ကမ္ဘာကြီးက ၂၄ နာရီကို တစ်ကြိမ် သူ့ဝင်ရိုး ပေါ်မှာ လည်နေပါတယ်။ ဒီလို လည်နေ ခဲ့တာ နှစ်ပေါင်း သန်း ထောင်ချီ ကြာခဲ့ပါပြီ။ ဒီလို လည်နေတာ ရပ်သွားဖို့ ဆိုတာက နောက် နှစ်သန်း ထောင်ပေါင်းများစွာ ကြာတာတောင် ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ ရုတ်တရက် ရပ်သွားဖို့ ဆိုတာက ပိုလို့တောင် မဖြစ်နိုင် သေးပါဘူး။
ဒါပေမယ့် အကယ်လို့ ကမ္ဘာ လည်တာ ရပ်သွား ခဲ့မယ် ဆိုရင် နောက်ဆက်တွဲ အကျိုးဆက် အနေနဲ့ ဘာတွေ ဆက်ပြီး ဖြစ်လာမလဲ ဆိုတာကို စဉ်းစား ကြည့်လိုက် ကြရအောင်ပါ။
ဒီနေရာမှာ ကမ္ဘာလည်တာ ရပ်သွားတာ နှစ်နည်း ဖြစ်နိုင်ပါတယ်။ ပထမ တစ်ခုကတော့ မော်တော်ကား ဘရိတ် အုပ်လိုက် သလိုများ ရုတ်တရက် ထိုးရပ်သွားတာ ဖြစ်ပါတယ်။ နောက် တနည်းကတော့ နှစ်သန်း ထောင်ပေါင်းများစွာ ကြာတော့ လည်နှုန်း တဖြည်းဖြည်း နှေးလာပြီး ရပ်သွားတာပါ။
ဒီတော့ ဒီ ဖြစ်ရပ် နှစ်ခုမှာ တစ်ခုချင်းစီအတွက် ဖြစ်လာမယ့် အကျိုးဆက်တွေ စဉ်းစားကြည့် ကြရအောင်ပါ။
ကမ္ဘာကြီးရုတ်တရက်ရပ်သွားခဲ့ရင်
လက်တွေ့မှာတော့ ဒီနည်းနဲ့ ရပ်သွားဖို့ ဆိုတာက လုံးဝကို မဖြစ်နိုင်တဲ့ ကိစ္စ တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် Thought Experiment (အတွေး သုတေသန စမ်းသပ်မှု) တစ်ခု အနေနဲ့ စဉ်းစားကြည့် ကြရအောင်ပါ။
ပထမဆုံး ကမ္ဘာ မရပ်သွားခင်က ရှိနေခဲ့တဲ့ လည်ပတ်နှုန်းကို ပြန်ကြည့်ကြရအောင်။ အီကွေတာ အရပ်မှာ ကမ္ဘာရဲ့ လည်ပတ်နှုန်းဟာ တစ်နာရီကို ၁,၁၀၀ မိုင်နှုန်းလောက် ရှိနေပါတယ်။ အီကွေတာနဲ့ ဝေးသွားတဲ့ အရပ်တွေမှာ သွားနေတဲ့ နှုန်းက နှေးသွားပြီး တောင် နဲ့ မြောက် ဝင်ရိုးစွန်း တွေမှာ ရပ်နေတဲ့ သူအဖို့ကတော့ သူရပ်နေတဲ့ နေရာမှာပဲ ၃၆၀ ဒီဂရီ ပတ်ခြာ လည်နေမှာ ဖြစ်ပါတယ်။
ရပ်သွားရင် ဖြစ်လာမှာကို မပြောခင် အခု စဉ်းစား မှုအတွက် အရေးပါတဲ့ ရူပဗေဒ နိယာမ တစ်ခုကို အရင် ဆွေးနွေး ပါမယ်။ ဒါကတော့ နယူတန်ရဲ့ ပထမ နိယာမ (Newton’s First Law of Motion) ပဲ ဖြစ်ပါတယ်။ အင်နား ရှား (Inertia) နဲ့ သက်ဆိုင်တဲ့ နိယာမပဲ ဖြစ်ပါတယ်။
နယူတန်ရဲ့ ပထမ နိယာမ အရ ဒြပ်ထု ရှိတဲ့ အရာ ဝတ္ထုတိုင်းမှာ အင်နားရှား ရှိပါတယ်။ အင်နားရှား ဆိုတာကို ပြောရရင် ဒြပ်ထု ရှိတဲ့ အရာ ဝတ္ထုတွေ “ပျင်းကျောဆွဲ” တဲ့ အကျင့်ပဲ ဖြစ်ပါတယ်။ ဘယ်လို ပျင်းကျောဆွဲလဲ ဆိုတော့ ရပ်နေတဲ့ အရာဝတ္ထုဟာ အပြင်က လာမတွန်းရင် မရွှေ့ပဲ ရပ်ပဲ ရပ်နေချင်တယ်။ ရွှေ့နေတဲ့ အရာ ဝတ္ထုကလဲ အပြင်က လာပြီး တွန်းတာ ဆွဲတာ မလုပ်ရင် သူ့မူလ လမ်းကြောင်း အတိုင်း အေးအေး ဆေးဆေး လေးပဲ ဆက်ပြီး သွားနေချင်တယ်။
ဒီလို ရွှေ့နေတဲ့ အရာက ရွှေ့မြဲ ရွှေ့နေလိုပြီး ရပ်နေတဲ့ အရာကလဲ ရပ်မြဲ ရပ်နေ လိုတဲ့ ဂုဏ်သတ္တိကို အင်နားရှား လို့ ခေါ်တာ ဖြစ်ပါတယ်။
တနည်းအားဖြင့် ပြောရရင် အပြောင်းအလဲကို မလိုလား ဆန့်ကျင်တဲ့ စိတ်ဓါတ် ကို အင်နားရှား လို့ ခေါ်တာပါ။
ဒါဆို ဒီ ရပ်နေ သွားနေတဲ့ အရာ ဝတ္ထု တွေဟာ လုံးဝ မပြောင်းတော့ ဘူးလား။ မဟုတ်ပါဘူး။ ပြောင်းပါတယ်။ ဘယ်အချိန်မှာ ပြောင်းလဲ ဆိုတော့ ပြင်ပက အားတစ်ခုခု လာပြီး သက်ရောက်တဲ့ အခါမှာ ပြောင်းလဲ သွားပါတယ်။
ဒါ့ကြောင့် ရပ်နေတဲ့ အရာ ဝတ္ထု တစ်ခုကို ရွှေ့အောင် တွန်းပေးရသလို ရွှေ့နေတဲ့ အရာ ဝတ္ထု တစ်ခုကို ရပ်အောင်၊ လမ်းကြောင်း ပြောင်းအောင် ဆိုရင်လဲပြင်ပက အားတစ်ခုခုနဲ့ တွန်းပေး / ဆွဲပေး ရတာ ဖြစ်ပါတယ်။
အင်နားရှားကို အသိသာဆုံး မြင်တွေ့ နိုင်တာကတော့ ကားစီးရင်ပါ။ ကားစီးရင်း ရုတ်တရက် ဘရိတ် အုပ်လိုက်ရင် ကားက ရပ်သွားပေမယ့် ကားပေါ်က လူတွေကတော့ မူလ အင်နားရှား ရှိနေတာကြောင့် မူလ လမ်းကြောင်း အတိုင်း ဆက်ပြီး သွားနေချင် ကြပါတယ်။ ဒါ့ကြောင့်လဲ ကားရပ် လိုက်တဲ့ အချိန်မှာ ရှေ့ဖက်ကို ငိုက်သွားတာ၊ လွင့်ထွက် သွားတာတွေ ဖြစ်လာတာ ဖြစ်ပါတယ်။
တခါ ရပ်နေရာက ရုတ်တရက် ကားက ဆောင့်ထွက် သွားရင်လဲ ကားပေါ်က လူတွေ နောက်ကျောနဲ့ ထိုင်ခုံနဲ့ ကပ်ကုန်ပါတယ်။ ဒါလဲ အင်နားရှား အရ ကားပေါ်က လူတွေဟာ မူလ နေမြဲ နေရာ မှာ ဆက်နေလို ကြတာမို့ ကားထွက်သွားတဲ့ အခါ မူလ နေရာမှာ ကျန်ခဲ့ပြီး ကားထိုင်ခုံ နောက်ကျောနဲ့ ကပ်သွားရတာ ဖြစ်ပါတယ်။
ကောင်းပါပြီ။ ဒါဆို ကမ္ဘာလည်တာ ရုတ်တရက် ရပ်သွားပြီ ဆိုပါစို့။ ဘာဆက်ဖြစ် ကြမယ် ထင်ပါသလဲ။
ဟုတ်ပါတယ်။ အလွန် မြန်တဲ့ နှုန်းနဲ့ သွားနေတဲ့ကား ရုတ်တရက် ရပ်သွားသလိုမျိုး ဖြစ်လာမှာပါ။ ကမ္ဘာကြီးက ရပ်သွားပေမယ့် ကမ္ဘာပေါ်က လူတွေ၊ အဆောက် အဦတွေ၊ သစ်ပင်တွေ တိရစ္ဆာန်တွေ အားလုံးဟာ ကမ္ဘာ မူလ လည်နေတဲ့ အရှေးဖက်ကို ပြင်းထန်တဲ့ အရှိန်နဲ့ လွင့်စဉ် ထွက်သွားမှာ ဖြစ်ပါတယ်။ အီကွေတာ အရပ်မှာဆို အရှေ့ဖက်ကို တစ်နာရီ မိုင် ၁,၀၀၀ လောက် နှုန်းနဲ့ လွင့်ထွက်သွားမှာပါ။
လူတွေ၊ အဆောက် အဦတွေ တင် မဟုတ်ပါဘူး။ ပင်လယ် သမုဒ္ဒရာ ထဲက ရေတွေဟာလဲ အရှေ့ဖက်ကို လွင့်ထွက်ပြီး ကုန်းမြေတွေ ပေါ်ကို ကြီးမားတဲ့ ဆူနာမီ လှိုင်းလုံးကြီးတွေ အနေနဲ့ ရိုက်ခတ်ကြမှာ ဖြစ်ပါတယ်။ ကျစ်လစ်မှု မရှိတဲ့ မြေတောင် လိုမျိုးတွေဆိုလဲ ပြားပြားဝပ်သွားကြမှာ ဖြစ်ပါတယ်။ ကုန်းကမူတွေ တောင်ကုန်းတွေ တောင် ပုလေးတွေ ဆိုရင်လဲ လွင့်ထွက်ပြီး သွားမှာ ဖြစ်ပါတယ်။ ကမ္ဘာမြေကြီးဟာ အပျက်အစီးတွေ ပုံနေတဲ့ အပျက်အစီး ပုံကြီး အဖြစ် ကျန်ရစ်ခဲ့မှာ ဖြစ်ပါတယ်။
ကမ္ဘာကြီးတဖြည်းဖြည်းရပ်သွားရင်
ဒီနေရာမှာ ပိုပြီး သဘာဝ နဲနဲ ကျတဲ့ နှေးပြီး ရပ်သွားတဲ့ နည်းလမ်းကို စဉ်းစားကြည့် ရအောင်ပါ။ ကမ္ဘာ လည်နေတာက တဖြည်းဖြည်း နှေးလာပြီး နှစ်သန်း ထောင်ဂဏန်း လောက်မှာ ရပ်သွားတယ် ဆိုပါစို့။ ဘာတွေ ဆက်ဖြစ် ကြမယ် ထင်ပါသလဲ။
ဒီနေရာ မှာ ရပ်သွားပြီး ဖြစ်လာတဲ့ အနေအထား နှစ်ခု ရှိပါတယ်။ ပထမ တစ်ခုကတော့ ယခု လက ကမ္ဘာဖက်ကို မျက်နှာ တစ်ခြမ်း အမြဲ မူထားသလိုမျိုး ကမ္ဘာကလဲ နေဖက်ကို မျက်နှာ တစ်ခြမ်း အမြဲ မူတွေတာမျိုးပါ။ ဒီလို အခြေအနေမှာ ကမ္ဘာက နေကို တစ်ပတ် ပါတ်တဲ့ အချိန်ဟာ ကမ္ဘာ တစ်ပါတ် လည်တဲ့အချိန်နဲ့ တူသွားပါမယ်။
ဒီလိုဆိုရင် ကမ္ဘာ တစ်ခြမ်းက နေဖက် ကို အမြဲ မျက်နှာ မူနေတာမို့ ဒီ နေ့ဖက် အခြမ်းဟာ မြဲ ထာဝရ နေ့ဖြစ်နေပြီး နေနဲ့ ဝေးရာဖက် အခြမ်းကတော့ အမြဲ ည ဖြစ်နေတော့မှာ ဖြစ်ပါတယ်။ ရူပဗေဒ သဘော အရလဲ ဒီလိုနည်းနဲ့ ရပ်သွားတာက ပိုပြီး သဘာဝကျ အဓိပ္ပါယ် ရှိပါတယ်။
ဒီလို အခြေအနေ မျိုးမှာ နေ့ဖက်ခြမ်းက နေရောင် အမြဲ ရနေတာမို့ မီးဖိုထဲ ရောက်နေသလို ခြစ်ခြစ်တောက် ပူပြင်းနေမှာ ဖြစ်ပြီး ကျန်တဖက် ကတော့ အမြဲ ညဖြစ်နေတာမို့ ရေခဲမှတ်အောက် ခိုက်ခိုက်တုန်အောင် အေးစက်နေမှာ ဖြစ်ပါတယ်။ ဒီလို အခြေအနေ မျိုးမှာ သက်ရှိတွေ အနေနဲ့ အသက်ရှင် နိုင်ဖို့ အခွင့်အလမ်း အရမ်း နည်းသွဦးပါမယ်။ ဒါပေမယ့် လုံးဝ မရှင်နိုင် တော့တာတော့ မဟုတ်ပါဘူး။
နေ့ဖက်ခြမ်းနဲ့ ညဖက်ခြမ်း ဆုံတဲ့ နေရာမှာ အမြဲ ညနေခင်း (မနက်ခင်း ပြောလဲ အတူတူပါပဲ) ဖြစ်နေပါ လိမ့်မယ်။ ဒီ ညနေခင်း ဖြစ်နေတဲ့ နေရာ လေးဟာ ရာသီဥတု သမ မျှတတာမို့ ဒီ နေရာ လေးမှာတော့ သက်ရှိတွေ ဆက်လက် အသက်ရှင် နေထိုင်နိုင် ကြလိမ့်မယ်လို့ ယူဆ ကြပါတယ်။
အကယ်လို့ ကမ္ဘာကြီးက လုံးဝ လည်တာ ရပ်သွားမယ် ဆိုပါစို့။
ဒီလို အခြေအနေမှာ ကမ္ဘာက လုံးဝ လည်ပတ်ခြင်း မရှိတော့တဲ့ အတွက် ကမ္ဘာရဲ့ နေ့တာနဲ့ ညတာတွေကို ကမ္ဘာက နေကို ပတ်တဲ့ ကာလကပဲ အဆုံး အဖြတ် ပေးပါလိမ့်မယ်။ ကမ္ဘာက နေရဲ့ တဖက်ခြမ်း ရောက်နေချိန်မှာ ကမ္ဘာ တခြမ်းက နေ့ဖြစ်နေပြီး ကျန် တခြမ်းက ညဖြစ်နေပါမယ်။
နောက် ၆ လ နေတော့ ကမ္ဘာက နေရဲ့ အခြား တဖက်ခြမ်း ရောက်သွားပါမယ်။ ဒီအခါ မူလက နေ့ဖြစ်ခဲ့တဲ့ အခြမ်းက ည ဖြစ်သွားပြီး ညဖြစ်ခဲ့တဲ့ အခြမ်းက နေ့ဖြစ်လာမှာ ဖြစ်ပါတယ်။ တနည်းအားဖြင့် ကမ္ဘာရဲ့ နေ့တာဟာ ၆ လ ကြာမှာ ဖြစ်ပြီး ညတာကလဲ ၆ လပဲ ကြာမြင့်မှာ ဖြစ်ပါတယ်။
ဒီလို ဖြစ်လာရင် နေ့ဖက် အပူချိန်ဟာ ကမ္ဘာ့ အီကွေတာနဲ့ ဘယ်လောက် နီးလဲ ဆိုတာပေါ် မူတည်ပါ လိမ့်မယ်။ အီကွေတာနား နီးတဲ့ အရပ်တွေမှာ နေ့ဖက်ဆို ကျစ်ကျစ်တောက် ပူပြင်းနေပြီး အီကွေတာနဲ့ ဝေးသွားပြီး ဝင်ရိုးစွန်း တွေနဲ့ နီးသွားလေလေ အပူချိန် ကျလာလေလေ ဖြစ်လာပါမယ်။ ညဖက် ရောက်သွားရင်တော့ ခိုက်ခိုက်တုန်အောင် ချမ်းအေးလှတဲ့ မှောင်မှောင်မဲမဲ ဆောင်းရာသီကို ဖြတ်သန်း ကြရမှာ ဖြစ်ပါတယ်။
ဒီလို အခြေအနေ မျိုးမှာ ကမ္ဘာပေါ်က လေတိုက်ခတ်တဲ့ ပုံစံကလဲ ပြောင်းလဲ သွားပါလိမ့်မယ်။ ယခု တိုက်ခတ်နေတဲ့ အီကွေတာနဲ့ အပြိုင် အရှေ့-အနောက် တိုက်ခတ်တဲ့ ပုံစံကနေ အီကွေတာကနေ တောင် ဝင်ရိုးစွန်းနဲ့ မြောက်ဝင်ရိုးစွန်း တွေရှိရာ ဆီကို တိုက်ခတ်တဲ့ ပုံစံ ဖြစ်လာပါမယ်။
ရာသီဥတု၊ နေ့ည ဖြစ်ပေါ်ပုံနဲ့ လေတိုက်ခတ်ပုံ တွေပဲ ကမ္ဘာလည်တာ ရပ်သွားတဲ့ အတွက် ပြောင်းလဲသွားတာ မဟုတ်ပါဘူး။ ကမ္ဘာ့သံလိုက် စက်ကွင်း (Magnetic Field) ဟာ ဝင်ရိုးပေါ် ကမ္ဘာ လည်နေတဲ့ အတွက် ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။
အကယ်လို့ ကမ္ဘာကြီးသာ ရပ်သွားခဲ့ရင် သံလိုက် စက်ကွင်းလဲ တဖြည်းဖြည်း နည်းသွားမှာ ဖြစ်ပါတယ်။ ဒီအခါ နေကနေ လာတဲ့ cosmic rays ဓါတ်ရောင်ခြည် တွေကို ကာကွယ် ပေးထားတဲ့ အကာအကွယ် ပျောက်ဆုံး သွားမှာ ဖြစ်ပါတယ်။ အကျိုးဆက် ကတော့ ကမ္ဘာပေါ်က သက်ရှိတွေ ရေဒီယို သတ္တိကြွ လှိုင်းတွေ ရိုက်ခတ် ခံရတဲ့ အတွက် (ရေဒီယို သတ္တိကြွ ဒါဏ်ခံနိုင်တဲ့ သက်ရှိ အနည်းအကျဉ်း ကလွဲလို့) သက်ရှိ အများစု မျိုးတုံး ပျောက်ကွယ် သွားတာပဲ ဖြစ်ပါတယ်။
Reference: What would happen if the Earth stopped spinning? | NASA