Skip to content

နေ ၃ စင်း ထွက်တဲ့ဂြိုဟ်

  • Space
ကြယ် ၃ စင်း ထွက်တဲ့ ဂြိုဟ်ကို ပန်းချီဆရာက သရုပ်ဖော် ထားပုံ (Credit: ESO/M. Kornmesser)

ညဖက် ကောင်းကင်မှာ အထင်ရှားဆုံး နက္ခတ် တစ်ခုဖြစ်တဲ့ Orion နက္ခတ် ကို တွေ့ဖူး ကြမှာပါ။ ဒီ Orion နက္ခတ်ရဲ့ အလယ်က ခါးပတ် ကြယ် ၃ လုံးတန်းကို မြန်မာတွေကတော့ မောင်ရင်ဆိုင်းထမ်းလို့ ခေါ်ကြပါတယ်။ ဂရိ Orion နက္ခတ်မှာကတော့ ဒီ ခါးပတ်ကြယ် ၃ လုံး အပြင် အခြား ကြယ်တွေလဲ အမြောက်အများ ပါဝင် ဖွဲ့စည်း ထားပါတယ်။

ဒီ Orion နက္ခတ် အစုအဝေး အတွင်းမှာ ထူးခြားတဲ့ ကြယ် ၃ လုံးပူး တစ်ခု ရှိပါတယ်။ ဒီ ကြယ် ၃ လုံးပူးကို GW Orionis လို့ အမည် ပေးထားပါတယ်။ ဒီ ကြယ် ၃ လုံးပူးဟာ ကမ္ဘာက ဆိုရင်တော့ အလင်းနှစ် ၁,၃၀၀ လောက် ဝေးပါတယ်။

ဒီ ကြယ် ၃ လုံးပူးမှာ နှစ်လုံးက တစ်ခုနဲ့ တစ်ခု နီးကပ်စွာ ရှိနေပြီး အချင်းချင်း လျှင်မြန်တဲ့ အရှိန်နဲ့ ပတ်နေ ကြပါတယ်။ တတိယမြောက် ကြယ်ကတော့ ဒီ ကြယ်အမွှာကို ခပ်လှမ်းလှမ်းကနေ ပတ်နေပါတယ်။ 

ဒီ ကြယ် ၃ မွှာပူးဟာ သက်တမ်းအားဖြင့်တော့ အတော်လေး နုပါသေးတယ်။ ဘယ်လောက် နုသေးလဲ ဆို သူတို့ ကြယ်ဖြစ်တဲ့ ဖြစ်စဉ်မှာ ကြွင်းကျန် ရစ်ခဲ့တဲ့ ဓါတ်ငွေ့တွေနဲ့ ဖုန်မှုန့်တွေဟာ တိမ်တိုက်ကြီး အဖြစ်နဲ့ ဒီကြယ်တွေကို ပတ်နေဆဲပဲ ဖြစ်ပါတယ်။ (ကျွန်တော်တို့ နေ အဖွဲ့အစည်းမှာတော့ ဒီ ဓါတ်ငွေ့ တိမ်တိုက်ကနေ ကမ္ဘာ အပါအဝင် ဂြိုဟ်တွေ ဖြစ်လာခဲ့ပါတယ်။)

ဒီ ဓါတ်ငွေ့တွေဟာ ကွင်းကြီး ၃ ကွင်း အနေနဲ့ ကွဲထွက်ပြီး ဗဟိုက ကြယ် ၃ လုံးကို ပတ်နေ ကြပါတယ်။ ထူးခြားတာက ဒီ ကွင်း ၃ ကွင်း စလုံးက ဗဟိုက ကြယ်တွေရဲ့ လည်ပတ်တဲ့ ပြင်ညီတဲ့ မကိုက်ညီပဲ လွဲချော်နေ ကြတာပဲ ဖြစ်ပါတယ်။

ဒီ ကြယ် ၃ လုံးပူးကို ဝန်းရံထားတဲ့ ဓါတ်ငွေ့ကွင်းကြီး ၃ ကွင်း ရှိပါတယ် (ALMA (ESO/NAOJ/NRAO), ESO/Exeter/Kraus et al.)

ပိုပြီး ထူးဆန်းတာက အတွင်းဆုံးက ကွင်းက အပြင်က ကျန် နှစ်ကွင်း ပတ်နေတဲ့ ပြင်ညီနဲ့လဲ မကိုက်ပဲ လွဲနေပြန်ပါတယ်။ ဒီ အတွင်းဆုံး ကွင်းက အပြင်ကွင်းတွေရဲ့ ပတ်လမ်းနဲ့ နှီုင်းရင် စောင်းနေပါတယ်။ နောက်ပြီး ဒီကွင်းက တည်တည်ငြိမ်ငြိမ် လည်နေတာ မဟုတ်ပဲ ဗဟိုကြယ်တွေကို လိမ်ဖယ် လိမ်ဖယ်နဲ့ ခါယမ်းပြီး ပတ်နေတာပါ။ (ကွင်းတကွင်းကို လက်နဲ့ လှည့်ရင်း အရှိန် သေလာတဲ့ အခါ လိမ်ဖယ် လိမ်ဖယ် ဖြစ်လာ သလိုပေါ့။)

နောက်ထပ် ထူးဆန်းတာ တခုကတော့ ဒီ ကွင်းတွေရဲ့ တစ်နေရာမှာ ဓါတ်ငွေ့တွေ၊ ဖုန်မှုန့်တွေ မရှိပဲ အပေါက်ကြီး ဖြစ်နေတာပါ။ သဘောကတော့ ဒီ အပေါက်ကြီး ဖြစ်နေတဲ့ နေရာမှာ ရှိခဲ့တဲ့ အရာဝတ္ထုတွေ အကုန်လုံးကို တနည်းနည်းနဲ့ ရှင်းထုတ် လိုက်တယ်လို့ ဆိုလိုတာပဲ ဖြစ်ပါတယ်။

ဒီ ကြယ် ၃ လုံးပူးနဲ့ သူတို့ကို ပတ်နေတဲ့ ဓါတ်ငွေ့ကွင်းကြီး တွေနဲ့ ပါတ်သက်လို့ ဘာမှ သိပ်မသိကြရ သေးပါဘူး။ ဘာ့ကြောင့် ဒီလို ပတ်လမ်း ပြင်ညီတွေ စောင်းနေတာလဲ။ အတွင်းဆုံး ပတ်လမ်းက ဘာ့ကြောင့် အပြင် နှစ်ခုနဲ့ ပြင်ညီ မတူ ရတာလဲ။ ဘာ့ကြောင့် ဒီ ကွင်းတွေ ကြားထဲမှာ အပေါက်ကြီး ရှိနေရတာလဲ။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်က အသစ် တင်ပြလိုက်တဲ့ သုတေသန စာတမ်း တစ်စောင်အရတော့ ဒီကွင်းတွေ ကြားထဲမှာ ဂြိုဟ်ကြီး တစ်စင်း ရှိနေနိင်တယ်လို့ ဆိုပါတယ်။ ဒီ ဂြိုဟ်ကြီးဟာ ဗဟိုက ကြယ် ၃ လုံးကို ခပ်လှမ်းလှမ်း ကနေ ပတ်နေတယ်လို့ ဆိုပါတယ်။ ဒီ စာတမ်းကို “တော်ဝင် နက္ခတ် အသင်းကြီး၏ လစဉ် ပြန်တမ်း (Monthly Notices of the Royal Astronomical Society) သုတေသန ဂျာနယ်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

ကြယ် ၃ စင်းကို ပတ်နေတဲ့ ဓါတ်ငွေ့ကွင်း တွေကို ကွန်ပြူတာနဲ့ သရုပ်ဖော် ထားတာပါ (Credit: ESO/Exeter/Kraus et al./L. Calçada)

ဖြစ်ထွန်းစ ကြယ်သစ်တွေရဲ့ ပတ်လည်က ဓါတ်ငွေ့ကွင်းတွေမှာ ရှိတဲ့ အပေါက်တွေဟာ ဒီ ကွင်းတွေ ကြားထဲမှာ ဂြိုဟ်သစ်တွေ မွေးဖွားနေတယ် ဆိုတာကို ညွှန်ပြနေတဲ့ သဲလွန်စတွေ ဖြစ်ကြပါတယ်။ အသစ် မွေးဖွားနေတဲ့ ဂြိုဟ်သစ်တွေဟာ သူတို့ ပါတ်ဝန်းကျင်က ဓါတ်ငွေ့တွေ နဲ့ ဖုန်မှုန့်တွေကို ဂြိုဟ်ဖြစ်တဲ့ ဖြစ်စဉ် အတွက် ကုန်ကြမ်းတွေ အနေနဲ့ စုပ်ယူ ဝါးမြို ပစ်လိုက်ကြပါတယ်။ ဒီလို ဝါးမျို လိုက်တဲ့ အတွက် ဒီ ဂြိုဟ်သစ်ရဲ့ ပါတ်ဝင်းကျင်မှာ ရှိတဲ့ ဓါတ်ငွေ့နဲ့ ဖုန်မှုန့်တွေ ရှင်းသွားတာပါ။

ဒါပေမယ့် ဒီ ကြယ် ၃ လုံးတွဲမှာ ရှိတဲ့ ကွင်းတွေရဲ့ ထူးဆန်းတဲ့ လည်ပတ်ပုံ တွေက ဗဟိုက ကြယ် ၃ လုံးကြောင့်လား၊ အသစ်ဖြစ်ပေါ်နေတဲ့ ဂြိုဟ်ကြောင့်လား ဆိုတာကိုတော့ ပညာရှင်တွေ အနေနဲ့ ဝေခွဲလို့ မရဘူး ဖြစ်နေပါတယ်။

ဒီ ပြဿနာရဲ့ အဖြေကို ရဖို့ ပညာရှင် တွေဟာ ဒီ ကြယ် ၃ လုံးနဲ့ ဓါတ်ငွေ့ကွင်းတွေရဲ့ လှုပ်ရှားမှုတွေကို ကွန်ပြူတာနဲ့ 3D နည်းပညာ ကို အသုံးပြုပြီး အတုပြုလုပ် simulate လုပ် စမ်းသပ်ကြည့်ခဲ့ ကြပါတယ်။

ဒီလို Simulate လုပ် စမ်းသပ် ကြည့်ကြတဲ့ အခါ ဗဟိုက ကြယ် ၃ လုံးရဲ့ သက်ရောက်မှု တစ်ခုထဲကြောင့် ဒီကွင်းတွေရဲ့ ထူးဆန်းတဲ့ အနေအထားတွေ ဖြစ်လာနိုင်မှာ မဟုတ်ဘူး ဆိုတာကို တွေ့ရှိခဲ့ ကြပါတယ်။ ပညာရှင်တွေရဲ့ ကောက်ချက် အရ ဒီကွင်းတွေကြားက နေရာလွတ်ဟာ ဂျူပီိတာ အရွယ်လောက်​ရှိတဲ့ ဂြိုဟ်သစ်ကြီး တစ်လုံး မွေးဖွားလာတာကြောင့် ဖြစ်ပေါ်လာတာလို့ ယူဆ ကြပါတယ်။

အကယ်လို့သာ ဒီ ကောက်ချက် မှန်ကန်ခဲ့မယ် ဆိုရင် ဒါဟာ ပထမဆုံး ကြယ် ၃ လုံးကို ပတ်နေတဲ့ ဂြိုဟ် ရှာဖွေတွေ့ရှိတာ ဖြစ်ပါတယ်။ 

အရင်ကလဲ ဒီလို ကြယ် ၃ လုံးတွဲတွေ ရှာတွေ့ခဲ့ ဖူးပါတယ်။ နောက်ပြီး ဒီ ကြယ် ၃ လုံးတွဲ တွေမှာ ပတ်နေတဲ့ ဂြိုဟ်တွေ ရှာတွေ့ခဲ့ ဖူးပေမယ့် ဘယ်ဂြိုဟ်မှ ကြယ် ၃ စင်းကို ပတ်နေတာတော့ မတွေ့ဖူး သေးပါဘူး။

ပညာရှင် တွေရဲ့ တွက်ချက်မှုအရ အခု ဂြိုဟ်ကြီးဟာ ဗဟိုက ကြယ် ၃ လုံးကို နေနဲ့ ကမ္ဘာကြား အကွာအဝေးထက် အဆ ၁၀၀ လောက် ဝေးတဲ့ အကွာအဝေး ကနေ ပတ်နေမယ်လို့ ဆိုပါတယ်။ (နေနဲ့ ကမ္ဘာ အကွာ အဝေးကို 1 Astronomical Unit (1 AU) အနေနဲ့ သတ်မှတ် ထားပါတယ်။)

ခလယ်က ကြယ် ၃ လုံးကတော့ တစ်လုံးနဲ့ တစ်လုံး အလွန် နီးကပ်စွာ တည်ရှိနေ ကြတာပါ။ ပူးနေတဲ့ နှစ်လုံးက တစ်လုံးနဲ့ တစ်လုံး 1 AU ပဲ ဝေးပါတယ် (ကမ္ဘာနဲ့ နေ ကွာသလောက်ပဲ ကွာတာပါ။) နောက် တတိယ ကြယ်ကတော့ ဒီ နှစ်လုံးပူးကနေ ကမ္ဘာနဲ့ နေ အကွာအဝေးရဲ့ ၈ ဆ လောက်ပဲ ဝေးပါတယ်။

လက်ရှိ အထိတော့ ဒီ ကြယ် ၃ စင်းကို ပတ်နေတဲ့ ဂြိုဟ် ရှိတယ် ဆိုတာ သွယ်ဝိုက်တဲ့ နည်းလမ်းနဲ့ပဲ တွက်ချက် ရှာဖွေ တွေ့ရှိထားတာ ဖြစ်ပါတယ်။ ဒီတော့ ဒီ ဂြိုဟ် ရှိတယ် ဆိုတာကို သေချာ အတည်ပြုနိုင်အောင် နောက်ထပ် သုတေသန စူးစမ်း မှုတွေ ထပ်လုပ်ဖို့ လိုအပ်နေပါ သေးတယ်။ ဒီလို အတည်ပြု နိုင်ဖို့က သိပ်တော့ မလွယ်လှပါဘူး။ ဒါပေမယ့် ဒီကြယ် ၃ လုံးတွဲအပေါ် နက္ခတ် ပညာရှင်တွေ အကြား စိတ်ဝင်စားမှု မြင့်မားနေတာမို့ ဒီ ဂြိုဟ် တကယ် ရှိမရှိ အတည်ပြု နိုင်ဖို့ သိပ်တော့ ကြာလိမ့်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

Reference: This may be the first exoplanet found orbiting three stars | Astronomy

Advertisement