စနေဂြိုဟ် (စေတန် / Saturn) ဟာ နေအဖွဲ့အစည်းက ဂြိုဟ်တွေ ထဲမှာ အလွယ် တကူ ခွဲခြားနိုင်ဆုံး ဂြိုဟ်ဖြစ်ပါတယ်။ ဘာကြောင့်လဲဆို သူ့မှာ အလွန် ကြီးမားပြီး ထင်ရှားတဲ့ ကွင်းတွေ ရှိနေလို့ပါ။
စနေဂြိုဟ်ရဲ့ ကွင်းတွေဟာ ဘာတွေလဲ၊ ဘာတွေနဲ့ လုပ်ထားတာလဲ၊ ဘယ်လို ဖြစ်လာသလဲ အစရှိတဲ့ မေးခွန်းတွေဟာ နက္ခတ် ပညာရှင်တွေ အကြားမှာ ရာစုနှစ်ပေါင်း များစွာ မေးခွန်း ထုတ်လာ ခဲ့ကြတဲ့ ပဟေဠိပဲ ဖြစ်ပါတယ်။
ရှာဖွေတွေ့ရှိခြင်း
စနေဂြိုဟ်ကို ဂယ်လီလီယိုက ခရစ်နှစ် ၁၆၁၀ မှာ မှန်ပြောင်းနဲ့ ပထမဆုံး လေ့လာ ခဲ့ပါတယ်။ အဲ့သည်မှာ ဒီကွင်းတွေကို စတွေ့ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဂယ်လီလီယို အသုံးပြုခဲ့တဲ့ မှန်ပြောင်းဟာ သိပ်ပြီး ကြည်လင် ပြတ်သားမှု မရှိတာကြောင့် ကွင်းတွေကို ရှင်းရှင်းလင်းလင်း မြင်နိုင်စွမ်း မရှိခဲ့ ပါဘူး။
ဒီတော့ ဂယ်လီလီယိုက ဒီကွင်းတွေကို အလွန် ကြီးမားတဲ့ လကြီးတွေ လို့ ထင်ခဲ့ပါတယ်။ သူက စနေဂြိုဟ်ရဲ့ တဖက်တချက် စီမှာ ဧရာမ လကြီး တွေ တစင်းစီ ရှိကြတယ်လို့ ထင်ခဲ့ပါတယ်။
ဒါပေမယ့် နှစ်ပေါင်းများစွာ စနေဂြိုဟ်ကို လေ့လာခဲ့ အပြီးမှာတော့ ဒီ ‘လ’ တွေဟာ ပုံသဏ္ဍာန် ပြောင်းနိုင်သလို တခါတလေလဲ လုံးဝ ပျောက်သွားတာကို တွေ့ခဲ့ရပါတယ်။ ဒီလို ဖြစ်ရတာက ကမ္ဘာကနေ မြင်ရတဲ့ ထောင့် ပြောင်းသွားတာမို့ တခါတလေ ကွင်းတွေကို ဘေးတိုက် မြင်ရတဲ့ အခါ ပျောက်သွားတာ ဖြစ်ပါတယ်။
၁၆၅၅ ခုနှစ်မှာ နက္ခတ် ပညာရှင် တဦးဖြစ်တဲ့ ခရစ်တန် ဟူဂျန် (Christaan Huygens) က ဒါတွေဟာ လအကြီးကြီးတွေ မဟုတ်ကြပဲ အစိုင်အခဲ ဖြစ်နေတဲ့ ကွင်းကြီး ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
၁၆၆၀ မှာ နောက်ထပ် နက္ခတ် ပညာရှင် တစ်ယောက်ကလဲ ဒီ ကွင်းဟာ အစိုင်းအခဲကြီး တစ်ခုအနေနဲ့ မရှိပဲ ကျောက်ခဲ ဥက္ကာခဲပေါင်း အမြောက်အများနဲ့ ဖွဲ့စည်းထား တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီ အယူအဆ တွေကို နောက်ထပ် နှစ် ၂၀၀ လောက် ကြာတဲ့ အထိ မှန်မမှန် ဘယ်သူမှ အထောက်အထား မပြနိုင် ခဲ့ပါဘူး။
၁၉၇၉ ခုနှစ်မှာတော့ ပိုင်အိုးနီးယား ၂ (Pioneer II) အာကာသ စူးစမ်းရေးယာဉ်ဟာ စေတန်ရဲ့ ကွင်းတွေ ကြားကနေ ဖြတ်ပြီး ပျံသန်း သုတေသန ပြုလုပ်ခဲ့ပါတယ်။ ၁၉၈၀ ပြည့်နှစ်တွေ မှာလဲ ဗွိုင်ရေဂျာ ၁ နဲ့ ၂ (Voyager 1 and Voyager 2) အာကာသ လေ့လာရေး ယာဉ်တွေဟာ စနေဂြိုဟ်နားက ကပ်ပျံ သွားခဲ့ ပြန်ပါတယ်။
၂၀၀၄ မှာ တော့ နာဆာရဲ့ ကာစီနီ အာကာသ ယာဉ် (Cassini-Huygens) အာကာသ လေ့လာရေးယာဉ်ဟာ စနေဂြိုဟ်ရဲ့ ပတ်လမ်းကို ပထမ ဆုံးအကြိမ် အဖြစ် ဝင်ရောက်ပြီး စနေဂြိုဟ်နဲ့ သူ့ရဲ့ ကွင်းတွေကို အသေးစိတ် လေ့လာမှု ပြုလုပ်ခဲ့ပါတယ်။
အခု အချိန်မှာတော့ ဒီ အာကာသ လေ့လာရေး ယာဉ်တွေက ပြုလုပ်ခဲ့တဲ့ သုတေသန တွေကြောင့် စနေဂြိုဟ်ရဲ့ ကွင်းနဲ့ ပါတ်သက်တာတွေကို အတော်လေး သိလာရပြီး ဖြစ်ပါတယ်။
ဖွဲ့စည်းတည်ဆောက်ပုံ
စေတန်ရဲ့ ကွင်းတွေဟာ အရွယ်အစား အားဖြင့် မိုင် ၁၇၀,၀၀၀ တောင် ကျယ်ပါတယ်။ ဒါပေမယ့် အထူကတော့ ပျမ်းမျှအားဖြင့် ပေ ၃၀ လောက်ပဲ ထူပါတယ်။
ဒီ ကွင်းတွေကို အရွယ်အစား အမျိုးမျိုး ရှိတဲ့ အစိုင်အခဲ တွေနဲ့ ဖွဲ့စည်း ထားပါတယ်။ ဒီ အစိုင်အခဲ အများစုက ရေခဲတုံးတွေ ဖြစ်ကြပါတယ်။ အရွယ်အစား အားဖြင့်လဲ အသေးဆုံး သဲမှုန်လောက် အရွယ်ကနေ တောင်တွေ အရွယ်အထိ အရွယ် အမျိုးမျိုး ရှိကြပါတယ်။
ဒီ ကွင်းထဲမှာ ရေခဲတုံး တွေချည်းနဲ့ပဲ ဖွဲ့စည်း တည်ဆောက်ထားတာတော့ မဟုတ်ပါဘူး။ စနေဂြိုဟ် နားက ကပ်ပျံသွားရင်း ဆွဲငင်အား စက်ကွင်းက လွတ်အောင် မရုန်းနိုင်တဲ့ ဥက္ကာပျံ တွေလဲ ဒီကွင်းထဲမှာ တွေ့ရမှာ ဖြစ်ပါတယ်။
ကမ္ဘာက ကြည့်ရင် စေတန်ရဲ့ ကွင်းတွေကို တစ်ခုတည်း အဖြစ် မြင်ကြရပါတယ်။ ဒါပေမယ့် အားကောင်းတဲ့ မှန်ပြောင်းကြီး တွေနဲ့ လေ့လာကြည့်တဲ့ အခါ ကွင်းတစ်ကွင်းထဲ မဟုတ်ပဲ ကွင်း အထပ်ထပ် ဖြစ်နေတာကို တွေ့ကြရပါတယ်။ အဓိက ကွင်းတွေကို အပြင်ကနေ အတွင်းကို A, B နဲ့ C ဆိုပြီး အမည်ပေးထားပါတယ်။ အေ ကွင်း နဲ့ ဘီ ကွင်း ကြားထဲမှာ မိုင် ၂၉၀၀ ကျယ်တဲ့ ကြားလပ် နေရာလွတ် တစ်ခုလဲ ရှိနေပါတယ်။
ဗွိုင်ယေဂျာ ၁ အာကာသ ယာဉ်ကနေ C ကွင်းရဲ့ အတွင်းမှာ နောက်ထပ် ခပ်မှိန်မှိန် ကွင်းတစ်ခုကို ထပ်မံ ရှာဖွေ တွေ့ရှိခဲ့ ပြန်ပါတယ်။ ဒီ ကွင်းကိုတော့ D ကွင်းလို့ အမည်ပေးခဲ့ပါတယ်။
အပြင်ဖက်မှာ ရှိတဲ့ A ကွင်းရဲ့ အပြင်ဖက်မှာ ထပ်တွေ့တဲ့ ကွင်းကို E လိို့ အမည်ပေးခဲ့ပါတယ်။ တခါ ဒီ E ကွင်းနဲ့ A ကွင်းကြားမှာ နောက်ထပ် ကွင်းနှစ်ခု ထပ်တွေ့ခဲ့ ပြန်ပါတယ်။ သူတို့ကိုတော့ F နဲ့ G လို့ အမည်ပေးခဲ့ပါတယ်။
စေတန် ဂြိုဟ်ရဲ့ ကွင်းတွေ တည်ရှိပုံကို အောက်က ပုံနဲ့ ပြထားပါတယ်။
စေတန်ရဲ့ ကွင်း တစ်ခုချင်း စီ အတွင်းမှာလဲ ကွင်း ငယ်လေး တွေ အနေနဲ့ ဖွဲ့စည်းထား ပြန်ပါတယ်။ အချို့ကွင်းတွေက စေတန်ရဲ့ လတွေ ကနေ ဖြစ်လာတယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် အချို့ကွင်းတွေ ဘယ်လို ဖြစ်လာလဲ ဆိုတာကိုတော့ ပညာရှင်တွေ အဖြေရှာလို့ မရကြ သေးပါဘူး။
နေ စကြာဝဠာထဲမှာ စေတန်ဟာ ကွင်းရှိတဲ့ တခုတည်းသော ဂြိုဟ်တော့ မဟုတ်ပါဘူး။ ဂျူပီတာ၊ ယူရေးနပ်စ် နဲ့ နက်ပ်ကျွန်း ဂြိုဟ်တွေ မှာလဲ အရောင် ခပ်မှိန်မှိန် ကွင်းတွေ ရှိကြပါတယ်။ ဒါပေမယ့် စေတန်ရဲ့ ကွင်းကိုတော့ ဘယ်ဂြိုဟ်မှ မမှီ သေးပါဘူး။ (နောက်ဆောင်းပါး တွေမှာ အခြား ကြယ်တွေမှာ ရှိတဲ့ စေတန်ရဲ့ ကွင်းထက် အဆများစွာ ကြီးတဲ့ ကွင်းရှိတဲ့ ဂြိုဟ်အကြောင်း တင်ပြပေးပါမယ်။)
ဘယ်လိုဖြစ်လာသလဲ
ဒီ ကွင်းတွေ ဘယ်လို ဖြစ်လာလဲ ဆိုတာနဲ့ ပါတ်သက်လို့ ပညာရှင်တွေ အကြား အယူအဆ အမျိုးမျိုး ကွဲနေ ကြပါတယ်။ အချို့ကလဲ အနီးအနားက ဖြတ်သွားတဲ့ ကြယ်တံခွန် တွေ၊ ဂြိုဟ်ပဲ့ ဂြိုဟ်သိမ်တွေ၊ ဥက္ကာပျံ တွေကို ဖမ်းဆွဲထားရာက ကြေမွ သွားပြီး ကွင်းတွေ ဖြစ်လာတယ်လို့ ယူဆကြပါတယ်။
နောက် အယူအဆ တစ်ခုကတော့ ဒီ ကွင်းတွေဟာ အရင်က စေတန်ဂြိုဟ်ကို ပတ်နေခဲ့တဲ့ ကြီးမားတဲ့ လ တွေ ဖြစ်ခဲ့မယ်လို့ ဆိုပါတယ်။ ဒီ လ တွေဟာ စေတန်ရဲ့ ဆွဲအားကြောင့် စေတန်ဂြိုဟ်ပေါ် ပြုတ်ကျ လာကြပါတယ်။ ဒီလို ပြုတ်ကျလာတဲ့ အခါမှာ လ ရဲ့ အပြင်လွှာက ရေခဲတွေ ကျန်ရစ်ခဲ့ပြီး ကွင်းကြီးတွေ ဖြစ်လာတယ် ဆိုတဲ့ အယူပဲ ဖြစ်ပါတယ်။
လက်ရှိ အချိန် ထိတော့ ဒီကွင်းတွေ ဘယ်လို ဖြစ်လာလဲ ဆိုတာနဲ့ ပါတ်သက်လို့ တိကျတဲ့ အဖြေ မရှိသေးပါဘူး။ ဒါ့ကြောင့် စနေဂြိုဟ်ရဲ့ ကွင်းတွေဟာ အရင် ရာစုနှစ် များစွာက လိုပဲ နက္ခတ် ပညာရှင် တွေအတွက် စိတ်ဝင်စားစရာ ပဟေဠိ အဖြစ် ဆက်ရှိနေ ဦးမှာ ဖြစ်ပါတယ်။
— မောင်သူရ (သိပ္ပံ) —
Reference: Saturn’s Rings: Composition, Characteristics & Creation | Space