Black hole တွေဟာ စကြာဝဠာ ထဲက ထူးဆန်းတဲ့ အရာဝတ္ထုတွေ ဖြစ်ကြပါတယ်။ အလွန် သိပ်သည်းပြီး ဆွဲငင်အား ပြင်းထန် လွန်းတာကြောင့် အလင်းကိုတောင် လွတ်ထွက် မသွားအောင် ဆွဲဖမ်း ထားနိုင်တဲ့ အစွမ်း ရှိကြပါတယ်။
ဒီ ဘလက်ဟိုး တွေထဲ မှာမှ supermassive black hole ဆိုတဲ့ မဟာ တွင်းနက် ကြီးတွေဟာ ထူးခြားတဲ့ ဘလက်ဟိုး ကြီးတွေ ဖြစ်ကြပါတယ်။ သူတို့ဟာ နေ အစင်းပေါင်း သန်းချီ ဒြပ်ထု ရှိကြပြီး အချို့ မဟာတွင်းနက် ကြီးတွေဆို နေအစင်း သန်းထောင်ချီရဲ့ ဒြပ်ထုနဲ့ ညီမျှ တဲ့ ဒြပ်ထု ရှိကြပါတယ်။
ဒီ မဟာတွင်းနက် ကြီးတွေကို ဂလက်ဆီ ကြယ်စု ကြီးတွေရဲ့ ဗဟိုမှာ တွေ့ရ တတ်ပါတယ်။ အခုထိ တွေ့ပြီးသမျှ ဂလက်ဆီတွေ အားလုံး နီးပါးရဲ့ ဗဟိုမှာ မဟာ တွင်းနက်ကြီးတွေ ရှိနေတာ တွေ့ရပါတယ်။
ဩစတြေးလျ နိုင်ငံ အမျိုးသား တက္ကသိုလ် (Australian National University) က နက္ခတ် ပညာရှင် တွေ ဦးဆောင်တဲ့ အပြည်ပြည် ဆိုင်ရာ နက္ခတ် ပညာရှင်များဟာ စကြာဝဠာ အတွင်းက အလျှင်မြန်ဆုံး နှုန်းနဲ့ ကြီးထွား လာနေတဲ့ မဟာတွင်းနက်ကြီး တစ်ခုကို ရှာဖွေ တွေ့ရှိ ထားတယ်လို့ ကြေငြာ ခဲ့ပါတယ်။ သူတို့ရဲ့ တွေ့ရှိချက်ကို Publications of the Astronomical Society of Australia နက္ခတ် သုတေသန ဂျာနယ်မှာ တင်ပြ ထားပါတယ်။
ဒီ သုတေသနကို ဦးဆောင် သူကတော့ ဩစတြေးလျ နိုင်ငံ အမျိုးသား တက္ကသိုလ် က နက္ခတ်ရူပဗေဒ ပညာရှင် (astrophysicist) တစ်ဦးဖြစ်သူ ခရစ် အောန်ကင် (Chris Onken) ပဲ ဖြစ်ပါတယ်။ သူက တွင်းနက် တစ်ခု ဘယ်လောက် မြန်မြန် ကြီးထွား လာနေလဲ ဆိုတာကို သူ့ဆီက ထွက်တဲ့ အလင်းရဲ့ ပြင်းအားကို တိုင်းတာပြီး သိနိုင်တယ်လို့ ရှင်းပြပါတယ်။
ဒီနေရာမှာ တွင်းနက်ပါ ဆိုမှ အလင်းတောင် ရုန်းမထွက် နိုင်တာ၊ သူ့ဆီက အလင်းကို ဘယ်လို မြင်ရ မလဲလို့ မေးစရာ ဖြစ်လာပါတယ်။
တွင်းနက်တွေရဲ့ ဆွဲငင်အား ကြောင့် အနား ပတ်ခြာလည်က ဓါတ်ငွေ့တွေ၊ ဖုန်မှုန့်တွေနဲ့ အခြား ဒြပ်ဝတ္ထု တွေဟာ ဘလက်ဟိုး ထဲကို အရှိန်အဟုန်နဲ့ စီးဝင် သွားပါတယ်။ ဒီ အရာ ဝတ္ထု တွေဟာ တွင်းနက်ထဲကို ဝဲဂယက်ကြီး တစ်ခုလို လှည့်ပတ် စီးမျောရင်း စီးဝင်သွား ကြတာ ဖြစ်ပါတယ်။
ဒီလို အရှိန် အဟုန်နဲ့ ဝဲဂယက် ကြီးလို စီးဝင်ရင်း ဒြပ်မှုန်တွေဟာ တစ်ခုနဲ့ တစ်ခု အရှိန်ပြင်းစွာ ပွတ်တိုက်မိ ကြပါတယ်။ ဒီလို ပွတ်တိုက်မိ တာကြောင့် အပူချိန် အဆမတန် မြင့်တက်လာပါတယ်။ ဒီအခါ ပူတဲ့ အရာ ဝတ္ထု တွေရဲ့ ထုံးစံ အတိုင်း အလင်းရောင် တောက်လာပါတယ်။ ဒီ ဝဲဂယက်က ထွက်တဲ့ အလင်းကို မြင်ကြရတာ ဖြစ်ပါတယ်။
ဒီတော့ ဒီလို တွင်းနက်ထဲ ဝင်သွားတဲ့ ဒြပ်ဝတ္ထုတွေ များလေလေ၊ ပွတ်တိုက်မိတာ များလေလေ ဖြစ်မှာ ဖြစ်ပါတယ်။ ဒီလို ပွတ်တိုက်မိတာ များရင် အပူချိန်လဲ ပိုမြင့်ပြီး ထွက်တဲ့ အလင်းကလဲ ပိုပြီး တောက်ပမှာ ဖြစ်ပါတယ်။
တနည်းအားဖြင့် ဒြပ်ဝတ္ထု တွေကို ဝါးမျိုတာ များတဲ့ တွင်းနက်တွေရဲ့ ဝဲဂယက်ဟာ အရောင် ပိုတောက်မှာ ဖြစ်ပါတယ်။ တချိန် ထဲမှာပဲ ဒီလို ဝါးမျိုတာ များတဲ့ တွင်းနက်တွေ ရဲ့ ဒြပ်ထုဟာလဲ သူဝါးမျိုလိုက်တဲ့ ဒြပ်ပစ္စည်း တွေကြောင့် အလျင်အမြန် ကြီးထွားလို့ လာပါတယ်။
အခု တွေ့ရှိရတဲ့ မဟာ တွင်းနက်ကြီးဟာ တစ်နှစ်ကို နေ အစင်း ၈၀ စာ လောက်နဲ့ ညီမျှတဲ့ ဒြပ်ထုကို ဝါးမျို နေပါတယ်။ ဒီနှုန်းဟာ တနည်းအားဖြင့် တစ်စက္ကန့် တိုင်းမှာ ကမ္ဘာ တစ်လုံးစာ ဝါးမျိုတာနဲ့ ညီမျှပါတယ်။
အခု တွေ့ရတဲ့ မဟာ တွင်းနက်ကြီးဟာ ကမ္ဘာနဲ့ ဆိုရတော့ အလှမ်း ကွာဝေးပါတယ်။ ဘယ်လောက် ဝေးလဲဆို ဒီ တွင်းနက်ရဲ့ ဝဲဂယက် က ထွက်လာတဲ့ အလင်း ကမ္ဘာကို ရောက်ဖို့ အချိန် နှစ် သန်း ၇ ထောင်လောက် ကြာပါတယ်။ တနည်းအား ဖြင့် ဒီတွင်းနက်ဟာ ကမ္ဘာကနေ အလင်းနှစ် သန်း ၇,၀၀၀ ခန့် အကွာမှာ ရှိတဲ့ တွင်းနက်ကြီး တစ်ခု ဖြစ်ပါတယ်။
စကြာဝဠာ ဖြစ်တည်စ တုန်းက ဆိုရင်တော့ ဒီလို နှုန်းနဲ့ အလျင်အမြန် ကြီးထွားတဲ့ တွင်းနက်တွေဟာ သိပ်ပြီး ရှားပါးတဲ့ တွင်းနက်တွေ မဟုတ် ကြပါဘူး။ ဒါပေမယ့် စကြာဝဠာရဲ့ သက်တမ်း အနည်းငယ် ရလာတဲ့အ ချိန်မှာတော့ ဒီလို အလျင်အမြန် ကြီးထွားလာတဲ့ တွင်းနက်တွေကို သိပ်မတွေ့ရ တော့ပါဘူး။
J1144 လို့ အမည်ပေး ထားတဲ့ အခု တွင်းနက်ကြီးဟာ လွန်ခဲ့တဲ့ နှစ်သန်း ၉ ထောင် အတွင်း ဖြစ်တည်ခဲ့တဲ့ တွင်းနက်တွေ အနက်မှာ ကြီးထွားနှုန်း အမြန်ဆုံး တွင်းနက် ဖြစ်ပါတယ်။
အခုလို ကြီးထွားနှုန်း အလွန် လျင်မြန်ရတဲ့ အကြောင်းရင်း ကိုတော့ သုတေသီ တွေအနေနဲ့ အဖြေ မပေးနိုင်ဘူး ဖြစ်နေပါတယ်။
သုတေသီ အောန်ကင် ကတော့ စကြာဝဠာရဲ့ အခုလို သက်တမ်းမှာ အခြား တွင်းနက်တွေထက် အဆများစွာ ပိုပြီး အရောင် တောက်ပနေတာဟာ ဂလက်ဆီ နှစ်ခု တိုက်မိ သလိုမျိုး အဖြစ်အပျက် တစ်ခု ဖြစ်ပျက်နေလို့ ဖြစ်နိုင်ပါတယ်။ ဒီလို ဂလက်ဆီ နှစ်ခု တိုက်မိတော့ ရုတ်တရက် စားသုံးစရာ တွေ များလာပြီး တွင်းနက်ကြီးလဲ အလျင်အမြန် ကြီးထွားလာတာ ဖြစ်နိုင်ပါတယ် လို့ ရှင်းပြပါတယ်။
စကြာဝဠာရဲ့ အစောဦး ပိုင်းက ဂလက်ဆီ တွေကို ကြည့်မယ်ဆိုရင် ဂလက်ဆီတွေ အချင်းချင်း တိုက်မိပြီး ပူးပေါင်းသွားတဲ့ ဖြစ်စဉ်တွေ ပေါပေါများများ တွေ့ရ နိုင်ပါတယ်။ ဒီလို အစောဦး ကာလမှာ ရှိတဲ့ တွင်းနက်ကြီးတွေ အနေနဲ့ အစာရေစာလဲ ပေါများ ခဲ့တာမို့ ကြီးထွားမှု နှုန်းကလဲ လျှင်မြန်ကြပါတယ်။
ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်သန်း ၇၀၀၀ လောက် အကွာကတော့ ဒီလိုမျိုး လျင်မြန်စွာ ကြီးထွားလာ နေတဲ့ တွင်းနက်မျိုးတွေ မတွေ့ရ တော့ပါဘူး။ အဲ့သည် အချိန်က အလင်းဆုံး ဆိုတဲ့ တွင်းနက်တွေတောင် အခု J1144 တွင်းနက်ထက် အများကြီး ပိုပြီး မှိန်ပါတယ် လို့ သူက ဆက်ရှင်း ပြပါတယ်။
ဒီ တွင်းနက်ကို စတင် တွေ့ရှိစက သူ့ကို တွင်းနက်မှန်း မသိခဲ့ ကြပါဘူး။ သူ့ကို သာမန် ကြယ်တစ်လုံး လို့ပဲ ထင်ခဲ့ ကြတာပါ။
ဒါပေမယ့် သူက ထွက်တဲ့ အလင်းဟာ အခြား ကြယ်တွေနဲ့ မတူပဲ တမူ ထူးခြား နေပါတယ်။ ဒါ့ကြောင့် နက္ခတ်ပညာရှင် တွေက သူဟာ ကြယ်တစ်လုံး မဟုတ်ပဲ ကွေဆာ ခေါ် အလင်းရောင် တောက်ပတဲ့ မဟာ တွင်းနက်ကြီး တစ်ခု ဖြစ်ရမယ်လို့ ကောက်ချက်ချ ခဲ့ကြပါတယ်။
ဒီ ကွေဆာ တွင်းနက်ကြီးကို ရှာဖွေ တွေ့ရှိ ခဲ့တာကြောင့် နက္ခတ် ပညာရှင် တွေဟာ အရင်က ကြယ်လို့ ယူဆခဲ့ ကြပေမယ့် ထူးခြားတဲ့ အလင်းရောင် ရှိတဲ့ အရာဝတ္ထု တွေကို ကွေဆာတွေများ ဖြစ်လေမလား ဆိုပြီး ပြန်လည် လေ့လာနေ ကြပါတယ်။ အခုထိတော့ ဒီလို ကွေဆာ ဖြစ်နိုင်တဲ့ အရာဝတ္ထု အခု ၈၀ လောက်ကို ပြန်လည် လေ့လာနေ ကြပါတယ်။
နောက်အဆင့် အနေနဲ့ အခု J1144 ကို ခရမ်းလွန် ရောင်ခြည် ခွင်အတွင်း ဖမ်းယူနိုင်တဲ့ နက္ခတ်မှန်ပြောင်းတွေနဲ့ စူးစမ်းဖို့ မျှော်လင့်ထား ကြပါတယ်။ ဒါပေမယ့် ဒီလို လေ့လာဖို့ ဆိုရင်တော့ ကမ္ဘာပတ် လမ်းကြောင်းထဲ လွှတ်တင်ထားတဲ့ နက္ခတ်မှန်ပြောင်း တစ်ခုခုကို အသုံးပြု ကြရမှာ ဖြစ်ပါတယ်။
အခုလို ထူးခြားတဲ့ တွင်းနက် တခုကို အသေးစိတ် လေ့လာခြင်း အားဖြင့် စကြာဝဠာ အစောပိုင်း ကာလမှာ ဘာတွေ ဖြစ်ပျက် ခဲ့သလဲ ဆိုတာနဲ့ ပါတ်သက်လို့ ပိုပြီး သိနားလည် လာနိုင်လိမ့်မယ်လို့ သိပ္ပံ ပညာရှင် တွေက မျှော်လင့် ကြပါတယ်။
Ref: Australian researchers discover the fastest-growing black hole of the last 9 billion years | Cosmos