Skip to content

အညစ်အကြေးမှ ဘိလပ်မြေထုတ်သော နည်းပညာ တီထွင်အောင်မြင်

Garbage bags

စွန့်ပစ် အညစ်အကြေးမှ ဇီဝ ဘိလပ်မြေ ထုတ်နိုင်မယ့် နည်းပညာကို ပညာရှင် များက အောင်မြင်စွာ တီထွင် နိုင်ခဲ့ ကြပါတယ်။ အခု နည်းပညာကို တီထွင် ခဲ့ကြတဲ့ ပညာရှင် တွေကတော့ စင်္ကာပူ နိုင်ငံက မြန်မာတွေကြား လူသိများပြီး ဖြစ်တဲ့ နန်ယမ်း နည်းပညာ တက္ကသိုလ် (Nanyang Technological University) က သုတေသီ များပဲ ဖြစ်ကြပါတယ်။

ဘိလပ်မြေ (cement) ဆိုတာ အားလုံး သိတဲ့ အတိုင်း ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ အသုံးပြု ရတဲ့ မရှိမဖြစ် ပစ္စည်း တခု ဖြစ်ပါတယ်။ ဒီ ပစ္စည်းဟာ ခဲသွားတဲ့ အခါကျရင် သူနဲ့ ဆက်စပ်နေတဲ့ အခြား ပစ္စည်း တွေကို ပြုတ်ထွက် မသွားအောင် ဆွဲပြီး ထိန်းပေး ထားနိုင်တဲ့ ဂုဏ်သတ္တိ ရှိပါတယ်။ 

ဒီ ဘိလပ်မြေ ကို သဲ၊ ကျောက်တို့နဲ့ အချိုးကျ ရောစပ်ပြီး သမအောင် နယ်ထားတဲ့ အရာ ဝတ္ထု ကိုတော့ ကွန်ကရစ် (concrete) လို့ ခေါ်ကြပါတယ်။ (လက်တွေ့မှာတော့ ဒီ အသုံးအနှုန်း နှစ်ခုကို ရောပြီး သုံးကြတာ ပါပဲ။)

ဘိလပ်မြေ ဟာ ကမ္ဘာပေါ်မှာ အသုံးအများဆုံး အရာ ဝတ္ထုထဲ ပါပါတယ်။ အမေရိကန် ပြည်ထောင်စု တစ်ခုတဲ မှာတင် ၂၀၂၁ ခုနှစ်က ဘိလပ်မြေ တန်ချိန် ၁၀၉ သန်း အသုံးပြု ခဲ့ပါတယ်။

ဘိလပ်မြေ ထုတ်လုပ်တဲ့ လုပ်ငန်းစဉ်ဟာ တကယ်တော့ သဘာဝ ပတ်ဝန်းကျင်ကို ဆိုးဆိုး ရွားရွား ပျက်စီး စေပါတယ်။ ထုတ်လုပ်ရာက ထွက်လာတဲ့ ဖုန်မှုန့်တွေဟာ လေထု ညစ်ညမ်းမှုကို ဖြစ်ပေါ်စေပါတယ်။ ကုန်ကြမ်း အတွက် ကျောက်တောင်တွေ ဖြိုချ ဖျက်စီး ပစ်ရပါတယ်။ တောပြုန်း၊ တောင်ပြုန်း ရုံတင်မက တောင်တွေပါ ပျောက်ကွယ် ကုန်တဲ့ အထိ ဆိုးဆိုးရွားရွား ပျက်စီး စေတာပါ။

အခု နန်ယမ်း တက္ကသိုလ်က ပညာရှင်တွေ တီထွင်လိုက်တဲ့ နည်းလမ်းဟာ စွန့်ပစ် အညစ်အကြေးကို အသုံးပြုပြီး ဇီဝ ဘိလပ်မြေ ထုတ်ယူမယ့် နည်းလမ်း ဖြစ်ပါတယ်။ 

ဒီ ဇီဝ ဘိလပ်မြေဟာ ပုံမှန် ဘိလပ်မြေလို ဓါတုဗေဒ ဓါတ်ပြုမှု (chemical reaction) ကို အသုံးပြုပြီး မာကျောအောင် ပြုလုပ်တာ မဟုတ်ပဲ ဘက်တီးရီးယား ပိုးမွှား အကူအညီနဲ့ မာကျောအောင် ပြုလုပ်တဲ့ နည်းလမ်း ဖြစ်ပါတယ်။

နန်ယမ်း တက္ကသိုလ်က ပညာရှင်တွေ တီထွင်တဲ့ ဘိလပ်မြေကို စက်မှု နဲ့ လူ့ အညစ်အကြေးတွေ ကနေ ထုတ်ယူတာ ဖြစ်ပါတယ်။ စက်မှု လုပ်ငန်းတွေက ထွက်တဲ့ ကာဘိုဒ်ရွှံ့ (carbide sludge) နဲ့ လူ အပါအဝင် နို့တိုက် သတ္တဝါ တွေက စွန့်ပစ်တဲ့ ဆီး (urine) ကနေ ထုတ်ယူတာ ဖြစ်ပါတယ်။

Bio cement ဇီဝ ဘိလပ်မြေ နမူနာနှင့် တီထွင်သူ ပညာရှင်များ (Credit: Nanyang Technological University, Singapore)

ဒီ ဆီး နဲ့ ကာဘိုဒ် ရွှံ့ တို့ကို ရောလိုက်ရင် မာကျောတဲ့ ဘိလပ်မြေ ဖြစ်လာနိုင်မယ့် နည်းလမ်းကို တက္ကသိုလ်က ပညာရှင်တွေက ရှာဖွေ တွေ့ရှိ ခဲ့ကြပါတယ်။ အကယ်လို့ ဒီ ဖြစ်စဉ်ဟာ သဲထဲမှာ ဖြစ်ခဲ့မယ် ဆိုရင် သဲနဲ့ အတူ ရောပြီး မာကျောသွား ပြီးတော့ ကွန်ကရစ် ဖြစ်လာမှာ ဖြစ်ပါတယ်။

ဒီလို ရရှိ လာတဲ့ ဇီဝ ကွန်ကရစ်ဟာ မာကျော၊ အကြမ်းခံ သလို ရေစိမ့်ဝင် မှုလဲ နည်းတယ်လို့ ဆိုပါတယ်။

အခု သုတေသနကို မြို့ပြနှင့် ပတ်ဝန်းကျင် အင်ဂျင်နီယာ ဌာနက ပါမောက္ခ ချူဂျန်း ဦးဆောင်တဲ့ အဖွဲ့က တီထွင် နိုင်ခဲ့ ကြတာ ဖြစ်ပါတယ်။ သူတို့ရဲ့ အောင်မြင်မှုကို ပြီးခဲ့တဲ့ ၂၀၂၂ ဖေဖော်ဝါရီ လက ထုတ်ဝေတဲ့ Journal of Environmental Chemical Engineering သုတေသန ဂျာနယ် မှာ တင်ပြ ခဲ့ ကြပါတယ်။

ဒီစာတမ်းမှာ သုတေသီ တွေက သူတို့ရဲ့ ဘိလပ်မြေ အသုံးပြု နိုင်မယ့် ဆောက်လုပ်ရေး လုပ်ငန်းတွေ ကိုလဲ အကြံပြု ထားပါတယ်။ သုတေသီ တွေရဲ့ အဆိုအရ ဒီ ဇီဝ ဘိလပ်မြေကို ဆောက်လုပ်ရေး လုပ်ငန်းခွင်က မြေကြီး ကျစ်လစ် သိပ်သည်း မာကျောအောင် ပြုလုပ်တဲ့ နေရာ၊ ပင်လယ်ကမ်းခြေတွေ ရေတိုက်စား မှုက ကာကွယ်တဲ့ နေရာတွေ၊ သဲကန္တာရ ထဲမှာ လေတိုက်စား မှုက ကာကွယ်တဲ့ နေရာတွေနဲ့ ရေချိုလှောင်ကန် တွေ တည်ဆောက်တဲ့ နေရာတွေမှာ အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။

ဇီဝ ဘိလပ်မြေကို အသုံးပြုပြီး ကျောက်ရုပ် လက်ကို ပြန်လည်တည်ဆောက် ထားပုံ Credit: Nanyang Technological University, Singapore

ဒါတင် မကဘူး သဘာဝ ကျောက်သားတွေ အက်ကွဲတဲ့ နေရာတွေမှာ ပြန်ပိတ်ဖို့နဲ့ ကျောက်ရုပ်တွေ ပျက်စီး အက်ကွဲ တာ ပြုပြင် ဖာထေး ဖို့လဲ အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။

ဇီဝ ဘိလပ်မြေဟာ သာမန် ဘိလပ်မြေကို အစားထိုး နိုင်ဖို့ အခွင့်အလမ်း အများကြီး ရှိလာမှာ ဖြစ်ပါတယ် လို့  ပါမောက္ခ ချူးက ရှင်းပြပါတယ်။ အထူးသဖြင့် ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ အောက်ခံမြေသား ပြုပြင်ဖို့ လိုအပ်တဲ့ နေရာတွေမှာ အထူး အသုံးဝင် လာမှာ ဖြစ်ပါတယ်လို့ သူက ဆက်ပြောပါတယ်။

ပါမောက္ခ ချူး ရဲ့ အဆိုအရ အခုလို စွန်းပစ် အညစ်အကြေး အသုံးပြုတဲ့ အတွက် ထုတ်လုပ်စါးရိတ်ကို ရှော့ချနိုင်မှာ ဖြစ်သလို ဒီ အညစ်အကြေးတွေ စနစ်တကျ စွန့်ပစ်ဖို့ လိုအပ်တဲ့ ကုန်ကျစားရိတ် ကိုလဲ လျော့နည်း ကျဆင်း လာစေမှာ ဖြစ်ပါတယ်။ 

ဇီဝ ဘိလပ်မြေ ထုတ်လုပ်တဲ့ လုပ်ငန်းစဉ်ဟာ သာမန် ဘိလပ်မြေနဲ့ နှိုင်းယှဉ်ရင် စွမ်းအင် လိုအပ်မှု သက်သာ သလို ကာဗွန်ဒိုင် အောက်ဆိုဒ် ဓါတ်ငွေ့ ထွက်တာလဲ ပိုနည်းပါတယ်။ 

အခု နည်းမှာ အသုံးပြုတဲ့ ကာဘိုဒ်ရွှံ့ ဟာ စက်ရုံတွေမှာ အက်ဆီတလင်း ဓါတ်ငွေ့ (acetylene gas) ထုတ်လုပ်ရာမှာ ထွက်လာတဲ့ စွန့်ပစ် ပစ္စည်း တစ်မျိုး ဖြစ်ပါတယ်။ ဒီ စက်မှု အညစ်အကြေးကို စင်္ကာပူက စက်ရုံတွေက အမြောက်အများ စွန့်ပစ် ကြပါတယ်။ 

နောက် ကုန်ကြမ်း ဖြစ်တဲ့ ယူရီးယား ကိုတော့ ဆီးကနေ ထုတ်ယူ ပါတယ်။

ပထမဆုံး ကာဘိုဒ် ရွှံ့ကို အက်ဆစ်နဲ့ ရောပြီး ရေမှာ ပျော်နိုင်တဲ့ ကယ်လ်ဆီယံ (ထုံး) ထုတ်ယူပါတယ်။ ဒီရလာတဲ့ ထုံးကို ယူရီးယား နဲ့ ရောလိုက်ခြင်း အားဖြင့် ဘိလပ်မြေ ဖျော်ရည် ရလာပါတယ်။

ဒီ ဘိလပ်မြေ ဖျော်ရည် ထဲကိုမှ မွေးထားတဲ့ ဘက်တီးရီးယား ပိုး တွေ ထည့်ပေးလိုက် ပါတယ်။ ဒီ ဘက်တီးရီးယားက ဘိလပ်မြေ ဖျော်ရည် ထဲက ယူရီးယားကို ဖြိုခွဲပြီး ကာဘွန်နိတ် (carbonate) အဖြစ် ပြောင်းပေးပါတယ်။

ဒီ ထွက်လာတဲ့ ကာဘွန်နိတ်ဟာ ဖျော်ရည် ထဲက ကယ်လ်ဆီယမ် နဲ့ ဓါတ်ပြုပြီး ကယ်လ်ဆီယံ ကာဘွန်နိတ် ဖြစ်လာပါတယ်။ ဒီ ကယ်လ်ဆီယံ ကာဘွန်နိတ် ဟာ ကျောက်လို မာကျော ပါတယ်။ သူ့ကို သဘာဝ အလျှောက် ထုံးကျောက်၊ မြေဖြူကျောက်၊ စာကျင်ကျောက် တွေထဲမှာ တွေ့ရ တတ်ပါတယ်။

အကယ်လို့ ဒီ ဖြစ်စဉ်ဟာ မြေကြီး (သို့) သဲထဲမှာ ဖြစ်ခဲ့မယ် ဆိုရင် ရလာတဲ့ ကယ်လ်ဆီယမ် ကာဘွန်နိတ် ဟာ သဲမှုန့် မြေမှုန့်တွေနဲ့ ရောပြီး မာကျောတဲ့ ကွန်ကရစ် ဖြစ်လာမှာ ဖြစ်ပါတယ်။

အခုနည်းနဲ့ ထုတ်ယူတဲ့ ဇီဝ ဘိလပ်မြေကို ပုံမှန် ဆောက်လုပ်ရေး လုပ်ငန်းတွေ မှာတော့ အသုံးပြုလို့ ရအုံးမှာ မဟုတ်သေး ပါဘူး။ လက်ရှိ မှာ ဒီ ဇီဝ ဘိလပ်မြေကို မြေသား ပြုပြင်တဲ့ လုပ်ငန်းတွေမှာ သာမန် ဘိလပ်မြေ အစား အစားထိုး အသုံးပြုဖို့ ဖြစ်နိုင်မယ်လို့ ဆိုပါတယ်။

လက်ရှိ သာမန် ဘိလပ်မြေ ထုတ်လုပ်ရာမှာ အဓိက သဘာဝ ပတ်ဝန်းကျင် ထိခိုက်စေတဲ့ အချက်ကတော့ ကုန်ကြမ်းကို အပူချိန် ၁၀၀၀ ဒီဂရီ စင်တီ ဂရိတ် အထိ အပူပေးရတာပဲ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်မှာ စွမ်းအင် လိုအပ်ချက် အရမ်း များသလို ကာဗွန် ထွက်ရှိမှုကလဲ တအား များပါတယ်။

နောက်ပြီး ဘိလပ်မြေ အထွက် လိုအပ်တဲ့ သဘာဝ ထုံးကျောက်တွေကို ထုတ်ယူမှု ဟာလဲ သဘာဝ ပတ်ဝန်းကျင်ကို ဆိုးရွားစွာ ပျက်စီး စေပါတယ်။ သဘာဝ ထုံးကျောက်တွေ ကုန်သွားရင် ဘိလပ်မြေ ထုတ်လုပ်ဖို့ မဖြစ်နိုင် တော့ပါဘူး။ ထုံးကျောက်က ပြန်လည် အစားထို့လို့ မရနိုင်ပါဘူး။

ပညာရှင် အများစု ကတော့ လက်ရှိမှာ ဇီဝ ဘိလပ်မြေ တွေကို တွင်တွင် ကျယ်ကျယ် အသုံး မပြုနိုင် သေးပေမယ့် မဝေးတော့မယ့် အနာဂါတ်မှာ ဆောက်လုပ်ရေး လုပ်ငန်း တွေမှာ သာမန် ဘိလပ်မြေ အစား အစားထိုး အသုံးပြုလာနိုင်လိမ့် မယ်လို့ ယုံကြည် ကြပါတယ်။ တနည်းအား ဖြင့်တော့ ဇီဝ ဘိလပ်မြေ ဟာ ဆောက်လုပ်ရေး လုပ်ငန်းတွေရဲ့ အနာဂတ် ဖြစ်တယ်လို့ ယုံကြည် ကြပါတယ်။

Ref: Scientists Create Cement Entirely Out of Waste Material | Science Daily

Advertisement