သိပ္ပံ ပညာရှင် များက စကြာဝဠာရဲ့ 27% ဟာ အမှောင်ဒြပ် (dark matter) တွေနဲ့ ဖွဲ့စည်း ထားတယ်လို့ ယုံကြည် ကြပါတယ်။ ဒီ အမှောင်ဒြပ်ဟာ ဂလက်ဆီ တွေကို လွင့်ထွက် မသွားအောင် ဆွဲထားပေးပါတယ်။
ဒါပေမယ့် ဒီလို အပို ဆွဲငင်အား ဖြစ်စေတာက လွဲလို့ အခြား ဘာအလုပ်မှ လုပ်တာကို မတွေ့ရ ပါဘူး။ တနည်းအား ဖြင့်တော့ ဂလက်ဆီ တွေကို တည်ငြိမ်အောင် ဆွဲထား ပေးတာက လွဲလို့ အခြား ဘယ်နေရာ မှာမှ သုံးစား မရတဲ့ ဒြပ်ဝတ္ထုတွေ ဖြစ်ကြပါတယ်။
ဒါပေမယ့် စကြာဝဠာ အစပိုင်း ကာလ တုန်းကတော့ ဒီလို မဟုတ်ဘူးလို့ အချို့ နက္ခတ် ပညာရှင် တွေက ယုံကြည် ကြပါတယ်။ သူတို့ရဲ့ ယူဆချက် အရ စကြာဝဠာ အစပိုင်း ကာလမှာ အချို့ ဒေသ တွေမှာ ဒီ အမှောင်ဒြပ်တွေ အများကြီး စုမိတဲ့ နေရာတွေ ရှိနေနိုင်တယ်လို့ ဆိုပါတယ်။ ဒီ နေရာ တွေက အမှောင်ဒြပ်တွေ စုစည်း မိပြီး ဖိသိပ် မိရာကနေ ကြယ်သစ်တွေ ဖွားမြင် လာနိုင်တယ်လို့ ယူဆ ကြပါတယ်။
တနည်းအား ဖြင့်တော့ အမှောင်ဒြပ်နဲ့ ဖွဲ့စည်း ထားခဲ့ကြတဲ့ အမှောင်ကြယ် (Dark Stars) တွေ ဖြစ်ကြပါတယ်။
အမှောင်ဒြပ်လို့ ပြောရင် တကယ်က ဘာမှ စိတ်ဝင် တစား ပြောစရာက သိပ်တော့ မရှိပါဘူး။ အဲ့သည် အမှောင်ဒြပ်ကို မြင်လဲ မမြင်နိုင်၊ ထိတွေ့ ကိုင်တွယ် ခံစား လို့လဲ မရ၊ ဘာ အရောင်မှလဲ မထွက်၊ ဘယ်သူနဲ့ မှလဲ မဆက်ဆံပဲ သီးသန့် နေတဲ့ ဒြပ်တစ်မျိုး ဖြစ်ပါတယ်။
သူတို့ လုပ်တာက တစ်ခုတည်းပါ။ အဲ့ဒါကတော့ ဆွဲငင်အား သက်ရောက်တာပဲ ဖြစ်ပါတယ်။
အမှောင်ဒြပ် ရှိတယ် ဆိုတာကို မျက်စေ့နဲ့ မြင်ရလို့ သိတာ မဟုတ်ပဲ စကြာဝဠာ အတွင်းက ဂလက်ဆီ တွေအပေါ် သက်ရောက်တဲ့ ဆွဲအား အပိုတွေ ရှာဖွေ တွေ့ရှိရာက အမှောင်ဒြပ် ဆိုတဲ့ အယူအဆ ဖြစ်လာတာ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီလို ဘယ်သူနဲ့မှ မဆက်ဆံတဲ့ အမှောင်ဒြပ် ဆိုတဲ့ အယူအဆ ကလဲ ပြဿနာ ကင်းလှတာတော့ မဟုတ်ပါဘူး။
အမှောင်ဒြပ်ရဲ့ လက္ခဏာ တွေကို အသုံးပြုပြီး ကွန့်ပြူတာနဲ့ စကြာဝဠာ အတု ဖန်တီး (simulation) လုပ်ကြည့်ကြတဲ့ အခါမှာ လက်တွေ့ မြင်နေရတဲ့ စကြာဝဠာနဲ့ မတူတဲ့ စကြာဝဠာ ထွက်ပေါ်လာတာ တွေ့ကြရ ပါတယ်။
ဒီ simulation တွေ အရ ဖြစ်လာတဲ့ စကြာဝဠာ ထဲက ဂလက်ဆီ တွေရဲ့ ဗဟို အူတိုင်ဟာ အခု တွေ့ရတဲ့ ဂလက်ဆီ အူတိုင် တွေထက် ပိုပြီး သိပ်သည်း နေတာကို တွေ့ကြရ ပါတယ်။ နောက်ပြီး ဂလက်ဆီ တွေမှာလဲ ဘေးနား ပတ်ခြာလည်မှာ ခြံရံ နေတဲ့ ဂလက်ဆီ အရန် တွေ အများအပြား တွေ့ကြရ ပါတယ်။
ဒီအချက်က ဘာကို ပြနေလဲ ဆိုတော့ ဒီ အမှောင်ဒြပ်ဟာ ကျွန်တော်တို့ နားလည် ထားတာထက် ပိုပြီး ရှုပ်ထွေး နေတယ် ဆိုတာပဲ ဖြစ်ပါတယ်။ ဒီ အမှောင် ဒြပ်ဟာ အလင်း (သို့) အခြား ဒြပ်ပစ္စည်း တွေနဲ့ ဆက်စပ် သက်ရောက်မှု မရှိပေမယ့် အမှောင်ဒြပ် အချင်းချင်း ဆက်စပ်မှု၊ အကျိုး သက်ရောက်မှု ရှိနေမယ် ဆိုရင် ဘယ်လို ဖြစ်လာမလဲ။
ဒီလို အမှောင်ဒြပ် အချင်းချင်း သက်ရောက်မှုဟာ သိပ်တော့ အားကောင်းဟန် မတူပါဘူး။ ဘာလို့ဆို ပြင်းထန်တဲ့ သက်ရောက်မှုသာ ရှိခဲ့ရင် အမှောင်ဒြပ်တွေ စုသွားပြီး ပြိုကွဲ ပျက်စီး ပျောက်ဆုံး သွားနိုင်တာကြောင့် ဖြစ်ပါတယ်။
ဒီ အယူ အဆကို လက်တွေ့ အထောက် အထား ပြနိုင်ဖို့ လိုအပ် လာပါတယ်။ ဒီလို အထောက်အထား ရှာဖွေဖို့ ဆိုတာက သိပ်တော့ လွယ်လှတာ မဟုတ်ပါဘူး။ ဒါပေမယ့် ရှာဖွေ ထောက်လှမ်း နိုင်မယ့် နည်းလမ်းကို နက္ခတ် ပညာရှင်တွေ ရှာဖွေ ဖော်ထုတ် နိုင်ခဲ့ ကြပါတယ်။
စကြာဝဠာ အစဦး ကာလဟာ အခု မြင်နေရတဲ့ စကြာဝဠာနဲ့ အရမ်းကို ကွာခြားပါတယ်။ Big Bang မဟာ ပေါက်ကွဲမှုကြီး အပြီး နှစ်သန်း ရာဂဏန်းလောက် ပဲရှိသေးတဲ့ ကာလက စကြာဝဠာ ဟာ အခု စကြာဝဠာထက် အများကြီး ပိုပြီး သိပ်သည်း ပါတယ်။ အရွယ်အစား သေးငယ် သေးတာမို့ ဒီ အရွယ်လေး ထဲမှာ စကြာဝဠာ ထဲက ဒြပ်ဝတ္ထုတွေ အားလုံး ပြွတ်သိပ် စုပြုံ နေကြတာပါ။
နောက်တခုက ဒီ အစဦး စကြာဝဠာ ထဲမှာ ကြယ်တွေ ဂလက်ဆီ တွေ မဖြစ်ပေါ် သေးတာမို့ အမှောင်ဒြပ် တွေလဲ အများကြီး ရှိနေမယ်လို့ ယူဆ ရပါတယ်။ (ဟိုက်ဒြိုဂျင်နဲ့ ဟီလီယမ် က လွဲလို့ ကျန်တဲ့ ဒြပ်တွေ အားလုံးက ကြယ်တွေ မွေးဖွားပြီးမှ ဖြစ်ပေါ်လာ ကြတာ ဖြစ်ပါတယ်။)
အဲ့သည် ကာလမှာ စကြာဝဠာ ကြီးဟာ အမှောင် ဒြပ်တွေ၊ ဟိုက်ဒြိုဂျင် အက်တမ်တွေ နဲ့ ဟီလီယံ အက်တမ် တွေနဲ့ပဲ ဖွဲစည်း ထားပါတယ်။ တဖြည်းဖြည်း ဒီ ဒြပ်ပစ္စည်းတွေ စုစည်း မိလာပြီး ကြီးမားတဲ့ အရာ ဝတ္ထုတွေ ဖြစ်လာ ကြပါတယ်။
စကြာဝဠာ ထဲမှာ ပထမဆုံး စတင် မွေးဖွားလာ ကြတဲ့ အကြို ကြယ်တွေ (protostars) ဟာ အခု နေရဲ့ အပုံ ၁၀၀၀ ပုံ ၁ ပုံလောက်ပဲ အရွယ် ရှိမယ်လို့ ယူဆကြ ပါတယ်။ ဒီ အကြိုကြယ် တွေကမှ နူကလိယ ဖြူးရှင်း ဓါတ်ပြုမှု ဖြစ်စဉ်ကြောင့် စွမ်းအင် ထွက်လာပြီး အရွယ်အစား ကြီးမားတဲ့ ဧရာမ ကြယ်ကြီး တွေ အဖြစ် ပြောင်းလဲ သွားခဲ့ ကြတယ်လို့ ယူဆ ကြပါတယ်။
ဒါပေမယ့် တကယ်ပဲ ဒီလို ဖြစ်ခဲ့ ကြသလား။ လွန်ခဲ့တဲ့ ရက်အနည်း ငယ်က တင်ပြခဲ့တဲ့ သုတေသန စာတမ်း တစ်စောင်မှာ အကယ်လို့ အမှောင်ဒြပ် ကသာ အခြား အမှောင် ဒြပ် တွေနဲ့ ဆက်စပ် သက်ရောက် မှု (interaction) ရှိခဲ့မယ် ဆိုရင် ဒီ ယူဆချက်က ပြောင်းလဲ သွားမယ်လို့ တင်ပြ ထားပါတယ်။
ဒီလိုသာ သက်ရောက်မှု ရှိခဲ့မယ် ဆိုရင် စကြာဝဠာရဲ့ အစောပိုင်း ကာလ ကနဦး ကြယ်တွေထဲမှာ အမှောင်ဒြပ်တွေ အမြောက်အများ ရှိနေမှာ ဖြစ်ပါတယ်။ ဒီ အမှောင်ဒြပ် တွေဟာ ဆွဲငင်အားရဲ့ ဖိသိပ် ခံရမှုကြောင့် အချင်းချင်း ပြင်းထန်စွာ တိုက်မိပြီး ပျောက်ဆုံး ပျက်စီး သွားကြလိမ့်မယ်လို့ ဆိုပါတယ်။
ဒီဖြစ်စဉ်မှာ နျူကလိယ ဖြူးရှင်း လောက် မများတဲ့ စွမ်းအင် အချို့ ထွက်လာပါတယ်။ ဒီ စွမ်းအင် ပမာဏဟာ သိပ်မများ ပေမယ့် ရှေးဦး ကြယ်တွေ ဖြစ်ပေါ်လာဖို့ လုံလောက်တဲ့ စွမ်းအင် ကိုတော့ ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။
ဒီ ကြယ်တွေရဲ့ ဒြပ်ထု အများစုဟာ ပုံမှန် ဒြပ်ပစ္စည်း တွေ ဖြစ်တဲ့ ဟိုက်ဒြိုဂျင် နဲ့ ဟီလီယံ အက်တမ်တွေနဲ့ ဖွဲ့စည်းထား ကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ ဖြစ်ပေါ်စဉ်က လိုအပ်တဲ့ စွမ်းအင် အများစုကို အမှောင်ဒြပ်တွေ တိုက်မိပြီး ပျက်စီးသွား ရာက ထွက်လာတဲ့ စွမ်းအင်ကနေ ရတာမို့ ဒီ ရှေးဦး ကြယ် တွေကို သုတေသီ တွေက အမှောင်ကြယ် (Dark Star) လို့ အမည် ပေးထား ကြပါတယ်။
ဒီ အမှောင်ကြယ် တွေကို အခု အချိန်မှာတော့ တွေ့မြင်နိုင် တော့မှာ မဟုတ်ပါဘူး။ ဘာ့ကြောင့်ဆို လက်ရှိ စကြာဝဠာရဲ့ အမှောင်ဒြပ် သိပ်သည်းမှုဟာ စကြာဝဠာ ခေတ်ဦးကလောက် သိပ်သည်းမှု မရှိတော့ လို့ပဲ ဖြစ်ပါတယ်။
ဒါပေမယ့် သုတေသီ တွေဟာ မကြာခင် ကမှာ လွှတ်တင် ခဲ့တဲ့ ဂျိမ်းစ်ဝက်ဘ် (James Webb Space Telescope) ကြီးကို မျှော်လင့် စောင့်စား နေ ကြပါတယ်။ ဂျိမ်းစ်ဝက်ဘ် တယ်လီ စကုပ်ကြီး နဲ့ စကြာဝဠာ ခေတ်ဦးပိုင်းက ဂလက်ဆီ တွေကို လေ့လာနိုင် တဲ့အခါ ဒီ ဂလက်ဆီ တွေထဲက ရှေးဦး ကြယ် တွေရဲ့ ဖြစ်ပေါ်ပုံ နဲ့ ဖွဲ့စည်း ပုံ တွေနဲ့ ပါတ်သက်တဲ့ အထောက်အထား အချက်အလက်တွေ ရလာ မှာမို့ အခု သီအိုရီ မှန်မမှန် ဆိုတာကို အဖြေပေးနိုင်မှာ ဖြစ်ပါတယ်။
မူရင်း သုတေသန ဆောင်းပါးကို ဒီနေရာမှာ ဖတ်ရှု နိုင်ပါတယ်။ Dark Stars Powered by Self-Interacting Dark Matter.
Ref: Dark Stars: The First Stars in the Universe Could Have Been Powered by Annihilating Dark Matter | Universe Today