Skip to content

နေရောင်ခြည်ရဲ့ အရောင်က ဘာအရောင်လဲ

နေရဲ့အရောင်က အဖြူရောင်ပါ

ကျွန်တော်တို့ ငယ်ငယ်ကတဲက အခုထိ နေက ဘာအရောင်လဲလို့ ပြောရင် အဝါရောင် လို့ပဲ ဖြေတာ များပါတယ်။ ကလေးတွေဖြစ်ဖြစ် လူကြီးဖြစ်ဖြစ် ပုံဆွဲတဲ့ အခါ နေကို အဝါ (သို့) လိမ္မော်ရောင်ပဲ ခြယ်ကြတာ များပါတယ်။

ဒါဆို နေရဲ့ အရောင်က တကယ်ပဲ အဝါရောင်လား။ တကယ်တော့ နေရဲ့ တကယ့် အစစ်အမှန် အရောင်ဟာ အဖြူရောင် ဖြစ်ပါတယ်။

ဒါဆို ဘာ့ကြောင့် ဝါနေရတာလဲ။ ဘာကြောင့် နေအရောင် ဝါသွားရလဲ ဆိုတော့ နေကလာတဲ့ အလင်းတန်းတွေ ကမ္ဘာ့လေထုထဲကို ဖြတ်သန်းဝင်ရောက် လာတဲ့ အချိန်မှာ အခြားသော အပြာရောင်၊ အစိမ်းရောင်နဲ့ ခရမ်းရောင်တွေကို လေထဲမှာ ပြန့်နှံ့သွားစေ တဲ့အတွက် ကျွန်တော်တို့ဆီ ရောက်လာတဲ့ နေရောင်ခြည်က အဝါ (သို့) လိမ္မော်ရောင် ဖြစ်သွားရခြင်းပဲ ဖြစ်ပါတယ်။

တနည်းအားဖြင့် ပြောရရင်တော့ နေရောင်ခြည်မှာ ပါလာတဲ့ အဝါ၊ လိမ္မော်နဲ့ အနီရောင်တွေက လေထုထဲမှာ ပြန့်သွားခြင်းသိပ်မရှိတာကြောင့် ကျွန်တော်တို့ဆီ ပိုများများ ရောက်လာတာပါ။

နေရဲ့အရောင်က အဖြူရောင်ပါ

အထူးသဖြင့် နံနက်စောစောနဲ့ ညနေစောင်းတွေမှာ တခြား အရောင်တွေ ပိုပြီး ပြန့်သွားတဲ့ အတွက် နေရဲ့အရောင်ဟာ ပိုပြီး ဝါလာ၊​ ပိုပြီး နီလာရခြင်းပဲ ဖြစ်ပါတယ်။

ကမ္ဘာ့လေထုက လှိုင်းနှုန်းတိုတဲ့ အစိမ်း၊ အပြာနဲ့ ခရမ်းရောင်တွေကို ပြန့်သွားစေတဲ့ အတွက် နေရောင်ခြည်က ပိုပြီး အဝါဖက် သမ်းလာသလို လေထဲက မီးခိုး၊ ဖုန်မှုန့်တွေကလဲ နေရောင်ကို ပိုပြီး အဝါရောင် ဖြစ်စေပါတယ်။ ဒါ့ကြောင့် ကမ္ဘာပေါ်ကနေဆို နေရဲ့ တကယ့်အရောင်အစစ်ကို ဘယ်လိုမှ မတွေ့နိုင်ပါဘူး။

နေရဲ့ အရောင်အစစ်ကို တွေ့မြင်ချင်တယ် ဆိုရင်တော့ လက်ရှိမှာ ကမ္ဘာပါတ် လမ်းကြောင်းထဲမှာ ရှိနေတဲ့ အပြည်ပြည်ဆိုင်ရာ အာကာသစခန်း (International Space Station, ISS) ပေါ်ကနေ သွားပြီး ကြည့်ရမှာ ဖြစ်ပါတယ်။

နေရောင်ခြည်က ဘာလို့ ဖြူရတာလဲ

နေကနေ ထုတ်လွှတ်တဲ့ ရောင်ခြည်တွေထဲမှာ ကျွန်တော်တို့ မျက်စေ့နဲ့ မြင်ရတဲ့ အရောင်တွေဟာ နေက ထုတ်လွှင့်တဲ့ ရောင်ခြည်တွေ အားလုံးရဲ့ အလွန်သေးငယ်တဲ့ အစိတ်အပိုင်းလေးမျှသာ ဖြစ်ပါတယ်။

နေက ထုတ်လွှင့်တဲ့ ရောင်ခြည်တွေ (စကြာဝဠာ ထဲမှာထုတ်လွှတ်နေတဲ့ ရောင်ခြည်တွေ) ကို Electromagnetic Spectrum လို့ ခေါ်ပါတယ်။ မြန်မာလိုတော့ လျှပ်စစ်သံလိုက် ရောင်စဉ်လို့ ခေါ်ပါတယ်။ ဒီ electromagnetic spectrum မှာ ရေဒီယိုလှိုင်းတွေကနေပြီး အဏုမြူဗုံး ပေါက်ကွဲရင် ထွက်လာတဲ့ ဂမ်မာလှိုင်း (gamma rays) တွေအထိ ပါဝင်ပါတယ်။

လူ့မျက်စေ့နဲ့ မြင်ရတဲ့ အလင်းရောင်ခြည်တွေဟာ ဒီ electromagnetic spectrum (EMS) ရဲ့ အလယ်ပိုင်းလောက်မှာ ရှိပါတယ်။

လျှပ်စစ်သံလိုက် ရောင်စဉ်

အကယ်လို့ နေက ထုတ်လွှင့်တဲ့ အလင်းရောင်တွေကို သေခြာမြင်ချင်ရင် အကောင်းဆုံး နည်းလမ်းကတော့ သုံးမြှောင့်ဖန်တုံး (prism) ကနေတဆင့် ကြည့်တာဖြစ်ပါတယ်။ နေရောင်ခြည်အောက်မှာ သုံးမြှောင့်ဖန်တုံးကို ထားလိုက်ရင် နေမှာပါတဲ့ (မျက်စေ့နဲ့ မြင်နိုင်တဲ့) အလင်းရောင်စဉ်တွေ ကွဲပြီး ထွက်သွားတာကို မြင်ကြရမှာ ဖြစ်ပါတယ်။

အကယ်လို့ သုံးမြှောင့်ဖန်တုံး မရှိဘူး ဆိုရင်လဲ စိတ်မပူပါနဲ့။ မိုးရွာပြီးစမှာ အပြင်ထွက်ပြီး ကြည့်လိုက်ပါ။ သက်တန့်တွေ့ရင် အဲ့ဒီထဲမှာ နေမှာပါတဲ့ အလင်းရောင်စဉ်တွေကို မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။

သက်တန့်ရောင်စဉ်မှာ အရောင် ၇ မျိုး ပါဝင်ပါတယ် (Photo by Todd Cravens on Unsplash)

နေမှာ ပါတဲ့ မြင်ရတဲ့ အလင်းရောင်စဉ်တွေကတော့ ခရမ်းရောင်၊ မဲနယ်ရောင်၊ အပြာရောင်၊ အစိမ်းရောင်၊ အဝါရောင်၊ လိမ္မော်ရောင်နဲ့ အနီရောင်တို့ပဲ ဖြစ်ပါတယ်။ အနီရောင်က လှိုင်းလျှား အရှည်ဆုံး ဖြစ်ပြီး ခရမ်းရောင်ကတော့ လှိုင်းအလျှား အတိုဆုံး ဖြစ်ပါတယ်။ အဲ့သည် အရောင်စဉ် အားလုံး ပေါင်းလိုက်တဲ့အခါမှာ အဖြူရောင်ကို ရရှိတာပဲ ဖြစ်ပါတယ်။

ကမ္ဘာ့လေထုက နေရောင်ကို ဘယ်လို ဝါသွားစေတာလဲ

ကျွန်တောတို့ ကမ္ဘာမြေပေါ်ကနေ နေရောင်ကို အဝါရောင် အဖြစ်နဲ့ မြင်ရစေတဲ့ အဓိက လက်သည် တရားခံကတော့ ကမ္ဘာ့လေထုပဲ ဖြစ်ပါတယ်။ လေထဲမှာ ရှိတဲ့ အောက်ဆီဂျင်၊ နိုက်ထရိုဂျင်နဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ် မော်လီကြူး လေးတွေကို နေရောင်ခြည် လာရောက်ရိုက်ခတ်မိတဲ့အခါ နေရောင်ခြည်ထဲက တချို့ရောင်စဉ်တွေက မူလလမ်းကြောင်းကနေ ဘေးကို ပြန့်ထွက်သွားကပါတယ်။

အဓိက ပြန့်ထွက်သွားတဲ့ ရောင်စဉ်တွေကတော့ လှိုင်းလျှားတိုတဲ့ ခရမ်းရောင်၊ အပြာရောင်၊​ အစိမ်းရောင် အစရှိတာတွေပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့်လဲ နေ့လယ်ခင်း တိမ်ကင်းစင်တဲ့ အချိန် ကောင်းကင်ကြီးကို အပြာရောင် အဖြစ်နဲ့ မြင်ရတာ ဖြစ်ပါတယ်။

ဒီအရောင်တွေ ဘေးကို ပြန့်သွားတဲ့ အတွက် ကျွန်တော်တို့ဆီ နေရောင်ခြည် ရောက်လာတဲ့ အချိန်မှာ အဝါ၊​ လိမ္မော်နဲ့ အနီက အများစု ဖြစ်နေပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ မြေပြင်ပေါ်က နေကိုကြည့်ရင် အဝါရောင် သန်းနေတာပဲ ဖြစ်ပါတယ်။

နေဝင်ချိန်မှာ ခရမ်း၊ အပြာ၊ အစီမ်းရောင်တွေ ပိုပြန့်သွားလို့ နေရောင်က နီရောင်သမ်းလာတာပါ (Photo by Jordan Wozniak on Unsplash)

အာကသထဲမှာ မြင်ရတဲ့ နေရဲ့အရောင်

အကယ်လို့ သင်ဟာအလွန် ကံကောင်းခဲ့လို့ ကမ္ဘာပါတ် လမ်းကြောင်းထဲမှာ ရှိနေတဲ့ အပြည်ပြည်ဆိုင်ရာ အာကာသ စခန်း (International Space Station, ISS) ဆီကို ရောက်နိုင်ခဲ့မယ် ဆိုရင်တော့ နေရဲ့ တကယ့်အရောင်ကို မျက်စေ့နဲ့ တပ်အပ်မြင်ရမှာ ဖြစ်ပါတယ်။

ဒီပေါ်ကနေ ကြည့်ရင် ကမ္ဘာ့လေထုကြောင့် ပုံပြောင်းသွားခြင်း မရှိသေးတဲ့ နေရဲ့ အော်ရီဂျင်နယ် အရောင် စစ်စစ်ကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ အောက်ကပုံမှာ ISS ပေါ်ကနေ နေထွက်ချိန် ရိုက်ထားတဲ့ ပုံကို တွေ့ကြရမှာပဲ ဖြစ်ပါတယ်။ ဒီပုံမှာဆို နေထွက်ချိန်တောင် နေရဲ့အရောင်ဟာ အဖြူရောင်ပဲ ဖြစ်နေတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။

နေကို အပြည်ပြည်ဆိုင်ရာ အာကာသစခန်းပေါ်က မြင်ရပုံ (Source: ISS)

နေရဲ့အရောင် ကဘယ်အတွက် အရေးပါ ရတာလဲ

သာမန်သူတွေ အတွက်တော့ နေရဲ အော်ရီဂျင်နယ် အရောင် ဘာအရောင် ဖြစ်ဖြစ် အရေးမကြီးပါဘူး။ ဒါပေမယ့် အာကာသ သိပ္ပံ ပညာရှင်တွေ အတွက်ကတော့ နေရဲ့ တကယ့်အရောင် ဘာအရောင်လဲ ဆိုတာက အလွန်အရေးပါပါတယ်။

ညဖက် ကောင်းကင်မှာ မြင်ရတဲ့ ကြယ်တွေ အားလုံးဟာ နေတွေ (သို့) ကြယ်စုဝေး Galaxy ကြီးတွေပဲ ဖြစ်ကြပါတယ်။ ဒီကြယ်တွေဆီက လာတဲ့ အလင်းရောင်ကို ပညာရှင်တွေက ခွဲခြမ်းပြီး အတွင်းမှာ ပါဝင်တဲ့ ရောင်စဉ်လှိုင်းတွေကို လေ့လာကြပါတယ်။

ဒီပါဝင်တဲ့ ရောင်စဉ်တွေပေါ် မူတည်ပြီး ဒီကြယ်ကို အမျိုးအစား ခွဲခြားနိုင်ပါတယ်။ ပါဝင်တဲ့ အလင်းရောင်ကို ကြည့်ပြီး အဲ့ဒီကြယ်ရဲ့ ဖွဲ့စည်းပုံ (ပါဝင်တဲ့ ဒြပ်စင်တွေ)၊ ကြယ်ရဲ့ သက်တမ်းနဲ့ ဘဝဖြစ်စဉ်တွေကို ဆုံးဖြတ်နိုင် ကြပါတယ်တဲ့။

နောက်ပြီး ကြယ်ရဲ့ အရောင်ကို ကြည့်ပြီးတော့လဲ ကြယ်ရဲ့ အပူချိန်ကို ဆုံးဖြတ်နိုင်ကြပါတယ်။ ဥပမာ အနီရောင် ကြယ်တွေရဲ့ အပူချိန်က အဖြူရောင် ကြယ်တွေထွက် အပူချိန် လျှော့နည်းပါတယ်။ အနီရောင် ကြယ်တွေဟာ အပူချိန် ၃,၅၀၀ K (3,800 စင်တီဂရိတ်) လောက်ပဲ ရှိကြပါတယ်။​

ကျွန်တော်တို့ နေလို အဖြူရောင် ကြယ်ကတော့ အပူချိန် ၅,၈၀၀ K (၆,၁၀၀ စင်တီဂရိတ်) ခန့် ရှိကြပါတယ်။​အပူဆုံး ကြယ်တွေကတော့ အပြာရောင်ရှိပြီး ၁၀,၀၀၀ K အထက် အပူချိန် ရှိကြပါတယ်။

Reference: What is the actual color of the sun | Science ABC

Advertisement