လွန်ခဲ့တဲ့ နှစ် ၆၅ သန်းခန့်က ကမ္ဘာကို အလွန်ကြီးမားတဲ့ ဥက္ကာပျံကြီး တစင်း ဝင်တိုက်မိခဲ့ပါတယ်။ ဒီ ဥက္ကာပျံကြီး ဝင်းတိုက်ခဲ့တဲ့ အတွက် ဒိုင်နိုဆောတွေ မျိုးတုန်း ပျောက်ကွယ် သွားခဲ့ရပါတယ်။
ဒီလို ကြီးမားတဲ့ ဥက္ကာပျံကြီးတွေ ကမ္ဘာကို ဝင်တိုက်တဲ့ ဖြစ်ရပ်ဟာ အလွန် ရှားပါးတဲ့ ဖြစ်ရပ် ဖြစ်ပါတယ်။ ဒီလောက် ကြီးမားတဲ့ ကမ္ဘာဖျက် ဥက္ကာပျံမှ မဟုတ်ပါဘူး၊ အရွယ် အတော်အတန် ကြီးတဲ့ မြို့ဖျက် ဥက္ကာပျံ လောက်တောင်မှာ ကမ္ဘာကို ဝင်တိုက်မိတယ် ဆိုတာ ရှားပါးတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပါတယ်။
ဒီလို ဥက္ကာပျံ ကြီးတွေ ဝင်တိုက်တဲ့ ဖြစ်ရပ်မျိုးဟာ ရှားပါးတယ် ဆိုပေမယ့် လုံးဝ မဖြစ်ဘူး လို့တော့ ပြောလို့ မရပါဘူး။ အထူးသဖြင့် ဒီလို ဥက္ကာပျံ ကြီးမျိုး တစ်စင်းလောက် ဝင်ဆောင့်လိုက်ရင် ကမ္ဘာ့လူသားတွေ မျိုးတုံးသွား နိုင်တဲ့ အန္တရာယ် ရှိနေပါတယ်။ မျိုးတုန်း မသွားဘူး ဆိုရင်တောင် မြို့ကြီး တစ်မြို့ပေါ် ကျလိုက်ရင် လူ သိန်းချီ သန်းချီ သေဆုံးနိုင်ပါတယ်။
၁၉၉၈ ခုနှစ်ကစလို့ သိပ္ပံ ပညာရှင်တွေဟာ ကမ္ဘာနားက ကပ်ဖြတ်သွားတဲ့ (Near-earth asteroids) အလုံးပေါင်း ၂၅,၀၀၀ ကျော် ရှာဖွေတွေ့ရှိ ခဲ့ပြီး ဖြစ်ပါတယ်။ ၂၀၂၀ တစ်နှစ်ထဲတင် ကမ္ဘာနဲ့ လ ကြားက ဖြတ်သွားတဲ့ ဥက္ကာပျံ စုစုပေါင်း ၁၀၇ လုံး မှတ်တမ်းတင် နိုင်ခဲ့ပါတယ်။
ဒီလို ကြီးမားတဲ့ ဥက္ကာပျံ ကြီးနေ ကမ္ဘာနားကနေ မကြာခန ဖြတ်ပျံနေတာမို့ ဒီ ဥက္ကာပျံတွေရဲ့ ရန်က ကာကွယ်ရေးဟာ ကမ္ဘာ့လူသား တွေအတွက် အထူး အရေးတကြီး လုပ်ဆောင်ရမယ့် လုပ်ငန်းတစ်ခု ဖြစ်လာပါတယ်။
ဥက္ကာပျံ ကာကွယ်ရေးနဲ့ ပါတ်သက်လို့ အမေရိကန် ပြည်ထောင်စု လောရင့်စ် လစ်ဗာမိုး အမျိုးသား သုတေသန ဓါတ်ခွဲခန်းနဲ့ အမေရိကန် လေတပ်မတော် တို့ ပူးတွဲ ပြုလုပ်တဲ့ သုတေသန ရလဒ်တွေကို Acta Astronautica သုတေသန ဂျာနယ်မှာ တင်ပြခဲ့ပါတယ်။ ဒီစာတမ်းမှာ အဏုမြူဗုံး ဖေါက်ခွဲရာမှ ထွက်ရှိလာတဲ့ စွမ်းအင်ကို အသုံးပြုပြီး ကမ္ဘာဆီ ဦးတည်လာမယ့် ဥက္ကာပျံ တွေကို လမ်းကြောင်းလွှဲနိုင်မလဲ ဆိုတာကို သုတေသနပြု ထားပါတယ်။
ဒီ သုတေသနမှာ သိပ္ပံ ပညာရှင်တွေက အားကောင်းတဲ့ ကွန်ပြူတာ တွေကို အသုံးပြုပြီး ဥက္ကာပျံ ကာကွယ်ရေး နဲ့ ပါတ်သက်တဲ့ နည်းလမ်းတွေကို အတု ပြုလုပ်စမ်းသပ် Simulate လုပ်ကြည့်ခဲ့ကြပါတယ်။ ဒီ စမ်းသပ်မှုမှာ မီတာ ၃၀၀ အချင်း (ပေ ၁၀၀၀ အချင်း) ရှိတဲ့ ဥက္ကာတုံးကြီး တွေကို လမ်းလွှဲနိုင်မယ့် နည်းလမ်းကို ရှာဖွေ ခဲ့တာ ဖြစ်ပါတယ်။
အထူးသဖြင့်တော့ ဒီ ဥက္ကာပျံ ပျံသန်းလာတဲ့ လမ်းကြောင်းမှာ ဥက္ကာပျံနား ကပ်ပြီး အဏုမြူဗုံး ခွဲလိုက်ရင် ထွက်လာမယ့် နြူထရွန် စွမ်းအင်တွေက ဥက္ကာပျံရဲ့ ပျံသန်းတဲ့ လမ်းကြောင်းအပေါ် သက်ရောက်မှုကို အထူးပြု လေ့လာ ခဲ့ကြပါတယ်။ (ဒါကို Standoff explosion လို့ ခေါ်ပါတယ်။ ဒီနည်းက မျက်နှာပြင်ကို တိုက်ရိုက် ထိမှန်ပေါက်ကွဲတာ မဟုတ်ပဲ ပစ်မှတ်ရဲ့ မလှမ်းမကမ်း ကနေ ဖေါက်ခွဲလိုက်တာပါ။)
ဒီ စမ်းသပ်မှုရဲ့ အဓိက ရည်ရွယ်ချက်က ဥက္ကာပျံကို ဖျက်စီးပစ်ဖို့ မဟုတ်ပဲ လမ်းကြောင်းလွဲသွားအောင် ပြုလုပ်ဖို့ ဖြစ်ပါတယ်။
သိပ္ပံ ပညာရှင်တွေဟာ အဏုမြူဗုံး ပေါက်ကွဲရာက ထွက်လာတဲ့ နြူထရွန် စွမ်းအင်တွေရဲ့ ပြန့်နှံ့မှုနဲ့ ပေါက်ကွဲအားကို ထိန်းချုပ်ပြီး ဥက္ကာပျံရဲ့ ပျံသန်းတဲ့ လမ်းကြောင်းကို လိုသလို ပြောင်းလဲနိုင်တယ် ဆိုတာကို နားလည် ထားကြပါတယ်။
အနုမြူဗုံး ပေါက်ကွဲရာက ထွက်လာတဲ့ နြူထရွန် စွမ်းအင်တွေရဲ့ ဦးတည်ရာကို လိုသလို ထိန်းကြောင်း ပေးခြင်းအားဖြင့် ဥက္ကာပျံရဲ့ ဘယ်အစိတ်အပိုင်းတွေက အရည်ပျော် ကျသွားမလဲ၊ ဘယ်အပိုင်းတွေက အငွေ့ပျံသွားမလဲ ဆိုတာကို ထိန်းချုပ် နိုင်မှာ ဖြစ်ပါတယ်။ ဒီကတဆင့် ဥက္ကာပျံရဲ့ အလျင်၊ လားရာ နဲ့ ဦးတည်ဖက်ကို လိုသလို ထိန်းချုပ် ပြောင်းလဲ ပေးနိုင်မှာ ဖြစ်ပါတယ်။
“အဏုမြူ ပေါက်ကွဲမှုက ထွက်လာတဲ့ နြူထရွန် စွမ်းအင်ကို ထိန်းချုပ်ပြောင်းလဲ ပေးခြင်းအားဖြင့် ဥက္ကာပျံရဲ့ ပျံသန်းရာ လမ်းကြောင်း ပြောင်းလဲမှုကို ၇၀ ရာခိုင်နှုန်းထိကို ထိန်းကြောင်း ပေးနိုင်မှာ ဖြစ်ပါတယ်” လို့ ဒီ သုတေသနမှာ ပါဝင်တဲ့ ပညာရှင်တွေက စာတမ်းမှာ တင်ပြထားပါတယ်။
သိပ္ပံ ပညာရှင်တွေကတော့ ဒီ သုတေသနဟာ ကမ္ဘာကို ဥက္ကာပျံ ရန်ကနေ ကာကွယ်ပေးမယ့် စီမံကိန်း အတွက် အရေးပါတဲ့ သုတေသန တရပ် ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ သူတို့က နောက်ထပ် ကွန်ပြူတာ စမ်းသပ်မှု Simulation တွေကို အသေးစိတ် ထပ်မံ ပြုလုပ် စမ်းသပ်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။
ဒီ စမ်းသပ်မှုမှာ နြူထရွန် စွမ်းအင်ကို အဓိကထား စမ်းသပ်တာက အကြောင်းရှိပါတယ်။ ပေါက်ကွဲမှုက ထွက်လာတဲ့ X-ray လှိုင်းတွေနဲ့ ယှဉ်ရင် နြူထရွန် စွမ်းအင်က X-Ray ထက် အရာဝတ္ထုတွေကို ပိုပြီး ဖေါက်ထွင်းအား ကောင်းလို့ ဖြစ်ပါတယ်။
“နြူထရွန် စွမ်းအင်လှိုင်းတွေက ဥက္ကာပျံ မျက်နှာပြင်ကို ဖောက်ထွင်း ဝင်ရောက် နိုင်တာမို့ ဥက္ကာပျံရဲ့ အတွင်းပိုင်းထိ အပူပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့်လဲ ဥက္ကာပျံကို လမ်းလွှဲဖို့ ပိုပြီး ထိရောက်ပါတယ်” လို့ ရှင်းပြပါတယ်။
အခြားနည်းလမ်းမရှိတော့ဘူးလား
ကမ္ဘာဆီကို ဦးတည်လာမယ့် ဥက္ကာပျံ တွေ ရန်က ကာကွယ်ဖို့ အခြားနည်းလမ်း တွေကိုလဲ သုတေသန ပြုတင်ပြထားပါတယ်။
နောက်ထပ် စမ်းသပ်ခဲ့တဲ့ နည်းလမ်းကတော့ ဥက္ကာပျံကို ဖျက်ဆီးပစ်တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ ဒီနည်းမှာ ဥက္ကာပျံ ကြီးကို သေးငယ်တဲ့ အစိတ်အပိုင်း လေးတွေ ဖြစ်သွားအောင် ဖေါက်ခွဲ ပစ်လိုက်တာပါ။
ဒီလို ကွဲထွက်သွားတဲ့ အစိတ်အပိုင်း အများစုဟာ ကမ္ဘာကြီးကို မထိပဲ ချော်ထွက်သွားမယ်လို့ ယူဆကြပါတယ်။ ဒါပေမယ့် ၀.၅% လောက်ကတော့ ကမ္ဘ့လေထုထဲ ဝင်ရောက်လာပြီး ကမ္ဘာမြေပေါ်ကို ကျရောက် ထိမှန် နိုင်ပါတယ်။
ဒီ ဝင်ရောက်လာတဲ့ အစိတ်းအပိုင်းတွေဟာ မူလ ဥက္ကာပျံလောက် မကြီးတော့ ပေမယ့် အရွယ်အစား သိပ်ပြီး သေးငယ်လှတာတော့ မဟုတ်ပါဘူး။ ဒီ ဥက္ကာပျံတွေ ကမ္ဘာမြေမျက်နှာပြင်ပေါ်မှာ ပေါက်ကွဲမှုကြောင့် ကြီးမားတဲ့ ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါသေးတယ်။
ဒါ့အပြင် ဥက္ကာပျံကို ဖေါက်ခွဲပစ်လို့ လိုအပ်တဲ့ အဏုမြူဗုံးရဲ့ စွမ်းအင်ကလဲ ကြီးမားပါတယ်။ ဒီလောက် ကြီးမားတဲ့ အဏုမြူဗုံး ကမ္ဘာနဲ့ နီးကပ်တဲ့ နေရာမှာ ပေါက်ကွဲ ခဲ့လို့ရှိရင် ထွက်ပေါ်လာတဲ့ စွမ်းအင်တွေဟာ ကမ္ဘာပေါ်ကိုလဲ ကြီးမားတဲ့ ဆိုးကျိုးတွေ သက်ရောက် စေနိုင် ပါသေးတယ်။
သိပ္ပံ ပညာရှင်တွေကတော့ လမ်းကြောင်းလွှဲတဲ့ နည်းလမ်းကို ပို သဘောကျကြပါတယ်။ ဖျက်စီးပစ်တဲ့ နည်းလမ်းကိုတော့ ကမ္ဘာနဲ့ အရမ်းကပ်ပြီး လမ်းကြောင်းလွှဲဖို့ အခြေအနေ မပေးတော့တဲ့ အခါမျိုးမှာသာ အသုံးပြုဖို့ အကြံပြုကြပါတယ်။
လမ်းကြောင်းလွှဲတဲ့ နည်းလမ်းကတော့ လိုအပ်တဲ့ ပေါက်ကွဲအား ပမာဏလဲ နဲနဲပဲ လိုအပ်ပါတယ်။ နောက်ပြီး သွားတဲ့ အရှိန် နည်းနည်းလေး ပြောင်းသွားရုံနဲ့ ကမ္ဘာနဲ့ တိုက်မယ့် လမ်းကြောင်းကနေ လွဲသွားမှာမို့ ပိုပြီးလဲ စိတ်ချရပါတယ်။
အချို့ကတော့ အာကာသ ထဲမှာ အဏုမြူ လက်နက်တွေ ဖေါက်ခွဲတဲ့ ကိစ္စနဲ့ ပါတ်သက်လို့ စိုးရိမ်မကင်း ဖြစ်ကြပါတယ်။ ဒါပေမယ့် သိပ္ပံ ပညာရှင် တွေကတော့ ဒီဥက္ကာပျံတွေ ကမ္ဘာကို ဝင်တိုက်ပြီး ဖြစ်လာမယ့် ဆိုးကျိုးတွေနဲ့ နှိုင်းယှဉ်ရင် အဏုမြူ လက်နက်ကြောင့် ဖြစ်လာနိုင်တဲ့ အန္တရာယ်က မပြောပလောက်ဘူးလို့ ဆိုပါတယ်။
“ဥက္ကာပျံ ကာကွယ်ရေး နည်းလမ်း အမျိုးမျိုးကို စနစ်တကျ သုတေသန ပြုလုပ်ဖို့ လိုအပ်ပါတယ်။ အချို့ အခြေအနေတွေမှာ အဏုမြူ လက်နက်တွေက ပိုမိုသာလွန်တဲ့ ရလဒ်မျိုးတွေ ပေးစွမ်းနိုင်တဲ့ အခြေအနေမျိုးတွေ ရှိနိုင်ပါတယ်” လို့ ပညာရှင်တွေက ထောက်ပြကြပါတယ်။
အဏုမြူ လက်နက်တွေကို သုံးဖို့ လိုအပ်တဲ့ အခြေအနေ တစ်ခုကို ဥပမာ ပေးရရင် ဥက္ကာပျံ ကမ္ဘာဆီကို ဦးတည်ပြီး လာနေတာကို နောက်ကျမှ သိရတဲ့ အခါမျိုး ဖြစ်ပါတယ်။ ဒီလို အခြေအနေမှာ အဏုမြူ လက်နက်နဲ့ လမ်းကြောင်းလွှဲတာ (သို့) ဖျက်စီး ပစ်တာ သည်သာလျှင် တစ်ခုတည်းသော နည်းလမ်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်လို့ ပညာရှင်တွေက ထောက်ပြ ကြပါတယ်။
Reference: Scientists test how to deflect asteroids with nuclear blasts | BigThink