လ ပေါ်ကို လူသားတွေ ဆင်းသက် ခြေချခဲ့တဲ့ အပိုလို စီမံကိန်း (Apollo Mission) မတိုင်မီက သိပ္ပံ ပညာရှင် တွေကြားမှာ လ ဖြစ်ပေါ် မွေးဖွား လာပုံနဲ့ ပါတ်သက်ပြီး အယူအဆ ၃ မျိုး ကွဲပြားနေ ခဲ့ပါတယ်။
ဒီ လ ဖြစ်ပေါ်ပုံ သီအိုရီ ၃ မျိုးအနက် ပထမ တစ်ခုကတော့ လဟာ မူလက နေအဖွဲ့အစည်း အတွင်း လွတ်လပ်စွာ ပျံဝဲနေ ခဲ့တဲ့ ဂြိုဟ်သိမ် တစ်ခု ဖြစ်တယ်။ ဒီဂြိုဟ်သိမ်ဟာ ကမ္ဘာ အနားက ဖြတ်ပျံတဲ့ အချိန် ကမ္ဘာ့ ဆွဲငင်အားကြောင့် ရုန်းမထွက် နိုင်ပဲ ကမ္ဘာကို ပတ်နေတဲ့ လ တစ်စင်း ဖြစ်လာရတယ် ဆိုတဲ့ အယူအဆပဲ ဖြစ်ပါတယ်။
ဒီလို အနားက ဖြတ်သွားတဲ့ ဂြိုဟ်သိမ်တွေကို လှမ်းဆွဲ ထားရာက လ ဖြစ်လာရတာဟာ အထူးအဆန်း တစ်ခုတော့ မဟုတ်ပါဘူး။ ဥပမာ မားစ် (အင်္ဂါဂြိုဟ်) ရဲ့ ဂြိုဟ်ရံလ နှစ်စင်း ဖြစ်တဲ့ ဖိုးဘိုးစ် (Phobos) နဲ့ ဒေးမို့စ့် (Deimos) ဆိုတဲ့ ဂြိုဟ်ရံလ နှစ်စင်းဟာ ဒီနည်းနဲ့ အင်္ဂါဂြိုဟ်ရဲ့ အရံလတွေ ဖြစ်လာရတာ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီ မားစ် ရဲ့ အရံလ နှစ်စင်းရဲ့ အရွယ်အစားနဲ့ ကမ္ဘာရဲ့ လ ရဲ့ အရွယ်အစား နှစ်ခုကို နှိုင်းယှဉ် ကြည့်တဲ့အခါ ဒီ အဆိုပြုချက်ရဲ့ အားနည်းချက်ကို တွေ့လာ ရပါတယ်။ ဘာကြောင့်ဆို ကမ္ဘာရဲ့ လ က ဒီ မားစ်ရဲ့ လ နှစ်စင်းထက် အဆမတန် ကြီးမားနေတာ မို့ပါ။
ဒီလောက် အရွယ်ကြီးတဲ့ လ ကမ္ဘာနား ကပ်ဖြတ်သွားတုန်း ကမ္ဘာရဲ့ ဆွဲငင်အားက ဖမ်းဆွဲထားဖို့ ဆိုတာက သိပ် မဖြစ်နိုင် ဘူးလို့ ဒီ အဆိုပြုချက်ကို လက်မခံတဲ့ ပညာရှင် တွေက ထောက်ပြ ကြါပါတယ်။
ဒုတိယ အဆိုပြုချက် ကတော့ လ နဲ့ ကမ္ဘာဟာ ဂြိုဟ် အမွှာပူး အနေနဲ့ မွေးဖွားလာ ခဲ့တယ် ဆိုတဲ့ အယူအဆပဲ ဖြစ်ပါတယ်။ ကမ္ဘာနဲ့ လ ဖြစ်လာမယ့် ဓါတ်ငွေ့ နဲ့ ဖုန်မှုန့်တွေဟာ ဓါတ်ပြားဝိုင်းကြီး တစ်ချပ် လည်နေ သလို လည်ပတ်ရင်းကမှ ကမ္ဘာနဲ့ လ အတွဲ ဖြစ်လာတယ် ဆိုတဲ့ အယူအဆ ဖြစ်ပါတယ်။
ဒီ အဆိုပြုချက် မှာလဲ အားနည်းချက် ရှိနေ ပြန်ပါတယ်။ ဒါကတော့ လ ရဲ့ အူတိုင်အရွယ်အစားပဲ ဖြစ်ပါတယ်။
အကယ်လို့သာ ဒီ သီအိုရီ မှန်ကန် ခဲ့မယ်ဆိုရင် ဖြစ်ပေါ်လာမယ့် လ ရဲ့ အူတိုင်ဟာ အခုလက်ရှိ အူတိုင်ထက် ပိုပြီး ကြီးသင့်တယ်လို့ ပညာရှင် တွေက ထောက်ပြကြ ပါတယ်။
တတိယ အဆိုပြုချက် ကတော့ ကမ္ဘာဦး ကာလမှာ ကမ္ဘာဟာ လည်ပတ်နှုန်း အလွန် မြန်ခဲ့တာမို့ ကမ္ဘာက အစိတ်အပိုင်း တစ်ခုဟာ ပြုတ်ထွက်သွားပြီး လ ဖြစ်လာတယ် ဆိုတဲ့ အယူအဆပဲ ဖြစ်ပါတယ်။
ပြဿနာက ဒီ လို လည်ပတ်နှုန်း မြန်တဲ့ ကမ္ဘာကနေ အစိတ်အပိုင်း တစ်ခု ပြုတ်ထွက် သွားတဲ့ ပုံစံကို ရူပဗေဒ စည်းမျဉ်းတွေနဲ့ ရှင်းမပြ နိုင်တာပဲ ဖြစ်ပါတယ်။
ဒီ သီအိုရီက ပြောသလိုမျိုး ကမ္ဘာလည်နှုန်း မြန်လို့ အစိတ်အပိုင်း တစ်ခု ပြုတ်ထွက်သွား ခဲ့မယ် ဆိုရင် ဒီ ပြုတ်ထွက်သွားတဲ့ အပိုင်းဟာ လုံလောက်တဲ့ အဟုန် (momentum) ရရှိ သွားမှာ ဖြစ်ပါတယ်။ ဒီ အဟုန်ကြောင့် ကမ္ဘာကို ပတ်နေတဲ့ လ ဖြစ်မလာပဲ အာကာသ ထဲကို လွင့်ထွက်သွားမယ်လို့ ထောက်ပြ ကြပါတယ်။
ဒီတော့ သိပ္ပံ ပညာရှင် တွေအကြားမှာ ဖြေရှင်း မရနိုင်တဲ့ လဖြစ်ပေါ်ပုံ အယူအဆ ၃ မျိုးနဲ့ ခရီးမရောက် ဖြစ်နေ ခဲ့ရပါတယ်။ ဒါကို ကယ်တင်ပေးလိုက် တာကတော့ လပေါ် လူဆင်းသက် ခဲ့တဲ့ အပိုလို စီမံကိန်းပဲ ဖြစ်ပါတယ်။
အပိုလိုမစ်ရှင်က လရဲ့ မူလကို အဖြေရှာပေးခဲ့တယ်
အပိုလို စီမံကိန်း အရ လပေါ် လူဆင်းသက် တဲ့အခါ လပေါ်က ကျောက်တုံးတွေကို နမူနာ ပြန်သယ်လာ ခဲ့ကြပါတယ်။ ဒီ ကျောက်တုံးတွေကို အသေးစိတ် ခွဲခြမ်း လေ့လာပြီးတဲ့နောက် သိပ္ပံ ပညာရှင် တွေ အကြားမှာ လ မွေးဖွားပုံနဲ့ ပါတ်သက်တဲ့ သီအိုရီ အသစ် ပေါ်ထွက် လာခဲ့ပါတယ်။
လပေါ်က ပြန်သယ်လာတဲ့ လကျောက် နမူနာ တွေကို ဓါတုဗေဒ ဓါတ်ခွဲ စမ်းသပ်မှု ပြုလုပ် ခဲ့ကြပါတယ်။ ဒီ အခါ လကျောက် နဲ့ ကမ္ဘာပေါ်က ကျောက်သားတွေနဲ့ အကြားမှာ အတော်လေး တူညီမှု ရှိနေတယ် ဆိုတာကို တွေ့လာ ကြရပါတယ်။
ဒီ အချက်က ဘာကို ဖော်ပြနေလဲ ဆိုတော့ လနဲ့ ကမ္ဘာဟာ မူလက တစ်ခုတည်း ဖြစ်ခဲ့တယ် ဆိုတာကိုပဲ ဖြစ်ပါတယ်။ ဒီအချက်ကို အခြေခံပြီး သိပ္ပံ ပညာရှင် အချို့က “တိုက်မိခြင်း သီအိုရီ (Collision Theory)” ကို အဆိုပြုခဲ့ ကြပါတယ်။
ယနေ့ လက်ရှိမှာ လ ဖြစ်ပေါ်ပုံနဲ့ ပါတ်သက်လို့ ပညာရှင် အများစု လက်ခံ ထားကြတာ ကတော့ ဒီ တိုက်မိခြင်း သီအိုရီပဲ ဖြစ်ပါတယ်။
ဒီ သီအိုရီ အရ အင်္ဂါဂြိုဟ်လောက် အရွယ် ရှိတဲ့ ဂြိုဟ်တစ်စင်းဟာ ကမ္ဘာဦး အစ မွေးဖွားကာစ ကမ္ဘာကို ဝင်တိုက်မိ ခဲ့တယ်လို့ ဆိုပါတယ်။
သီယာ (Thea) လို့ အမည် ပေးထားတဲ့ ဒီ ဂြိုဟ်ဟာ ကမ္ဘာကို ဝင်တိုက်မိ တဲ့အခါ ဒီ တိုက်မိတဲ့ အရှိန်ကြောင့် ကမ္ဘာပေါ်က ကျောက်ဆိုင် ကျောက်ခဲတွေ အာကာသထဲ လွင့်ထွက်သွားပြီး လ ဖြစ်လာတယ်လို့ ဆိုပါတယ်။
ဒီ လွင့်ထွက်သွားတဲ့ ကျောက်စိုင် ကျောက်ခဲ တွေဟာ ကမ္ဘာနဲ့ မနီးမဝေး သင့်တော်တဲ့ အကွာအဝေး တစ်ခုမှာ “လ” အဖြစ် ပေါင်းစပ် မွေးဖွား လာပါတယ်။
ဒီ အကွာအဝေး ထက် ဝေးခဲ့ရင် ကျောက်ဆိုင် ကျောက်ခဲတွေ အာကာသထဲ လွင့်ထွက်သွားမှာ ဖြစ်ပြီး ဒီ့ထက် နီးရင်လဲ ကမ္ဘာ့ ဆွဲအားကြောင့် ကမ္ဘာပေါ်ကို ပြန်ပြီး ပြုတ်ကျလာမှာ ဖြစ်ပါတယ်။
ဒီ သီအိုရီဟာ အခုထိ အဆိုပြု ခဲ့တဲ့ သီအိုရီ တွေအထဲမှာ အပြည့်စုံ ဆုံးလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် သူကလဲ ပြဿနာ လုံးဝ မရှိတဲ့ ခြောက်ပစ်ကင်း သဲလဲစင် သီအိုရီတော့ မဟုတ်ပြန် ပါဘူး။
ဒီ သီအိုရီရဲ့ အဓိက ပြဿနာ ကတော့ ကမ္ဘာနဲ့ လရဲ့ ဖွဲ့စည်းပုံက အရမ်း တူလွန်း နေတာပဲ ဖြစ်ပါတယ်။ ဒီတော့ တိုက်မိခဲ့တဲ့ သီယာ ဂြိုဟ်ရဲ့ အပိုင်းအစတွေ ဘယ်မှာလဲလို့ မေးစရာ ဖြစ်လာ ပြန်ပါတယ်။
သီယာ ဂြိုဟ်ကြီးသာ တကယ် ဝင်တိုက်မိ ခဲ့တယ် ဆိုရင် လ ပေါ်မှာ သီယာ ရဲ့ အပိုင်းအစတွေ အများအပြား ကြွင်းကျန် ရစ်ခဲ့မှာမို့ ကမ္ဘာနဲ့ လ ရဲ့ ကျောက်သား ဖွဲ့စည်းပုံဟာ ပိုပြီး ကွာခြားသင့်တယ်လို့ ပညာရှင် အချို့က ထောက်ပြ ကြပါတယ်။
ဒီ သီအိုရီကို ထောက်ခံတဲ့ ပညာရှင် တွေကတော့ အပိုလို လဆင်းယာဉ်တွေ နမူနာ ကောက်ယူခဲ့တဲ့ ကျောက်တုံးတွေဟာ လ တစ်ခုလုံးပေါ်က ကျောက်တုံးတွေရဲ့ အလွန် သေးငယ်တဲ့ အစိတ်အပိုင်းတွေသာ ဖြစ်တယ် ဆိုတာကို ပြန်ပြီး ထောက်ပြ ကြပါတယ်။ ဒါ့ကြောင့် သီယာရဲ့ အကြွင်းအကျန် တွေကို ကောက်ယူ မိဖိို့ ဆိုတာက အလွန် ခဲယာဉ်း လိမ့်မယ် ဆိုတာကို ပြန် ထောက်ပြ ကြပါတယ်။
ဒါပေမယ့် ပြဿနာက လပေါ်က ကျောက်နမူနာ ယူတဲ့ မစ်ရှင် အများအပြား ကနေ ပြန်ယူလာတဲ့ ကျောက်နမူနာ တွေ အားလုံးဟာ ကမ္ဘာပေါ်က ကျောက် ဖွဲ့စည်းပုံနဲ့ လုံးဝ နီးပါး တူနေတာပဲ ဖြစ်ပါတယ်။ ဒီတော့ သီယာ ရဲ့ အကြွင်းအကျန် အခုထိ ရှာမတွေ့သေး ပြန်ပါဘူး။
ဒီ အချက်တွေကြောင့် တိုက်မိခြင်း သီအိုရီဟာ အခု အချိန်မှာ အခိုင်မာဆုံး သီအိုရီ တစ်ခု ဖြစ်ပေမယ့် သူ့ကို အတည်ပြုဖို့ အဓိက လိုအပ်တဲ့ သီယာဂြိုဟ်ရဲ့ အကြွင်းအကျန်တွေ ရှာမတွေ့ သေးတာက သူ့ရဲ့ အဓိက အားနည်းချက် ဖြစ်နေ ပြန်ပါတယ်။
ပညာရှင် အများစု ကတော့ ဒီ သီအိုရီကို အတည်ပြု နိုင်ဖို့ ဆိုရင် လပေါ်က နေရာ အနှံ့အပြား ကနေ ကျောက်သား နမူနာ အများအပြား ကောက်ယူဖို့ လိုတယ်ဆိုတာ ဝန်ခံ ကြပါတယ်။
ဒါပေမယ့် ဒီလို ကျောက်နမူနာ အများအပြား ကောက်ယူဖို့ ကုန်ကျမယ့် ကုန်ကျစားရိတ်ဟာ အလွန် များတာမို့ ယခု လက်ရှိ အချိန်မှာတော့ လ ဖြစ်ပေါ်ပုံ နဲ့ ပါတ်သက်တဲ့ သီအိုရီ ကို သက်သေ ပြနိုင်ခြင်း မရှိသေးပါဘူး။
Reference: How did the Moon form? | BBC Sky at Night Magazine