Skip to content

အကယ်လို့သာ ကမ္ဘာလည်နှုန်း ပိုမြန်လာရင် ဘာတွေဖြစ်လာ နိုင်သလဲ

  • Earth
earth

ခရီးသည်တင် လေယာဉ် တစ်စင်းဟာ တစ်နာရီကို ၅၅၀ မိုင်ခန့်နှုန်းနဲ့ ပျံသန်း နိုင်ပါတယ်။ ကမ္ဘာ့အမြန်ဆုံး လေယာဉ်တွေထဲက တစ်စင်းဖြစ်တဲ့ လော့ခ်ဟိမာတင်ရဲ့ Lockheed SR-71 Blackbird သူလျှိုလေယာဉ်ဟာ တစ်နာရီ ၂၁၀၀ မိုင်နှုန်းနဲ့ ပျံသန်း နိုင်ပါတယ်။ ဒါဆို ကမ္ဘာကရော။

အီကွေတာ အရပ်မှာ နေတဲ့ သူတစ်ယောက်ရဲ့ အမြန်နှုန်းဟာ တကယ်တော့ တစ်နာရီ မိုင် ၁,၀၀၀ ခန့် ရှိပါတယ်။ ပြီခဲ့တဲ့နှစ်ဆန်းမှာ သိပ္ပံ ပညာရှင် တွေဟာ ကမ္ဘာရဲ့ လည်ပတ်နှုန်း အနည်းငယ် အရှိန် မြန်သွား ခဲ့တာကို သတိပြုမိ ခဲ့ကြပါတယ်။ ဒီလို မြန်သွားတဲ့ အတွက် ကမ္ဘာရဲ့ တစ်ရက်တာဟာ ၁.၅၉ မီလီစက္ကန့် (၁ စက္ကန့် မှာ ၁၀၀၀ မီလီစက္ကန့် ရှိပါတယ်) လျော့နည်းသွားတယ်လို့ ဆိုပါတယ်။

ဒီလောက် အမြန်နှုန်းလေး နည်းနည်း ပိုမြန်သွားတာဟာ တကယ်တော့ ဘာမှ မပြောပလောက်ပါဘူး။ ဒါပေမယ့် အကယ်လို့သာ ကမ္ဘာလည်နှုန်းဟာ တစ်နာရီကို ၁ မိုင်လောက်ပဲ ပိုမြန်သွားဦးတော့ ဆိုးရွားတဲ့ ဆိုးကျိုးတွေကို ဖြစ်ပေါ်လာစေမယ့်လို့ ဆိုပါတယ်။

ကမ္ဘာလည်နှုန်း တစ်နာရီ တစ်မိုင်နှုန်းလောက် ပိုမြန်သွား သွားခဲ့မယ် ဆိုရင် ပထမဆုံး ထိခိုက်မှာ ကတော့ ဂြိုဟ်တု ဆက်သွယ်ရေး စနစ်တွေ ဖြစ်ကြပါတယ်။ ဆက်သွယ်ရေး ဂြိုဟ်တုတွေဟာ geostationary  ခေါ်တဲ့ တည်ငြိမ်တဲ့ ပတ်လမ်းကနေ ကမ္ဘာကို ပတ်နေကြတာ ဖြစ်ပါတယ်။ 

ဒီပတ်လမ်းမှာ ဂြိုဟ်တုတွေရဲ့ လည်ပတ်နှုန်းဟာ ကမ္ဘာ လည်နှုန်းနဲ့ တူညီတာမို့ ကမ္ဘာလည်နှုန်း အနည်းငယ် မြန်သွား နှေးသွားတာနဲ့ ဂြိုဟ်တုတွေနဲ့ ဆက်သွယ်ရေး ပြတ်တောက်သွားမှာ ဖြစ်ပါတယ်။

နောက်ပြီး အီကွေတာ အရပ်ကို ဝင်ရိုးစွန်းက ရေတွေ စုပြုံ စီးဆင်းလာမှာ ဖြစ်တာကြောင့် အီကွေတာက ပင်လယ်ရေမျက်နှာပြင်ဟာလဲ​လက်မ များစွာ မြင့်တက်လာမှာ ဖြစ်ပါတယ်။

ကမ္ဘာလည်နှုန်း တစ်နာရီ တစ်မိုင် ပိုမြန်သွားမယ်ဆို ကမ္ဘာ့နေ့တာဟာလဲ တစ်ရက်ကို စက္ကန့် ၉၀ လောက် လျော့နည်းသွားမှာ ဖြစ်ပါတယ်။ 

ဒါပေမယ့် တစ်နာရီ မိုင် ၁၀၀ နှုန်း ပိုမြန်သွားမယ် ဆိုရင်တော့ နေ့တာဟာလဲ ၂၄ နာရီ ကနေ ၂၂ နာရီကို လျော့ကျသွားမှာ ဖြစ်ပါတယ်။ ဒီ နေ့တာ အရှည်ကို ရုတ်တရက် ပြောင်းသွားတာဟာ လူနဲ့ တိစ္ဆာန် တွေရဲ့ နေ့စဉ် လုပ်ငန်းဆောင်တာတွေ ပုံမှန် လုပ်ဆောင်နိင်မှုကို များစွာ အနှောက်အယှက် ဖြစ်စေနိုင်မှာ ဖြစ်ပါတယ်။

ကမ္ဘာလည်နှုန်း နှစ်ဆလောက် ဖြစ်သွားမယ် ဆိုရင်တေ့ အလွန် ဆိုးရွားတဲ့ ဘေးဒုက္ခတွေကို မလွဲမသွေ ရင်ဆိုင် ကြရမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ အီကွေတာ အရပ်က ရေထုဟာ ပေပေါင်း ရာပေါင်းများစွာ မြင့်တက်လာမှာ ဖြစ်ပြီး မြို့ကြီး အများအပြားကို လွှမ်းမိုးသွားမှာ ဖြစ်ပါတယ်။ 

ဝင်ရိုးစွန်းက ပင်လယ်ပြင်ဟာ နိုမ့်ကျသွားပြီး အီကွေတာ အရပ်ကတော့ ရေတွေနဲ့ ဖေါင်းကားလာပါလိမ့်မယ်။ နောက်ပြီး အီကွေတာ အရပ်ဟာလဲ အမြဲလို မိုးတိမ်တွေ အုံ့ဆိုင်းပြီး မိုးလဲ အဆက်မပြတ် ရွာသွန်းနေမှာ ဖြစ်ပါတယ်။

ဒါဆို ကမ္ဘာလည်နှုန်းဘယ်လောက် ရောက်သွားရင် ကမ္ဘာဟာ သက်ရှိတွေ ရှင်သန်နိုင်စွမ်း မရှိတဲ့ ဂြိုဟ်ပျက်ကြီး တစ်ခုအဖြစ် ပြောင်းလဲ သွားမလဲ။

ကမ္ဘာလည်နှုန်း မြန်လာတာနဲ့ အမျှ ဗဟိုခွာအား ကလဲ ပိုပြီး ပြင်းထန်လာပါတယ်။ ဗဟိုခွာအား (centrifugal force) အလွန် ပြင်းထန်လာတဲ့အခါ တချိန်မှာတော့ လူ၊​ အဆောက်အဦ တွေဟာ အာကာသ ထဲကို လွှဲပစ်လိုက် သလို လွင့်ထွက်သွားကြမှာ ဖြစ်ပါတယ်။ ကမ္ဘာလည်နှုန်း တစ်နာရီ ၁၇,၆၄၁ နှုန်း ရောက်တဲ့ အချိန်မှာ ဒီလို အဖြစ်ဆိုးတွေ ကြုံတွေရမှာ ဖြစ်ပါတယ်။

ကမ္ဘာလည်နှုန်း တစ်နာရီ မိုင် ၂၄,၀၀၀ ရောက်တဲ့ အခါမှာတော့ ကမ္ဘာဟာ လုံးဝန်းတဲ့ အနေအထား မှရှတော့ပဲ ဗဟိုခွာအားကြောင့် ပြားချပ်လာပါလိမ့်မယ်။ ကမ္ဘာ့ကုန်းမြေ တွေဟာလဲ အောက်ခံ ချော်ရည်ပူတွေပေါ်မှာ တည်ငြိမ်စွာ မရပ်တည်နိုင် တော့တဲ့ အတွက် ကြီးမားတဲ့ မြေငလျင်တွေ ဆက်တိုက် လှုပ်ခတ်လာပါလိမ့်မယ်။ ဒီအချိန်မှာ ကမ္ဘာပေါ်မှာ အသက်ဇီဝ ကြွင်းကျန်နေ သေးတယ် ဆိုရင်တောင် ဒီအချိန်မှာ အကုန် ချုပ်ငြိမ်း မျိုးတုန်း ကွယ်ပျောက် သွားကြမှာ ဖြစ်ပါတယ်။ ကြွင်းကျန်နေသေးတဲ့ ရေဟာလဲ အာကာသထဲ လွင့်စင်ပျောက်ကွယ် သွားမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ကြောက်စရာတော့ မဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိိုတော့ ကမ္ဘာလည်နှုန်း အလွန်လျှင်မြန် လာဖို့ဆိုတာက လက်ရှိ အခြေအနေမှာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အရာမို့လို့ ဖြစ်ပါတယ်။

Ref: Here’s What Would Happen If The Earth Started To Spin Faster

Advertisement
Tags: