပညာရှင်တွေ ဖြစ်ကြတဲ့ Tom Westby နဲ့ Christopher Conselice တို့က ပြုလုပ်ထားတာ ဖြစ်ပါတယ်။

သူတို့က သူတို့ရဲ့ တွက်ချက်မှုမှာ အတိုင်းအတာ တိတိကျကျ တိုင်းတာ ထာားနိုင်ပြီ ဖြစ်တဲ့ ကြယ်တွေနဲ့ ဂြိုဟ်တွေရဲ့ အချက်အလက် တွေ အပေါ်မှာ အလေးပေးပြီး တွက်ချက် ထားကြပါတယ်။ 

သူတို့က အခြားသော ဂလက်ဆီ တွေရဲ့ ကြယ်သစ် မွေးဖွားနှုန်းတွေ၊ ဒီ ကြယ်သစ်တွေရဲ့ ဘယ်လောက် ရာခိုင်နှုန်းက ဂြိုဟ်တွေ တည်ဆောက်ဖို့ လိုအပ်တဲ့ ဒြပ်စင်တွေ ပိုင်ဆိုင်လဲ ဆိုတဲ့ အချက်တွေ နဲ့ နာဆာရဲ့ ကက်ပလာ တယ်လီစကုပ် ကြီးက မစ်ကီးဝေး ဂလက်ဆီ ထဲမှာ ဂြိုဟ်ပေါင်း ဘယ်နှစ်လုံးလောက် ရှာတွေ့ ထားသလဲ​ စတဲ့ အချက်တွေကို အထူး ဂရုပြု လေ့လာ ခဲ့ကြပါတယ်။

Drake equation က အခြားသော မသိကိန်းတွေ ဖြစ်ကြတဲ့ သက်ရှိတွေ နေထိုင်ဖို့ ဖြစ်နိုင်တဲ့ ဂြိုဟ်တွေပေါ်မှာ အသက်ဇီဝ ဖြစ်ထွန်းနိုင်ခြေ၊ ဒီ အသက်ဇီဝ ကနေ အဆင့်မြင့် အသိဉာဏ် ရှိတဲ့ မျိုးစိတ်တွေ ပေါက်ဖွားလာဖို့ ဖြစ်တန်စွမ်း နဲ့ ဒီ မျိုးစိတ် တွေက ရေဒီယို ဆက်သွယ်ရေး စနစ်တွေ တီထွင်နိုင်မယ့် ဖြစ်နိုင်ချေ တွေကို မှန်းဆဖို့ ကိုတော့ သူတို့ဟာ ဒဿန ဗေဒ ကို ဦးလှည့်ခဲ့ ကြပါတယ်။

ဒီ သုတေသီ တွေက ကမ္ဘာပေါ်မှာ အသက်ဇီဝ ဖြစ်ထွန်းလာမှုဟာ စကြဝဠာ အတွင်းမှာ သိပ်ပြီး ထူးခြား ဆန်းကြယ်တဲ့ ကိစ္စရပ် မဟုတ်ဘူး ဆိုတဲ့ အခြေခံ မူကို ချမှတ် ခဲ့ပါတယ်။ 

ကမ္ဘာပေါ်မှာ နည်းပညာ ပိုင်ဆိုင်တဲ့ လူ ရယ်လို့ ဖြစ်လာဖို့ ကမ္ဘာတည်စ ကနေ နှစ်သန်း ၅,၀၀၀ လောက် အချိန် ယူ ခဲ့ရပါတယ်။ ဒီတော့ အခြား အသက်ရှင် နေထိုင်နိုင်ဖို့ အခြေအနေ ရှိတဲ့ ဂြိုဟ်တွေ ပေါ်မှာလဲ ရေဒီယို ဆက်သွယ်ရေး စနစ် ပိုင်ဆိုင်တဲ့ အဆင့်မြင့် သက်ရှိတွေ ဖြစ်ထွန်းဖို့ နှစ်သန်း ၅,၀၀၀ လောက် ပတ်ဝန်းကျင်ပဲ လိုအပ်မယ်လို့ ယူဆလို့ ရပါတယ်။

နောက်ပြီး ကမ္ဘာပေါ်မှာ ရေဒီယို ပေါ်ခဲ့တာ နှစ် ၁၀၀ ကျော်ခဲ့ပါပြီ။ ဒီတော့ အခြား အဆင့်မြင့် သက်ရှိ တွေဟာလဲ ရေဒီယို တီထွင်ပြီးနောက် အနည်းဆုံး နောက်ထပ် နှစ် ၁၀၀ လောက်တော့ ဆက်လက် ရှင်သန် နေမယ်လို့ ယူဆလို့ ရပါတယ်။

ဒီ ယူဆချက် တွေဟာ ရမ်းသမ်း မှန်းဆချက် ထက် နည်းနည်းပဲ သာတယ် ဆိုတာကိုတော့ သုတေသီ တွေက ဝန်ခံပါတယ်။ ဒါ့ပေမယ့် ဘာမှ အထောက်အထား ရှာမရတဲ့ အချိန်မှာ ဒီလို မှန်းဆချက်ဟာ လိုအပ်ချက် တခု ဖြစ်နေပါတယ်။

ဆက်စပ်ဆောင်းပါး – အခြားကမ္ဘာမှ နည်းပညာများအား ရှာဖွေမည့် ဂယ်လီလီယို စီမံကိန်း

ဒီ ယူဆချက်ရဲ့ အဓိက အခြေခံ ကတော့ ကျွန်တော်တို့ လူသားတွေဟာ စကြဝဠာ အထဲက ပုံမှန် အခြေအနေ ရှိတဲ့ သက်ရှိတွေ ဖြစ်ပြီး အခြား သက်ရှိတွေရဲ့ ဆင့်ကဲ တိုးတက်မှု ဖြစ်စဉ် လမ်းကြောင်းအတိုင်း တူညီတဲ့ ဆင့်ကဲဖြစ်စဉ် ရှိကြတယ် ဆိုတဲ့ အချက်ပေါ် အဓိက မူတည် ထားတာပါ။

ဒါပေမယ့် ဒီအချက်ကို အချို့ နက္ခတ် ပညာရှင် တွေက လက်မခံ ကြပါဘူး။ သူတို့က ထောက်ပြတာက လူသားတွေဟာ စကြာဝဠာ အတွင်းက သာမန် ဖြစ်စဉ် တစ်ခုလား၊ ထူးခြား ဖြစ်စဉ် လား ဆိုတာကို ဘယ်လိုမှ မသိနိုင်ပါဘူး လို့ ထောာက်ပြ ကြပါတယ်။

ဒါကို ဥပမာ ပေးရရင် ထီပေါက်တဲ့ သူတစ်ယောက်ကို သူထီပေါက်ဖို့ ဘယ်နှစ်စောင် ထိုးလဲ မေးတာနဲ့ ဥပမာ ပေးလို့ ရပါတယ်။ ထီပေါက်တဲ့ သူက ထီ ၁၀ စောင် ထိုးတာ တစောင် ပေါက်တယ်ဆို ထီ ၁၀ စောင် ထိုးတဲ့ သူတိုင်း ထီပေါက်တယ်လို့ ယူဆလို့ မရ သလိုပါပဲ။ ကျွန်တော်တို့ လူသားတွေ ဟာလဲ​ထီပေါက်တဲ့ သူ လို ဖြစ်ချင် ဖြစ်နေ နိုင်ပါတယ် လို့ သူတို့က ထောက်ပြကြပါတယ်။

ဒါပေမယ့် လူသားတွေဟာ စကြဝဠာထဲက သာမန် အဖြစ်အပျက် တစ်ခုသာ ဖြစ်တယ် ဆိုတဲ့ အယူအဆ ကို အခြေတည် ပြီးပဲ စဉ်းစားကြည့် ကြရအောင်ပါ။

ဒီအချက်ကို အခြေတည်ပြီး Drake Equation နဲ့ တွက်ကြည့်လိုက်တဲ့ အခါ ကျွန်တော်တို့ ဂလက်ဆီ အတွင်းမှာ အနည်းဆုံး ဂြိုဟ် ၃ စင်း ကနေ အများဆုံး အစင်း ၂၀၀ အထိ ပေါ်မှာ ရှိတဲ့ ဂြိုဟ်သားတွေဟာ လက်ရှိ အချိန်မှာ ရေဒီယို လှိုင်းတွေကို ထုတ်လွှင့် အသုံးပြု နေကြတယ် ဆိုတာကို တွေ့ရှိ လာရပါတယ်။ 

အကြမ်းဖျင်း ပြောရရင်တော့ လက်ရှိ ကာလမှာ ရေဒီယို အသုံးပြု နိုင်တဲ့ ဂြိုဟ်ကမ္ဘာပေါင်း ၃၆ ခုခန့် ရှိပါတယ်။

အကယ်လို့ အခြားဂြိုဟ်တွေပေါ်က သက်ရှိတွေဟာ အဆင့်မြင့် နည်းပညာ ပိုင်ဆိုင်ဖို့ နှစ်သန်း ၅၀၀၀ ထက် ပိုစောခဲ့မယ် ဆိုရင် ဒီ အရေအတွက်ဟာ ပိုများလာမှာ ဖြစ်ပါတယ်။ တချိန်တည်းမှာ အခြားဂြိုဟ်တွေ ပေါ်က ဖွံ့ဖြိုးမှုဟာ ကမ္ဘာထက် ပိုနှေးမယ် ဆိုရင်လဲ ဒီအရေ အတွက်က လျော့နည်း သွားမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒါကို ကြည့်ပြီး သိပ်တော့ အားမတက် ကြပါနဲ့အုံး။ အချို့သော ပညာရှင်တွေ တွက်ချက် ထားကြသလို မစ်ကီးဝေး ထဲမှာ ရေဒီယို ဂြိုဟ်ကမ္ဘာ အရေအတွက် ၃,၀၀၀ လောက်ထိတောင် ရှိနေမယ် ဆိုရင်တောင် ကမ္ဘာနဲ့ အနီးဆုံး ဂြိုဟ်ဟာ အလင်းနှစ် ၂,၀၀၀ လောက် ကွာဝေးမှာ ဖြစ်ပါတယ်။ ဒီ အကွာအဝေးက လာမယ့် ရေဒီယို အချက်ပြ လှိုင်းတွေ ကမ္ဘာကို ရောက်လာဖို့ ဆိုတာက နောက် နှစ် ၂,၀၀၀ လောက်မှ ရောက်လာမှာ ဖြစ်ပါတယ်။ ဒါတောင် ဒီ ရေဒီယို လှိုင်းတွေက ကမ္ဘာကို ရောက်နိုင်လောက်တဲ့ အထိ အားကောင်းဖို့လဲ လိုပါသေးတယ်။

ဒီတော့ မစ်ကီးဝေး ထဲမှာ လက်ရှိ ရေဒီယို ဂြိုဟ်ပေါင် ၃၆ လုံးလောက်ပဲ ရှိတယ်ဆိုရင် သူတို့ ဆီက အချက်ပြ လှိုင်းတွေ ဖမ်းယူ ရရှိဖို့နဲ့ သူတို့နဲ့ ဆက်သွယ်ဖို့ ဆိုတာက ကောက်ရိုးပုံထဲ​ အပ်ပျောက် ရှာရသလို အလွန်ကို ခက်ခဲမှာ ဖြစ်တယ်လို့ ပညာရှင် တွေက ထောက်ပြ ကြပါတယ်။

Ref: The Milky Way could have dozens of alien civilizations capable of contacting us | Popular Science

Advertisement