Skip to content

ကြောက်စရာ သံလိုက်ကြယ်များ

  • Space
Magnetar Neutron Star

အကယ်လို့ သင်ဟာ Black Hole တွေဟာ စကြာဝဠာ အတွင်းမှာ ကြောက်စရာ အကောင်းဆုံး အရာတွေ ဖြစ်တယ်လို့ ထင်ခဲ့မယ် ဆိုရင်တော့ အမှားကြီး မှားပါလိမ့်မယ်။ 

အခု ကျွန်တော် ပြောမယ့် အရာတွေဟာ အရွယ်အစား အားဖြင့် မြို့ကြီး တစ်မြို့စာ လောက်ပဲ ရှိပါတယ်။ ဒါပေမယ့် သူတို့ဆီ ကနေပြီး ထွက်လာတဲ့  X-ray ဓါတ်ရောင်ခြည် တွေဟာ နေက ထွက်တဲ့ စုစုပေါင်း စွမ်းအင် ပမာဏထက် အဆ ရာပေါင်းများစွာ ပိုပြီး ပြင်းထန်ပါတယ်။

သူတို့ရဲ့ အတွင်းပိုင်း ဟာလဲ အက်တမ်ထက် သေးငယ်ပြီး အရည်ပျော် နေတဲ့ အမှုန် လေးတွေနဲ့ ဖွဲ့စည်း ထားကြပါတယ်။ သူတို့ရဲ့ အူတိုင်မှာ ရှိနေမယ့် ဒြပ်ထုရဲ့ အခြေအနေ ကိုလဲ သိပ္ပံ ပညာရှင်တွေ အခုထိ မသိ ကြသေးပါဘူး။

သူတို့ရဲ့ သက်တမ်းကတော့ နှစ် ထောင်ဂဏန်း လောက်ပဲ အသက် ရှင်နိုင် ကြပါတယ်။

ဒီ အရာဝတ္ထုတွေရဲ့ အထူးခြားဆုံး အချက်ကတော့ အလွန် အင်မတန် အားကောင်းတဲ့ သံလိုက် စက်ကွင်းကို ပိုင်ဆိုင် ထားခြင်းပဲ ဖြစ်ပါတယ်။ ဘယ်လောက်တောင်မှ အားကောင်းလဲ ဆိုရင် ဒီ သံလိုက်စက်ကွင်းထဲ ကိုသာ သင် ဝင်သွားမိရင် သင့်ကိုယ်ခန္ဓာဟာ တမုဟုတ်ချင်း အရည် ပျော်ကျ သွားမှာ ဖြစ်ပါတယ်။ 

ဒီလို အရည်ပျော် ကျသွားဖို့ ဆိုတာ ဒီ အရာဝတ္ထု တွေနား ကီလိုမီတာ ၁၀၀၀ လောက် နီးနီးကပ်ကပ် နေမိရုံနဲ့ ပျော်ကျ သွားနိုင်ပါတယ်။

ဟုတ်ကဲ့၊ ကျွန်တော် အခု ပြောနေတာက magnetars လို့ သိပ္ပံ ပညာရှင် တွေက အမည် ပေးထားတဲ့ သံလိုက်ကြယ် တွေအကြောင်းပဲ ဖြစ်ပါတယ်။

အစိမ်းရောင် ဂြိုဟ်သားလေး

သိပ္ပံ သမိုင်းမှာ အရေးပါတဲ့ ရှာဖွေ တွေ့ရှိမှု အများစုဟာ မထင်မှတ်ပဲ မတော်တဆ ရှာဖွေ တွေ့ရှိမှုတွေ ဖြစ်ကြပါတယ်။ အခုလဲ ဒီ သံလိုက်ကြယ် တွေကို ရှာဖွေ ဖော်ထုတ် နိုင်ခဲ့မှုဟာ ပြီးခဲ့တဲ့ ရာစုနှစ် အတွင်းက မမျှော်လင့် ထားတဲ့ ရှာဖွေ တွေ့ရှိမှု နှစ်ခုကနေ အခြေ ခံခဲ့တာ ဖြစ်ပါတယ်။

ပထမ ရှာဖွေ တွေ့ရှိမှုကတော့ ၁၉၆၇ ခုနှစ်က အင်္ဂလန် နိုင်ငံ ကိန်းဘရစ် တက္ကသိုလ်က ရေဒီယို တယ်လီစကုပ် ကြီးကနေ ဖမ်းယူရရှိတဲ့ ရေဒီယို အချက်ပြ တွေကို အသေးစိတ် ခွဲခြမ်း စိတ်ဖြာ လေ့လာခဲ့ရာကနေ တွေ့ရှိခဲ့တဲ့ ရှာဖွေ တွေ့ရှိမှုပဲ ဖြစ်ပါတယ်။

အဲ့သည် အချိန်က ဘွဲလွန် ကျောင်းသူ တစ်ဦးဖြစ်တဲ့ ဂျိုဆလင်း ဘဲလ် (Jocelyn Bell) ဟာ ဒီ ရေဒီယို တယ်လီစကုပ်က နေပြီး တညတာ ကာလအတွင်း ဖမ်းယူရရှိ ခဲ့တဲ့ အချက်အလက်တွေကို အသေးစိတ် လေ့လာရင်း ကနေ ၁.၃၃ စက္ကန့် တစ်ကြိမ် ထုတ်လွှတ်တဲ့ ရေဒီယို အချက်ပြ လှိုင်းတွေကို သတိပြုမိ ခဲ့ပါတယ်။

ဒီ ရေဒီယို အချက်ပြ လှိုင်းတွေ ထွက်ပေါ်လာတဲ့ အရပ်ကို ဆက်လက် လေ့လာ ခဲ့ရာမှာ ဒီ အချက်ပြ လှိုင်းတွေဟာ အာကာသ တစ်နေရာ ထဲကနေ ညစဉ် ညတိုင်း အချိန်မှန် ပုံမှန် ထွက်ပေါ်နေတယ် ဆိုတာကို တွေ့ရှိ လာခဲ့ ရပါတယ်။

ပထမတော့ ဂျိူဆလင်း နဲ့ သူမရဲ့ ဆရာ ဖြစ်သူ ဟဲဝစ်ရှ် (Antony Hewish) တို့ဟာ ဒီ အချက်ပြ လှိုင်းတွေ ထုတ်လွှတ်ပေးတဲ့ အရာဟာ ဘာ ဖြစ်မလဲ ဆိုတာကို စဉ်းစားလို့ မရ ခဲ့ပါဘူး။ 

ဒီ ရေဒီယို လှိုင်းတွေ အချိန်မှန် ထွက်ပေါ်လာရာ ရပ်ဝန်းကို သူတို့ ဆရာ တပည့် နှစ်ယောက်က နောက်နောက် ပြောင်ပြောင်နဲ့ LGM-1 လို့ အမည် ပေးခဲ့ ကြပါတယ်။ LGM ရဲ့ အရှည်ကတော့ Little Green Man (အစိမ်းရောင် လူကလေး) ပါတဲ့။

ဘာလို့ ဒီနာမည် ပေးခဲ့တာလဲ ဆိုတော့ သူတို့ ဆရာ တပည့် တွေက ဒီ ရေဒီယို လှိုင်းတွေကို အစိမ်းရောင် ဂြိုဟ်သား တွေက ထုတ်လွှင့်နေ တာလား ဆိုပြီး စိတ်ကူးယဉ် ခဲ့ကြလို့ပါ။

ဒါပေမယ့် ဒီ ရေဒီယို လှိုင်းတွေကို အသေးစိတ် လေ့လာပြီနောက် မှာတော့ နက္ခတ္တ ရူပဗေဒ ပညာရှင် တွေက ဖြစ်နိုင်ခြေ တစ်ခုကို တင်ပြလာ ကြပါတယ်။ အဲ့တာကတော့ ဒီ X-ray လှိုင်းတွေ လွှင့်ထုတ်ပေး နေတဲ့ အရာ ဝတ္ထုဟာ နျူထရွန် ကြယ် (Neutron star) တစ်လုံး ဖြစ်တယ် လို့ တင်ပြ လာကြပါတယ်။

နျူထရွန် ကြယ်နဲ့ ပတ်သက်လို့ ယခင် ဆောင်းပါးတစ်ပုဒ်မှာ တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ (ဒီလင့်မှာ ဝင်ဖတ်နိုင် ကြပါတယ်)

အကျဉ်းချုပ် ပြန်ပြောရရင် နျူထရွန် ကြယ် ဆိုတာက ယခင်က ဧရာမ ကြယ်ကြီး တစ်စင်း ဆူပါနိုဗာ ခေါ် ကြယ်ပေါက်ကွဲမှု ဖြစ်အပြီး ကြွင်းကျန် ရစ်ခဲ့တဲ့ ဗဟိုက အူတိုင် အကြွင်းအကျန်တွေ ကနေ ဖြစ်လာတဲ့ ကြယ်ဖြစ်ပါတယ်။ 

ဒီ အကြွင်းအကျန် တွေဟာ အရမ်းကို သိပ်သည်း ကျစ်လစ် သွားပြီး သူ့မှာ ရှိတဲ့ ဒြပ်ပစ္စည်း တွေဟာ နျူထရွန် အမှုန်တွေ အဖြစ် ပြောင်းလဲ သွားကြပါတယ်။

ရူပဗေဒ ပညာရှင် တွေဟာ ဒီ့မတိုင်မီ အရင် ကတဲက နျူထရွန် ကြယ်တွေ ရှိလိမ့်မယ်လို့ ဟောကိန်း ထုတ်ထားခဲ့ ကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အလွန် သေးငယ်တဲ့ အရွယ်အစားကြောင့် ဒီ နျူထရွန် ကြယ်တွေကို ရှာဖွေ တွေ့ရှိနိုင်ဖို့ မဖြစ်နိုင်ဖူးလို့ ယူဆခဲ့ ကြပါတယ်။

ဒါပေမယ့် အခု တွေ့ရှိမှုကနေ တဆင့် နျူထရွန် ကြယ်တွေဟာ အလွန် အားကောင်းတဲ့ ရေဒီယို လှိုင်းတွေကို အချိန်မှန် ထုတ်လွှင့် ပေးနေနိုင်တယ် ဆိုတာကို သိလာရ ပါတယ်။

အသစ် တွေ့ရှိတဲ့ နျူထရွန် ကြယ်တွေကို pulsars လို့ အမည် ပေးခဲ့ ကြပါတယ်။ Pulse ဆိုတာက အလင်းရောင် ဖြတ်ကနဲ ဖြတ်ကနဲ (ဓါတ်ပုံ ကင်မရာက ဖလက်ရှ် လို) ထွက်နေတာကို ရည်ညွှန်းတာ  ဖြစ်ပါတယ်။ အခု ဖြစ်စဉ် မှာကတော့ တဖြတ်ဖြတ် နဲ့ ထွက်နေတာက အလင်းရောင် မဟုတ်ပဲ X-ray လှိုင်း တွေနဲ့ ရေဒီယို လှိုင်းတွေ ဖြစ်ကြပါတယ်။

ဒီ နျူထရွန် ကြယ်တွေဟာ အလွန် လျှင်မြန်တဲ့ နှုန်းနဲ့ လည်ပတ်နေ ကြပြီး သူတို့ဆီက ရေဒီယို လှိုင်းတွေကို မီးပြတိုက်က မီးမောင်းကြီး ပတ်ခြာလည် လှည့်ပြီး ထိုးသလိုမျိုး ထိုးနေပါတယ်။ ဒီ မီးမောင်းကြီး (တကယ်ကတော့ ရေဒီယို လှိုင်းတွေပါ) ကမ္ဘာကို တည့်တည့် ထိုးမိချိန်မှာ သူ့ဆီက ရေဒီယို လှိုင်းတွေကို ဖမ်းယူ ရရှိတာ ဖြစ်ပါတယ်။

(ဒီ တွေ့ရှိမှု အတွက် Hewish က နိုဘယ်ဆု ရရှိ ခဲ့ပေမယ့် သူနဲ့အတူ ရှာဖွေ တွေ့ရှိ ခဲ့တဲ့ သူ့တပည့်မလေး Jocelyn Bell ကိုတော့ နိုဘယ်ဆု ရွေးချယ်ရေး ကော်မတီက ဆုမပေးပဲ ချန်လှပ် ထားခဲ့ပါတယ်။ ဒါပေမယ့် Jocelyn Bell ဟာ နောင်တချိန်မှာ အလွန် ထင်ရှားတဲ့ နက္ခတ် ပညာရှင် တဦး ဖြစ်လာပြီး Royal Astronomical Society ရဲ့ ဥက္ကဌ၊ Institute of Physics ရဲ့ ဥက္ကဌ တာဝန်တွေ ပေးအပ်ခြင်း ခံခဲ့ရ သလို ဗြိတိသျှ ဘုရင်မ ကြီးရဲ့ သူကောင်းပြု ခြင်းကိုလဲ ခံခဲ့ ရပါတယ်။)

ဒီ ရှာဖွေ တွေ့ရှိမှု မတိုင်မီ နှစ်အနည်း ငယ်အချိန်မှာ အမေရိကန် ပြည်ထောင်စုက ဆိုဗီယက် ပြည်ထောင်စုရဲ့ စစ်ရေး လှုပ်ရှားမှု တွေကို ထောက်လှမ်းဖို့ ဆိုပြီး ထောက်လှမ်းရေး ဂြိုဟ်တု အများအပြားကို လွှတ်တင် ခဲ့ပါတယ်။ 

Vela လို့ ခေါ်တဲ့ ဒီ ထောက်လှမ်းရေး ဂြိုဟ်တုတွေဟာ အဓိက အားဖြင့် ဆိုဗီယက် ပြည်ထောင်စုရဲ့ နျူကလိယ အဏုမြူဗုံး စမ်းသပ်မှု တွေကို ထောက်လှမ်း ဖော်ထုတ် ဖို့ ရည်ရွယ် လွှင့်တင်ခဲ့တာ ဖြစ်ပါတယ်။ 

အကယ်လို့ ဆိုဗီယက် တို့က အဏုမြူဗုံး စမ်းသပ်မှု ပြုလုပ်ခဲ့ရင် ဒီ အဏုမြူဗုံး ပေါက်ကွဲမှု ကနေ ဂမ်မာရောင်ခြည် (gamma rays) အမြောက်အများ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ ဒါကို ဒီဂြိုဟ်တု တွေက ထောက်လှမ်းရေး ကိရိယာ တွေကနေ ဖမ်းယူနိုင်မှာ ဖြစ်ပါတယ်။

ဒီ ဗီလာ ဂြိုဟ်တု တွေကနေပြီး တကယ်လဲ ဂမ်မာလှိုင်း အမြောက်အများ ဖမ်းယူ ရရှိ ခဲ့ကြပါတယ်။ ဒါပေမယ့် ပြဿနာက ဒီ လှိုင်းတွေဟာ ဆိုဗီယက် ပြည်ထောင်စု တည်ရှိရာ ကမ္ဘာမြေ ပေါ်က ထွက်ပေါ်လာ ကြတာ မဟုတ်ပဲ အာကာသ ထဲကနေ ရောက်ရှိလာ ကြတာ ဖြစ်နေပါတယ်။

ဒီလို အာကာသ ထဲက ဂမ်မာ ရောင်ခြည် လှိုင်းတွေ ဖမ်းယူ ရရှိ ခဲ့တာကို နှစ်ပေါင်းများစွာ ကြာအောင် လျှို့ဝှက် ထားခဲ့ ကြပါတယ်။ ဒါပေမယ့် ၁၉၇၃ ခုနှစ်မှာတော့ ဒီ ဖမ်းယူ ရရှိခဲ့တဲ့ မှတ်တမ်းတွေကို သိပ္ပံ ပညာရှင် တွေကို လေ့လာခွင့် ပေးခဲ့ပါတယ်။

ဒီ အာကာသ ဂမ်မာ ရောင်ခြည် လှိုင်းတွေကို ဆယ်စုနှစ် အတော်ကြာအောင် သိပ္ပံ ပညာရှင်တွေ လေ့လာခွင့် ရခဲ့ ကြပါတယ်။ ဒီ စုဆောင်း ရရှိတဲ့ အချက်အလက် တွေကနေ သိလာရ တာကတော့ အာကာသ ထဲက လာတဲ့ ဂမ်မာ ရောင်ခြည် လှိုင်းတွေကို အမျိုးအစား အမျိုးမျိုး ခွဲခြား နိုင်တယ် ဆိုတာပဲ ဖြစ်ပါတယ်။

ဒီ ဂမ်မာ ရောင်ခြည် အမျိုးစုံ ထဲက တစ်ခုကတော့ အချိန်မှန် လာနေတဲ့ ဂမ်မာ ရောင်ခြည် လှိုင်းတွေပဲ ဖြစ်ကြပါတယ်။ 

ဂမ်မာ ရောင်ခြည် လှိုင်းတွေနဲ့ ပတ်သက်တဲ့ ထူးခြားချက် ကတော့ သူတို့ကို ထုတ်လွှတ်ဖို့ စွမ်းအင် အမြောက်အများ လိုအပ်တာပဲ ဖြစ်ပါတယ်။ 

လျှပ်စစ်သံလိုက် လှိုင်းခွင် (electromagnetic spectrum) တွေထဲမှာ ဂမ်မာ လှိုင်းတွေဟာ လှိုင်းအလျှား အတိုဆုံးနဲ့ စွမ်းအင်လဲ အမြင့်ဆုံး လှိုင်းတွေ ဖြစ်ကြပါတယ်။ အဏုမြူဗုံး ပေါက်ကွဲရင် ထွက်လာတာလဲ ဒီ ဂမ်မာ လှိုင်းတွေပဲ ဖြစ်ပါတယ်။

ဒီတော့ အလွန် ဝေးကွာတဲ့ အရပ်ကနေ အားကောင်းတဲ့ ဂမ်မာ ရောင်ခြည် လှိုင်းတွေ ကမ္ဘာကို ရောက်လာ နိုင်ဖို့ ဆိုတာ မူလ ထုတ်လွှတ်ပေးတဲ့ အရာဝတ္ထုဟာ စွမ်းအင် အမြောက်အများကို ထုတ်ပေးနိုင်တဲ့ အရာ ဝတ္ထု ဖြစ်ဖို့ လိုပါတယ်။ ပြီးတော့ ဒီ လှိုင်းတွေ အချိန်မှန် ထွက်လာနေဖို့ ဆိုတာကလဲ ဒီ ပင်မမူရင်းဟာ သူ့ဝင်ရိုးပေါ် ဂျင်လည်သလို လည်ပတ်နေဖို့ လိုအပ်ပါတယ်။ 

နက္ခတ် ပညာရှင် တွေရဲ့ တွက်ချက်မှု အရ ဒီလို ဂမ်မာရောင်ခြည် အချိန်မှန် ထုတ်ပေးနေတဲ့ အရာတွေဟာ အပေါ်က တင်ပြခဲ့တဲ့ pulsar နျူထရွန် ကြယ်တွေထဲက စွမ်းအား အလွန် မြင့်တဲ့ ကြယ်အမျိုးအစား ဖြစ်မယ်ဆိုတာကို တွေ့ရှိ ခဲ့ကြပါတယ်။ တနည်းအားဖြင့် ဒီ ကြယ်တွေဟာ ရိုးရိုး နျူထရွန် ကြယ်တွေ မဟုတ်ကြပဲ အားကောင်းတဲ့ သံလိုက်စက်ကွင်း ရှိတဲ့ နျူထရွန် ကြယ် အမျိုးအစားတွေ ဖြစ်ကြပါတယ်။

၁၉၉၀ ပြည့်နှစ်တွေ မှာတော့ magnetar (သံလိုက်ကြယ်)  ဆိုတဲ့ အသုံးကို နက္ခတ် ပညာရှင် အများ လက်ခံပြီး ကျယ်ကျယ် ပြန့်ပြန့် စတင် သုံးနှုန်း လာခဲ့ ကြပါတယ်။

သံလိုက်ထုတ်စက်ကြီး

နျူထရွန် ကြယ်တွေဟာ ပြင်းထန်တဲ့ ဆူပါနိုဗာ ကြယ်ပေါက်ကွဲ မှုကနေ ထွက်ပေါ်လာ ကြတာ ဖြစ်ပါတယ်။ နေထက် အဆ များစွာ ကြီးမားတဲ့ ကြယ်ကြီးတွေ ပေါက်ကွဲမှု ဖြစ်တဲ့ အခါ သူတို့ရဲ့ အကာက ပေါက်ကွဲမှုကြောင့် လွင့်စဉ် ထွက်သွားပြီး အူတိုင်က ဒြပ်ဝတ္ထု တွေကတော့ ပြင်းထန်တဲ့ ဖိအားကြောင့် နျူထရွန် အမှုန်တွေ အဖြစ် ပြောင်းလဲ သွားပါတယ်။

ဒီ ဖြစ်လာတဲ့ နျူထရွန် ကြယ်တွေဟာ ဒြပ်ထု ကြီးမားတယ် ဆိုရင် အူတိုင် ပြိုကျသွားပြီး တွင်းနက် (black hole)  တွေအဖြစ် ပြောင်းလဲ သွားကြပါတယ်။ ဒါပေမယ့် အရွယ် သိပ်မကြီးဘူး ဆိုရင်တော့ နျူထရွန် ကြယ်တွေ အဖြစ် ဆက်လက် တည်မြဲ သွားကြပါတယ်။

စမွေးဖွားစ နျူထရွန် ကြယ်တွေဟာ အပူချိန် ဒီဂရီ စင်တီဂရိတ် ၁၀ သန်းကနေ သန်း ၂၀ အကြား ရှိပါတယ်။ ဒီလို မြင့်မားတဲ့ အပူချိန် အောက်မှာ နျူထရွန် အမှုန်တွေဟာ အရည် အဖြစ် တည်ရှိနေကြပါတယ်။ 

ဒီ အရည် ပျော်နေတဲ့ နျူထရွန် အမှုန်တွေဟာ ကြယ်ရဲ့ အတွင်းမှာ အလွန် လျှင်မြန်စွာ လှည့်ပတ် နေကြပါတယ်။ 

တချိန် ထဲမှာပဲ ကြယ်အတွင်းမှာ ပိတ်မိပြီး ကျန်ရစ်နေတဲ့ ပရိုတွန် တွေနဲ့ အီလက်ထရွန် တွေဟာ ဒီ နျူထရွန် ရည်တွေကြားမှာ လွတ်လပ်စွာ စီးမြော နေကြပါတယ်။ အကယ်လို့ ဒီ နျူထရွန် ကြယ်ရဲ့ ဝင်ရိုးပေါ် လည်တဲ့ အရှိန်ဟာ အရမ်း မြန်ခဲ့မယ် ဆိုရင် ဒီ လွတ်နေတဲ့ အမဓါတ်ဆောင် အီလက်ထရွန် တွေနဲ့ အဖိုဓါတ်ဆောင် ပရိုတွန်တွေ အချင်းချင်း လှည့်ပတ်မှုကြောင့် သံလိုက် စက်ကွင်း ဖြစ်ပေါ် လာမှာ ဖြစ်ပါတယ်။

ဒီ ဖြစ်ပေါ်လာတဲ့ သံလိုက် စက်ကွင်းဟာ ကြယ်ရဲ့ နျူထရွန် အမှုန်တွေရဲ့ လျှင်မြန်စွာ လည်ပတ်မှုကြောင့် တွန့်ခေါက် သွားကြပါတယ်။

ဒီလို တွန့်ခေါက်ပြီး သံလိုက်စက်ကွင်းတွေ အထပ်ထပ် ဖြစ်လာ တာနဲ့ အမျှ ဒီ ကြယ်က ထွက်တဲ့ သံလိုက် စွမ်းအင်ဟာလဲ အဆ တိုးလို့ လာနေပါတယ်။ လည်ပတ်တာ ကြာလာတာနဲ့ အမျှ ဒီ တွန့်ခေါက်လာတဲ့ သံလိုက်စက်ကွင်း တွေဟာ အထပ်ထပ် ရစ်ပတ်မိပြီး သံလိုက် စက်ကွင်းရဲ့ အားကလဲ ပိုပိုပြီး အားကောင်းလို့ လာခဲ့ပါတယ်။

ဒီ ဖြစ်စဉ်ဟာ ကမ္ယာ့ အူတိုင်က သံရည်ပူ တွေထဲမှာ သံလိုက်စက်ကွင်း ဖြစ်ပေါ် လာပုံနဲ့ ဆင်ဆင် တူပါတယ်။ ဒါပေမယ့် ကမ္ဘာ အူတိုင်က ထုတ်ပေးတဲ့ သံလိုက်စက်ကွင်းရဲ့ အားဟာ နျူထရွန် ကြယ်က သံလိုက်စက်ကွင်းရဲ့ အားထက် အများကြီး လျော့နည်းပါတယ်။

နျူထရွန် ကြယ်လို အလွန် ပူပြင်းပြီး သိပ်သည်းမှု အလွန် များတဲ့ ကြယ်တစ်စင်း အတွက်ကတော့ အခြေအနေက မတူပါဘူး။ သူ့မှာ ထိန်းသိမ်းထားတဲ့ အလွန် များပြားတဲ့ စွမ်းအင်တွေကြောင့် ဒီလို သံလိုက်စက်ကွင်း စဖြစ်ပြီး ဆိုတာနဲ့ အခြေအနေ တွေဟာ ထိန်းမနိုင် သိမ်းမရတွေ ဖြစ်ကုန် ကြပါတယ်။

ဒီလို ဖြစ်လာရင် အချိန် ၁၀ စက္ကန့်လောက် အတွင်းမှာ နျူထရွန် ကြယ်ဟာ စကြာဝဠာ အတွင်းမှာ အားအကောင်းဆုံး သံလိုက်စက်ကွင်း ထုတ်ပေးရာ သံလိုက်ထုတ်စက် တစ်ခု အဖြစ် ပြောင်းလဲ သွားပါတယ်။

ဒါပေမယ့် ဒီ အချိန် ၁၀ စက္ကန့်လောက် အတောအတွင်း မှာပဲ နျူထရွန် ကြယ်ရဲ့ အပူချိန်ဟာ လျှင်မြန်စွာ ကျဆင်း လာပါတယ်။ ပုံမှန် ဆိုရင်တော့ အပူချိန် လျှော့နည်း လာတဲ့ အတွက် အတွင်းက လွတ်နေတဲ့ အီလက်ထရွန်နဲ့ ပရိုတွန်တွေ ပြန်လည် ငြိမ်သက်သွားကြပြီး သံလိုက် စက်ကွင်း ထုတ်လုပ်မှုလဲ ရပ်ဆိုင်းသွားမှာ ဖြစ်ပါတယ်။

ဒါပေမယ့် နျူထရွန် ကြယ်တွေရဲ့ အတွင်းပိုင်း အခြေအနေဟာ သာမန်နဲ့ မတူပါဘူး။ သူတို့ရဲ့ အတွင်းပိုင်းက ထူးခြားတဲ့ ရူပဗေဒ ဖြစ်စဉ် တွေကြောင့်မို့ အီလက်ထရွန် တွေနဲ့ ပရိုတွန် တွေရဲ့ လှုပ်ရှားမှုဟာ ရပ်တန့်လို့ မသွား ကြပါဘူး။ 

ဒီ အီလက်ထရွန်နဲ့ ပရိုတွန် အမှုန် တွေဟာ အရည်အဖြစ်ကို ကူးပြောင်းသွားပြီး နျူထရွန်ကြယ် အတွင်းမှာ ဆက်လက် လည်ပတ် နေကြပါတယ်။ 

ဒီ ဖြစ်စဉ်ရဲ့ ရလဒ်ကတော့ ဒီကြယ်ဟာ သံလိုက်ကြယ် အဖြစ် ကူးပြောင်း သွားတာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် နျူထရွန် ကြယ်တိုင်းကတော့ သံလိုက်ကြယ် ဖြစ်လာကြတာ မဟုတ်ပါဘူး။ အကယ်လို့ နျူထရွန် ကြယ်ဟာ လည်ပတ်နှုန်း အရမ်း မြန် နေမယ်ဆိုရင် သူ့ရဲ့ အတွင်းပိုင်းက အပူချိန်ဟာ လျှင်မြန်စွာ ကျဆင်းသွားတာမို့ သံလိုက်ကြယ် ဖြစ်လာဖို့ အခွင့်အရေး ရတော့မှာ မဟုတ်ပါဘူး။

သိပ္ပံ ပညာရှင် တွေရဲ့ ခန့်မှန်းချက် အရ နျူထရွန် ကြယ် အလုံး ၁၀၀ မှာ ၁၀ လုံး လောက်ပဲ သံလိုက်ကြယ် တွေအဖြစ် ပြောင်းလဲ သွားကြတယ်လို့ ဆိုပါတယ်။ 

သံလိုက်ကြယ်က ထွက်တဲ့ သံလိုက်စက်ကွင်းဟာ ဘယ်လောက် အားကောင်းလဲ ဆိုတာ ကမ္ဘာက သံလိုက် စက်ကွင်းနဲ့ နှိုင်းယှဉ်ကြည့် ကြရအောင်ပါ။

ကမ္ဘာ့ မြောက်ဝင်ရိုးစွန်းမှာ ကမ္ဘာ့ သံလိုက် ဆွဲအားဟာ အားအကောင်း ဆုံး ဖြစ်ပါတယ်။ ဒီ နေရာမှာ သံလိုက်အားဟာ ၀.၅ Gauss လောက် ရှိပါတယ်။ (Gauss က သံလိုက်ပြင်းအားကို တိုင်းတဲ့ ယူနစ်ပါ။ အတိုဆို G လို့ ရေးပါတယ်။)

အိမ်က ရေခဲ သေတ္တာမှာ ကပ်တဲ့ သံလိုက်ဟာ ၁၀၀ – ၂၀၀ G လောက် ပြင်းအား ရှိပါတယ်။

နေမှာ ပေါ်လာတဲ့ နေပြောက် (sun spots) တွေ ထဲက သံလိုက်အားဟာ ၄,၀၀၀ G လောက် ပြင်းအား ရှိပါတယ်။

ဆေးပညာမှာ သုံးတဲ့ MRI ခေါ် သံလိုက် ဓါတ်မှန်က ထွက်တဲ့ သံလိုက်ပြင်းအားဟာ ၁၀,၀၀၀ G လောက် ပမာဏ ရှိပါတယ်။ 

အဏုမြူ စမ်းသပ်မှု တွေအတွင်းမှာ ဖြစ်ပေါ်လာတဲ့ သံလိုက် စက်ကွင်း ကတော့ Gauss ပြင်းအား ၁၀ သန်းခန့်ထိ ရှိနိုင်ပါတယ်။ ဒါပေမယ့် ဒီ သံလိုက်အားဟာ အချိန်အားဖြင့် မိုက်ကရို စက္ကန့် အနည်းငယ်ပဲ ခံပါတယ် (မိုက်ကရို စက္ကန့်ဟာ တစ်စက္ကန့်ရဲ့ အပုံ ၁ သန်းပုံ ၁ ပုံ ရှိပါတယ်။) ဒါဟာ လူတွေ လုပ်နိုင်တဲ့ ပြင်းအား အကောင်းဆုံး သံလိုက် စက်ကွင်း ဖြစ်ပါတယ်။

သာမန် ပြင်းအားရှိတဲ့ သံလိုက်ကြယ် တစ်ခုရဲ့ မျက်နှာပြင်က လျှပ်စစ်သံလိုက် စက်ကွင်း ပြင်းအားဟာ 10^14 ကနေ 10^15  လောက် ပြင်းအား ရှိပါတယ်။ (၁,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀ G ခန့်)

သံလိုက်ကြယ်ရဲ့ ဗဟိုက သံလိုက်ပြင်းအားကတော့ သူ့ မျက်နှာပြင်က ပြင်းအားထက် ၁၀ ဆ ခန့် ရှိပါတယ်။

အကယ်လို့ သင်သာ ဒီ သံလိုက်ကြယ် တစ်စင်းနား ကပ်သွားခဲ့မယ် ဆိုရင် ပထမဆုံး ကြုံရမှာကတော့ အလွန် အားကောင်းတဲ့ X-ray ရောင်ခြည်တွေရဲ့ ရိုက်ခတ်မှုကို ခံရမှာပဲ ဖြစ်ပါတယ်။ ဒီ X-ray ရောင်ခြည်တွေဟာ လူတစ်ယောက်ကို တမဟုတ်ခြင်း လောင်ကြွမ်းသွားအောင် အားကောင်းပါတယ်။

အကယ်လို့ ဒီ X-ray ကြောင့် လောင်ကြွမ်း သွားမှာကို ခန ဘေးဖယ် ထားမယ် ဆိုရင်တောင် သံလိုက်ကြယ်ရဲ့ ပြင်းထန်တဲ့ သံလိုက်အားဟာ သင့်ကိုယ်တွင်းက အက်တမ်တွေထဲက အဖိုဓါတ် ဆောင်တဲ့ ပရိုတွန် တွေနဲ့ အမဓါတ် ဆောင်တဲ့ အီလက်ထရွန် တွေကို ဆန့်ကျင်ဖက် အရပ်တွေကို တွန်းထုတ်ပစ်မှာ ဖြစ်ပါတယ်။ 

ဒီလို သင့်ကိုယ်ထဲက ပရိုတွန် တွေနဲ့ အီလက်ထရွန် တွေဟာ ဆန့်ကျင်ဖက် အရပ်ကို အဆွဲခံ ရတဲ့ အတွက် သင့်ကိုယ်ထဲက အက်တမ်တွေဟာ တစစီ ဆုတ်ပြဲ ကွဲထွက် သွားကြပြီး သင့်ကိုယ်ခန္ဓာဟာ တမဟုတ်ခြင်း အငွေ့ပျံ သွားမှာ ဖြစ်ပါတယ်။

X-Ray ထုတ်စက်

သံလိုက်ကြယ် တွေရဲ့ မျက်နှာပြင် အပူချိန်ဟာ ဒီဂရီ စင်တီဂရိတ် သန်း ၂၀ ခန့်ထိ ရှိနိုင်ပါတယ်။ ဒီလို ပူပြင်းတဲ့ အပူကြောင့် သူတို့ရဲ့ မျက်နှာပြင် ကနေ X-ray လှိုင်းတွေ အမြောက်အများ ထွက်လာ ကြပါတယ်။

သံလိုက်ကြယ်တွေက X-ray လှိုင်းတွေဟာ ကြယ်ရဲ့ မျက်နှာပြင် တစ်ခု ထဲကနေ ထွက်လာတာ မဟုတ်ပါဘူး။ ဒီ သံလိုက်ကြယ် တွေရဲ့ ပြင်းထန်တဲ့ သံလိုက် အားကြောင့် ပရိုတွန်နဲ့ အီလက်ထရွန် အမှုန်တွေဟာ အလင်းလျှင် နီးပါး အလျှင်နဲ့ ကြယ်ထဲကနေ လွင့်ထွက် လာကြပါတယ်။

ဒီ လွင့်ထွက်လာတဲ့ အဖိုဓါတ်နဲ့ အမဓါတ်ဆောင် အမှုန်တွေဟာ သံလိုက်ကြယ်ရဲ့ အနီး ပတ်ဝန်းကျင်က အလင်း ဖိုတွန် အမှုန်တွေနဲ့ ဝင်တိုက်မိ ကြပါတယ်။ 

ဒီလို တိုက်မိတဲ့ အတွက် ဖိုတွန် အမှုန်တွေဟာ လာတိုက်မိတဲ့ အီလက်ထရွန်/ပရိုတွန် အမှုန်တွေ ဆီက စွမ်းအင်တွေကို လက်ပြောင်း ရရှိ သွားကြပါတယ်။ ဒီအခါ ဒီ ဖိုတွန် တွေဟာ စွမ်းအား မြင့် လာပြီး X-ray လှိုင်းတွေ အဖြစ် ပြောင်းလဲ သွားကြပါတယ်။

ဒီနည်းနဲ့ ထွက်လာတဲ့  X-ray လှိုင်းတွေကြောင့် သံလိုက်ကြယ် တွေဟာ နေထက် အဆပေါင်း ၁၀၀ လောက် ပိုပြီး တောက်ပ ကြပါတယ်။ ဒါပေမယ့် သူတို့ ဆီက ထွက်လာတဲ့ စွမ်းအင် အားလုံးဟာ X-ray လှိုင်းတွေ အနေနဲ့ ထွက်လာကြတာ မို့လို့ X-ray လှိုင်းကို ဖမ်းယူနိုင်တဲ့ ရေဒီယို တယ်လီစကုပ် တွေနဲ့ပဲ မြင်နိုင်မှာ ဖြစ်ပါတယ်။

သံလိုက်ကြယ် တွေဟာ အမြဲတမ်းတော့ ဂမ်မာ ရောင်ခြည်လှိုင်းတွေကို အဆက်မပြတ် ထုတ်လွှတ် ပေးနေတာတော့ မဟုတ်ပါဘူး။ ဒါဆို ပင်တဂွန်ရဲ့ Vela ဂြိုဟ်တုတွေက ဖမ်းယူရရှိ ခဲ့တဲ့ ဂမ်မာ လှိုင်းတွေက ဘယ်က ရောက်လာ ရတာပါလဲ။

သံလိုက်ကြယ် တွေရဲ့ အားကောင်းလှတဲ့ သံလိုက် စက်ကွင်းထဲမှာ တခါတရံ အီလက်ထရွန် နဲ့ ပရိုတွန် တွေဟာ ပိတ်မိနေ တတ်ကြပါတယ်။ ဒီလို ပိတ်မိနေတဲ့ အီလက်ထရွန်နဲ့ ပရိုတွန် အမှုန်တွေ တဖြည်းဖြည်း စုမိ လာတဲ့ အခါမှာ သူတို့က စုဆောင်းထားတဲ့ စွမ်းအင်ဟာလဲ တိုးပွားလို့ လာပါတယ်။ 

မကြာခန ဆိုသလို ဒီ ပိတ်မိနေ ကြတဲ့ အမှုန်တွေဟာ သံလိုက်စက်ကွင်း ကနေ အမြောက်အများ လွတ်ထွက် သွားကြပါတယ်။ ဘာနဲ့ တူလဲ ဆိုတော့ ရေတွေ များလာလို့ ရေကာတာကြီး ပြိုကျသွား သလိုမျိုးပေါ့။ ဒီတော့ ဒီ ပိတ်မိနေ ခဲ့တဲ့ စွမ်းအင် တွေဟာ ဂမ်မာ လှိုင်းတွေ အဖြစ် အသွင်ပြောင်းပြီး ထွက်ပေါ်လာ ကြတာ ဖြစ်ပါတယ်။

သံလိုက်ကြယ် တွေဟာ စွမ်းအင် အမြောက်အများ ပုံမှန် ဆုံးရှုံးနေ ကြတာမို့ သိပ်တော့ ကြာကြာ မခံပါဘူး။ သူတို့ရဲ့ ပြင်းထန်တဲ့ သံလိုက် စက်ကွင်းဟာ ကြယ်ရဲ့ လည်ပတ်နေတာကို ဘရိတ် အုပ်ပေးသလိုမျိုး နှေးကွေး သွားစေပါတယ်။ ဒီလို နှေးလာတဲ့ အခါမှာ ကြယ်ထဲက စွမ်းအင် ဆုံးရှုံမှုလဲ ပိုပြီး များလာ ကြပါတယ်။ 

နှစ် ၁၀,၀၀၀ လောက် အကြာမှာတော့ သံလိုက်ကြယ်ဟာ သံလိုက်အားအင် ကုန်ခမ်းသွားပြီး သာမန် နျူထရွန် ကြယ်တစင်း အဖြစ်ကို ပြောင်းလဲ သွားပါတော့တယ်။ 

အခုထိတော့ သံလိုက်ကြယ် စုစုပေါင်း ၂၄ လုံးပဲ ရှာတွေ့ ထားပါသေးတယ်။ သူတို့ရဲ့ သက်တမ်း အရမ်းကို တိုတောင်းတာ ကြောင့်လဲ သံလိုက်ကြယ် တွေကို သိပ်ပြီး များများစာစား မတွေ့ရတာ ဖြစ်နိုင်ပါတယ်။ သိပ္ပံ ပညာရှင် တွေကတော့ မစ်ကီးဝေး ဂလက်ဆီ ကြီးထဲမှာတင် သံလိုက်ကြယ် အရေအတွက် သန်း ၃၀ လောက် ရှိမယ်လို့ ခန့်မှန်း ထားကြပါတယ်။

Photo credit: ESO/L. Calçada

Ref: Behold the Magnetar, nature’s ultimate superweapon | Arstechnica

Advertisement