Skip to content

ကမ္ဘာကို ဥက္ကာပျံ ဝင်တိုက်ခဲ့လျှင် ရင်ဆိုင်ဖို့ အသင့်ဖြစ်ပြီလား

  • Space
armageddon-asteroid-hitting-earth

ကမ္ဘာကို ဥက္ကာပျံကြီးတွေ ဝင်တိုက်တယ် ဆိုတာ ရုပ်ရှင်တွေထဲ မကြာခန တွေ့ဖူး နေကြမှာပါ။ ဥက္ကာပျံ ဝင်တိုက်လို့ ဒိုင်နိုဆောတွေ မျိုးတုန်းကုန် တယ်ဆိုတာမျိုးလဲ ကြားဖူး ကြမှာပါ။ သိပ်မကြာမီ အချိန်ကလေးကတင် ကြာသပတေးဂြိုဟ်ပေါ် ဥက္ကာပျံကြီး ဝင်တိုက်တာကို မှတ်တမ်း တင်နိုင် ခဲ့ကြပါသေးတယ်။ ပြီးတော့ လ အပါအဝင် အခြားဂြိုဟ်တွေပေါ်က ကြီးမားတဲ့ ဧရာမ ဥက္ကာတွင်း ကြီးတွေကိုလဲ တွေ့ဖူး ကြမှာပါ။

ဒီတော့ မေးစရာ ရှိလာတာက ကမ္ဘာပေါ်ကိုရော ကြီးမားတဲ့ ဥက္ကာခဲကြီး ဝင်တိုက်မိဖို့ အခွင့်အလမ်း ဘယ်လောက်ထိ ရှိသလဲ။ ဒီလို ဝင်ဆောင့်မိရင် လူသားမျိုးနွယ် မျိုးတုန်း မသွားအောင် ကျွန်တော်တို့ ဘယ်လို ပြင်ဆင် ထားကြသလဲ။ ဒီလို ဘေးဆိုးကနေ လူသားတွေ ရှင်သန် လွတ်မြောက်နိုင်ဖို့ရော အသင့် ဖြစ်နေပြီလား။

ကမ္ဘာ့သမိုင်းမှာ ကြီးမားတဲ့ ဧရာမ ဥက္ကာခဲ ကြီးတွေ ဝင်ဆောင့်ခဲ့တဲ့ အထောက်အထား အများအပြား ရှိပါတယ်။ လွန်ခဲ့တဲ့ နှစ် ၆၅ သန်း ခန့်က ကြီးမားတဲ့ ဥက္ကာခဲကြီး ဝင်တိုက်မိလို့ တောင်အမေရိကတိုက် ကမ်းလွန်မှာ ကြီးမားတဲ့ ဥက္ကာတွင်းကြီး ဖြစ်ကျန်ရစ် ခဲ့ပါတယ်။ ဒီ ဥက္ကာခဲ ကြီးကြောင့်လဲ ဒိုင်နိုဆောတွေ မျိုးတုန်း ခဲ့ကြရတာ ဖြစ်ပါတယ်။

ဥက္ကာခဲကြောင့် ဒိုင်နိုဆော မျိုးတုန်းရတယ် ဆိုတဲ့ သီအိုရီကို သိပ္ပံ ပညာရှင် အားလုံးက လက်ခံတာတော့ မဟုတ်ပါဘူး။ သူတို့က ဒိုင်နိုဆော တွေဟာ မျိုးတုန်းချိန် တန်လို့ မျိုးတုန်းရတယ်လို့ ယူဆ ကြပါတယ်။ ဒါပေမယ့် ဒီလို ကြီးမားတဲ့ ဥက္ကာခဲကြီး ဝင်ဆောင့်လို့ ဖြစ်လာမယ့် သဘာဝ ဘေးအန္တရာယ်ဆိုးဟာ အလွန် ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်စေမယ် ဆိုတာကတော့ ဘယ်သူမှ ငြင်းမရတဲ့ အချက် ဖြစ်ပါတယ်။

သိပ်မကြာမီကတော့ ဒိုင်နိုဆောတွေ မျိုးတုန်းစေတဲ့ ချစ်ဇူလဘ် ဥက္ကာတွင်း ကြီးထက် ပိုကြီးတဲ့ ဥက္ကာတွင်းကြီး တစ်ခုကို အန်တာတိက တိုက်မှာ ရှာတွေ့ခဲ့ ကြပါတယ်။ ဒီတွင်းကြီးဟာ အချင်းမိုင် ၃၀၀ တောင် ရှိပါတယ်။

ဒီတွင်းကြီးကို မျက်စေ့နဲ့ မမြင်နိုင်ပါဘူး။ ဘာ့ကြောင့်ဆို သူ့အပေါ်မှာ ရေခဲလွှာ အထပ်ထပ် ဖုံးလွှမ်းနေတာကြောင့် ဖြစ်ပါတယ်။ ဒါ့ပေမယ့် ဂြိုဟ်တုကနေ တိုင်းတာတဲ့ ကိရိယာ တွေနဲ့ ဒီ ဥက္ကာတွင်း ကြီးကို တိုင်းတာနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီတွင်းကြီးရဲ့ သက်တမ်းဟာ လွန်ခဲ့တဲ့ နှစ်သန်း ၂၅၀ ခန့်က ဖြစ်မယ်လို့ ခန့်မှန်း ရပါတယ်။ ဒီကာလမှာ ကမ္ဘာပေါ်က သက်ရှိမျိုးနွယ်တွေရဲ့ ၉၀% လောက် မျိုးတုန်း ပျောက်ကွယ်ခဲ့ရတဲ့ ကာလနဲ့လဲ တိုက်ဆိုင်လို့ နေပါတယ်။

ဒီ တွင်းကြီးကို ဖြစ်ပေါ်စေခဲ့တဲ့ ဥက္ကာတုံး ကြီးရဲ့ အရွယ်အစားဟာ အချင်း မိုင် ၃၀ လောက် ရှိမယ်လို့ ခန့်မှန်း ရပါတယ်။ ဒါဟာ ရန်ကုန်တိုင်းထက်တောင် ကြီးတဲ့ အရွယ်အစား ဖြစ်ပါတယ်။

ကမ္ဘာပေါ်ကို လတ်တလော ဥက္ကာပျံ ဝင်ဆောင့်နိုင်သလား

အကယ်လို့ အခုအချိန်မှာသာ ဒီလောက်ကြီးတဲ့ ဥက္ကာခဲကြီး ကမ္ဘာကို ဝင်ဆောင့်ခဲ့မယ် ဆိုရင်တော့ ကျွန်တော်တို့ လက်ပိုက် ကြည့်နေရုံကလွဲလို့ ဘာမှ လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကံကောင်းတာကတော့ ဒီလောက်ကြီးတဲ့ ဥက္ကာခဲကြီး ဝင်တိုက်ဖို့ အခွင့်အလမ်းဟာ ခုချိန်နဲ့ ရှေ့ အနာဂါတ် ဆယ်စနှစ် အပိုင်းအခြား တွေအတွင်း မဖြစ်နိုင်သလောက် နည်းပါးပါတယ်။

ဒါပေမယ့် ဒီလောက် မကြီးတဲ့ ဥက္ကာပျံတွေ ဝင်တိုက်မှုတော့ ရံဖန်ရံခါ ဖြစ်တတ်ပါတယ်။ ဥပမာ ၁၉၀၈ ခုနှစ်က ဆိုက်ဘေးရီးယား ဒေသ တန်ဂူစကာ အရပ် (Tunguska region) မှာ ဝင်တိုက်မိခဲ့တဲ့ ဥက္ကာခဲကြောင့် ကျယ်ဝန်းတဲ့ ဧရိယာက သစ်ပင်တွေ အကုန် ပြိုလဲကျ ကုန်ပါတယ်။ ကံကောင်းစွာပဲ လူမနေတဲ့ အရပ်မို့ အသေအပျောက်တော့ မရှိခဲ့ ပါဘူး။

ဒီလို ဥက္ကာခဲ မျိုး တစ်လုံးလောက်သာ လူနေသိပ်သည်းတဲ့ မြို့ကြီး တစ်မြို့ပေါ် ကျရောက်ခဲ့မယ်ဆို မတွေးဝံ့ စရာပါ။

ကျွန်တော်တို့ အေးဆေးနေလို့တော့ မရပါဘူး။ ဒီလောက် ပမာဏ အရွယ်အစား ဥက္ကာခဲ တစ်လုံး ကမ္ဘာကို အချိန်မရွေး ဝင်တိုက် နိုင်ပါတယ်။ ဒီလို အရွယ်အစား ဥက္ကာခဲ တွေဟာ ကျွန်တော်တို့ ထင်မှတ်ထားတာထက် အရေအတွက် ပိုများပါတယ်။ တလောလေးကပဲ ကမ္ဘာနဲ့ လကြားကနေ ဥက္ကာခဲကြီး တစ်စင်း ဖြတ်ပျံ သွားခဲ့ ပါသေးတယ်။

အေပိုဖစ် (Apophis) အမည်ရ ဥက္ကာပျံဟာ လာမယ့် နှစ် ၃၀ အတောအတွင်း ကမ္ဘာနဲ့ နီးနီးကပ်ကပ် ဖြတ်ပြီး ပျံသန်းမှု အကြိမ်ကြိမ် ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီ ဥက္ကာခဲကို နက္ခတ် ပညာရှင် တွေက ဂရုပြု စောင့်ကြည့်နေ ကြပါတယ်။ ဒီလို ဥက္ကာခဲမျိုးဟာ မနက်ဖန်လဲ လာမှန် နိုင်ပါတယ်။ ဒါမှမဟုတ် နောက် ရာစုနှစ်လဲ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါမျိုးက ကြိုခန့်မှန်းဖို့ မလွယ်လှပါဘူး။

ဒါဆို ဘယ်လို ကာကွယ် ကြမလဲ။ ဒါမှ မဟုတ် တိုက်မိတဲ့ အခါ အသက်ရှင် သန်နိုင်အောင် ဘာတွေ ပြင်ဆင် ထားကြမလဲ။

မကြာမီကမှ နာဆာကနေ ဥက္ကာပျံ လမ်းကြောင်းလွှဲ စမ်းသပ်မှု တခုကို အောင်မြင်စွာ ပြုလုပ် နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒါမျိုးက ဥက္ကာပျံ လာတာကို အစောကြီး ကြိုသိဖို့ လိုအပ်သလို လက်ရှိမှာလဲ ဒီကာကွယ်ရေး နည်းလမ်းက အသင့် မဖြစ်သေးပါဘူး။

ဒီတော့ အကယ်လို့သာ တိုက်မိကြပြီ ဆိုပါစို့ဗျာ။ ဘာတွေ ဆက်လုပ် ကြမလဲ။ အသက်ရှင်သန်ရေး အတွက် ဘယ်လို ပြင်ဆင် ထားကြမလဲ။

ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ခြင်း

ပြီးခဲ့တဲ့ နှစ်တွေက အမေရိကန် ပြည်ထောင်စု နယူအော်လိန်း ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ဟာရီကိန်း ကက်တရီနာကို မှတ်မိ ကြမှာပါ။ မြန်မာပြည်မှာလဲ နာဂစ် မုန်တိုင်းကို မှတ်မိ ကြမှာပါ။ လူတွေ အများအပြား သေကျေ ပျက်စီး ခဲ့ရတဲ့ မုန်တိုင်းကြီးလေ။

ဟုတ်ပါတယ်။ အဲ့ဒါတွေက ဥက္ကာခဲကြောင့် ဖြစ်တာတွေ မဟုတ်မှန်း သိပါတယ်။ ဒါပေမယ့် နှစ်ခုစလုံးက မထင်မှတ်ချိန် ကြိုတင်မှန်းဆနိုင်စွမ်း မရှိပဲ ရုတ်တရက် ကောက်ကာငင်ကာ ထဖြစ်နိုင်တဲ့ သဘာဝ ဘေးဆိုးတွေ ဖြစ်ကြပါတယ်။ နောက်ပြီး ဖြစ်လာပြီ ဆိုရင်လဲ ပျက်စီး ဆုံးရှုံးမှုက ကြောက်မခန်း လိလိပါ။

စိတ်ကူးနဲ့ ဥက္ကာပျံ ဝင်ဆောင့် ကြည့်ရအောင်ဗျာ။ သင်နေတဲ့ မြို့ကို အရွယ် အတော်အသင့် ကြီးမားတဲ့ ဥက္ကာပျံ တစ်စင်း ဝင်ဆောင့်တယ် ဆိုပါစို့။

မြို့လယ်ခေါင်က မြို့အုပ်ချုပ်ရေး ရုံးနေရာ နဲ့ ဌာနဆိုင်ရာ ရုံတွေ ရှိတဲ့ နေရာတွေဟာ ဥက္ကာပျံ တိုက်ရိုက် ဝင်ဆောင့်မိတာကြောင့် လုံးဝ ပြားပြားဝပ် သွားပါတယ်။ မီးတွေလဲ လောင်နေပြီး အပျက်အစီးတွေ၊ အသေအပျောက် ထိခိုက် ဒါဏ်ရရသူတွေ ဟာလဲ အများအပြားပါ။

ကူညီကယ်ဆယ်ရေး အတွက် ကြီးကြပ်ရမယ့် သူတွေလဲ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်ကုန်ပါတယ်။ လမ်းတွေလဲ ပိတ်ဆို့ပြီး မီးသတ်ကားတွေလဲ မဝင်နိုင် ဖြစ်နေပါတယ်။ လူနာတင် ယာဉ်တွေလဲ မလောက်င သလို ဆေးရုံတွေ မှာလဲ ကျန်းမာရေး ဝန်ထမ်းတွေ မနိုင်မနင်း ဖြစ်နေပါပြီ။ 

လျှပ်စစ်မီး တွေလဲ ပြတ်တောက်၊​ဖုန်းတွေက ခေါ်မရ။ ကျောင်းတွေမှာ ကလေးတွေကလဲ ကြောက်လန့်တကြား၊ မိဘတွေလဲ အပြေးအလွှား ကလေးတွေ ပြေးခေါ်။

စဉ်းစားကြည့် ကြပေါ့ဗျာ။

ဒီတော့ မေးစရာ ရှိတာက ဒီလို အခြေအနေကို ရင်ဆိုင်ဖို့ ကျွန်တော်တို့ ဘယ်လောက် အသင့် ဖြစ်နေပြီလဲ။ ဒီလိုမျိုး အခြေအနေတွေ ဖြစ်လာရင် ရင််ဆိုင်ဖို့ contingency plan တွေရော ဘယ်လောက်ထိ ရှိထားပြီလဲ။

ဒီလို ဥက္ကာပျံ တိုက်ခံရတဲ့ ဖြစ်စဉ်မျိုးဟာ ကမ္ဘာ့အဆင့် သဘာဝ ကပ်ဘေးတစ်ခု ဖြစ်ပါတယ်။ ဒီလို အဖြစ်ဆိုး မျိုးကို ရင်ဆိုင်ဖြေရှင်းဖို့ ဆိုတာ ကမ္ဘာနိုင်ငံအားလုံး ပါဝင်တဲ့ နိုင်ငံတကာ တုံ့ပြန်ရေး အစီအစဉ်တွေ ရှိသင့်ပါတယ်။ တစ်နိုင်ငံထဲက ဖြေရှင်းဖို့ မလွယ်ကူတဲ့ ကိစ္စတစ်ရပ် ဖြစ်ပါတယ်။

ကျွန်တော်တို့  ဘယ်လောက် အသင့် ဖြစ်နေပြီလဲ၊ ဘယ်တော့ အသင့်ဖြစ်မှာလဲ။

မနက်ဖြန်လား၊ သန်ဘက်ခါလား၊ နောက်နှစ်လား၊ နောက် ဆယ်စုနှစ်လား၊ နောက်ရာစုနှစ် မှလား။

Ref: Are we prepared for a maverick asteroid hitting Earth? | BBC Sky at Night

Advertisement