Skip to content

ဘာ့ကြောင့် ကောင်းကင်က ပြာနေတာလဲ

  • Science

ကောင်းကင်ကြီးက ပြာနေပါတယ်။ ဒါပေမယ့် နေ့ဖက်ပဲ ပြာတာပါ။ ညဖက်ကျတော့ မဲမှောင် နေတာပါပဲ။ အာကာသ ဟင်းလင်းပြင် ကြီးကလဲ မှောင်မဲ နေတာပဲ။ ဒါဆို ဘာဖြစ်လို့ နေ့ဖက်ဆို ကောင်းကင်ကြီးက ပြာနေရတာပါလဲ။ (တကယ်ကတော့ ကောင်းကင်က ဘာအရောင်မှ မရှိပါဘူး။ ဖန်သားလို ကြည်နေတာပါ။)

ကောင်းကင်ကြီးက နေ့ဖက်ပဲ ပြာတာ ဆိုတော့ နေ့ဖက် အလင်းရောင်နဲ့တော့ ဆိုင်မယ်ဆိုတာ တွေးမိ ကြမှာပါ။ အထူးသဖြင့် နေက လာတဲ့ အလင်းရောင်နဲ့ ဆိုင်မယ်ဆိုတာ သိသာပါတယ်။

နေမှာ ရောင်စဉ် ၇ မျိုး ပါတယ် ဆိုတာတော့ အားလုံး သိကြမှာပါ။ မိုးရွာပြီးစ နေသာရင် မြင်ရတတ်တဲ့ သက်တန့်မှာ မြင်ရတဲ့ ရောင်စဉ်တွေဟာ နေမှာပါတဲ့ အရောင်တွေ ဖြစ်ကြပါတယ်။ ဒီအရောင်တွေ အားလုံး ပေါင်းလိုက်ရင် အဖြူရောင် အနေနဲ့ မြင်ကြရမှာ ဖြစ်ပါတယ်။

နေက အလင်းရောင်ကို သုံးမြှောင့်ဖန်တုံးကို ဖြတ်ပြီး ထိုးလိုက်ရင်လဲ သက်တန့်ရောင်စဉ် တွေကို ပိုပြီး ထင်ထင်ရှားရှား တွေ့မြင်နိုင်ပါတယ်။ (ဒါပေမယ့် မြန်မာပြည်မှာ 

နေရောင်မှာ ရောင်စဉ် ၇ မျိုး ပါဝင်ပါတယ် (Image credit: NASA)

ကမ္ဘာ့ လေထုထဲမှာ ဓါတ်ငွေ့တွေ ရှိနေသလို ဖုန်မှုန့်တွေလဲ ရှိနေပါတယ်။ ဒီ ဓါတ်ငွေ့တွေနဲ့ ဖုန်မှုန့်တွေဟာ နေကလာတဲ့ အဖြူရောင် အလင်းကို သူ့ရဲ့ အခြေခံ အရောင်တွေ အဖြစ် ခွဲဖြန့် ပစ်လိုက်နိုင်ပါတယ်။

ဒီလို အရောင်တွေ ပြန့်သွားအောင် ဖြန့်ခွဲ ပစ်လိုက်တဲ့ အခါမှာ လှိုင်းအလျား တိုတဲ့ အရောင်တွေက ပိုပြီး ပြန့်ကျဲ ခံရပါတယ်။ လှိုင်းအလျား ရှည်တော့ ဖုန်မှုန့်နဲ့ ဓါတ်ငွေ့ မော်လီကျူး သေးသေးလေးတွေ ကြားထဲ ရှောင်ပြီး သွားလို့ ရပေမယ့် လှိုင်းအလျား တိုတဲ့ အရောင်တွေကျတော့ ရှောင်မလွတ်တော့ပဲ တိုက်မိကုန် ကြပါတယ်။

ဒီလို တိုက်မိကုန်တဲ့ အလင်း လှိုင်းတွေရဲ့ လားရာ လမ်းကြောင်း direction တွေဟာ ပြောင်းကုန် ကြပါတယ်။ ဘိလိယက် ဘောလုံးလေးတွေ တိုက်မိတဲ့ အခါ လမ်းကြောင်း ပြောင်းသွား သလိုမျိုးပေါ့။ (ဒီနေရာမှာ အလင်းဟာ ဖိုတွန်ခေါ် အလင်းမှုန်တွေ ဖြစ်ပေမယ့် လှိုင်းရဲ့ သဘာဝလဲ ရှိတာမို့ လှိုင်းအနေနဲ့ စဉ်းစားတာက မျက်စေ့ထဲ ပိုသဘောပေါက် လွယ်စေပါတယ်။)

နေကလာတဲ့ ရောင်စဉ်တွေ ထဲမှာ အပြာရောင်နဲ့ ခရမ်းရောင် တွေက လှိုင်းအလျား လှိုင်းအလျား အတိုဆုံး ဖြစ်ပြီး အနီရောင် ကတော့ လိုင်းအလျား အရှည်ဆုံး ဖြစ်ကြပါတယ်။ 

အပြာရောင်က အနီရောင်ထက် လှိုင်းအလျား ပိုတိုပါတယ်

အလင်းဟာ ပုံမှန်ဆို အဖြောင့် အတိုင်းပဲ သွားပါတယ်။ ဒါပေမယ့် ကြားမှာ တခုခု ခံနေမယ် ဆိုရင် အောက်ပါ နည်း ၃ မျိုးထဲက တမျိုးမျိုး ဖြစ်လာပါတယ်။

  • အလင်းပြန်ခြင်း (မှန်ကဲ့သို့ အရာများက အလင်းပြန်နိုင် ကြပါတယ်)
  • အလင်းယိုင်ခြင်း (သုံးမြှောင့် ဖန်တုံးလိုမျိုး၊ မိုးရေစက်တွေ လိုမျိုး အရာတွေဟာ အလင်းကို ကွေးသွား စေနိုင်ပါတယ်)
  • အလင်းပြန့်ခြင်း (လေထုထဲမှာ ရှိနေတဲ့ ဓါတ်ငွေ့ မော်လီကျူးတွေဟာ နေက အလင်းကို အရပ်မျက်နှာ အဖက်ဖက်ကို ပြန့်သွား စေနိုင်ပါတယ်)

ဒီတော့ နေကနေ ရောက်လာတဲ့ အလင်း ဖိုတွန် အမှုန် တွေဟာ လေထဲက အောက်ဆီဂျင်နဲ့ နိုက်ထရိုဂျင် ဓါတ်ငွေ့ မော်လီကျူး တွေနဲ့ တိုက်မိတဲ့ အခါ ပတ်ခြာလည်ကို ပြန့်ထွက် သွားပါတယ်။ ဒါကို ရယ်လေ အလင်းပြန့်ခြင်း (Rayleigh Scattering) လို့ ခေါ်ပါတယ်။ 

ဒီလို ပြန့်တဲ့ အခါ လှိုင်းအလျား တိုတဲ့ ခရမ်းရောင် နဲ့ အပြာရောင် တို့က ပိုပြီး ပြန့်ပါတယ်။ ဒါပေမယ့် နေက လာတဲ့ အလင်းမှာ ခရမ်းရောင်က အနည်းငယ်ပဲ ပါပြီး အပြာက ပိုများနေတော့ ပြန့်သွားတဲ့ အလင်း ဖိုတွန် အများစု ဟာလဲ အပြာရောင်ပဲ ဖြစ်နေပါတယ်။

လေထုထဲက ဓါတ်ငွေ့ မော်လီကျူးတွေကြောင့် အပြာရောင်က အလင်းပြန့်သွားပါတယ်

ဒီလို အပြာရောင် ဖိုတွန် အလင်းမှုန်တွေ မျက်နှာပြင် အနှံ့အပြားကို ပြန့်သွားတဲ့ အချိန်မှာ ကျန်တဲ့ အနီရောင်၊ အဝါရောင်၊ လိမ္မော်ရောင် အစရှိတဲ့ ရောင်စဉ်တွေဟာ သိပ်ပြီး ပြန့်နှံ့မှု မရှိပဲ ကမ္ဘာမြေ ပေါ်ကို တိုက်ရိုက် ကျရောက်လို့ လာပါတယ်။ ဒါ့ကြောင့်လဲ နေရဲ့ အရောင်က အဖြူရောင် ဖြစ်ပေမယ့် ကမ္ဘာ မြေပြင်ပေါ် ကျရောက်လာတဲ့ နေရောင်က ဝါဖန့်ဖန့် ဖြစ်နေပြီး နေကလဲ အဝါရောင် ဖြစ်နေတာပါ။

ပြန့်သွားတဲ့ အပြာရောင် ဖိုတွန်တွေကြောင့် ကောင်းကင်ကြီးကိုတော့ အပြာရောင် အဖြစ်နဲ့ ကျွန်တော်တို့ မြင်ကြရတာ ဖြစ်ပါတယ်။

— မောင်သူရ (သိပ္ပံ) —

Advertisement