Skip to content

အာကာသထဲ ရွက်လွှင့်မယ်

Solar Sail

အမေရိကန် နာဆာ အဖွဲ့ကြီးက အာကာသထဲမှာ ရွက်ဖွင့်သွားလာလို့ ရမယ့် အာကာသ ရွက်တိုက်ယာဉ် တစ်မျိုးကို လွှတ်တင်နိုင်ဖို့ ကြိုးစားနေပါတယ်။ ဒီ အာကာသ ရွက်လှေနဲ့ ကမ္ဘာနား ကပ်လာတဲ့ ဥက္ကာခဲတွေကို လေ့လာဖို့ နာဆာက ကြံစည်နေတာ ဖြစ်ပါတယ်။

လေဟာနယ်ထဲမှာ ဘယ်လို ရွက်တိုက်မလဲ

အာကာသထဲမှာ လေမှ မရှိတာ ဘယ်လို ရွက်တိုက်မလဲလို့ မေးစရာ ရှိပါတယ်။ ဟုတ်ကဲ့ပါ။ လေမရှိပေမယ့် ရွက်တိုက်လို့ ရပါတယ်တဲ့။ ဒါကတော့ နေကလာတဲ့ အလင်းမှုန် (photon) လေးတွေကို အသုံးချပြီး ရွက်တိုက်တာပဲ ဖြစ်ပါတယ်။

အလင်းဟာ အမှုန် သဘာဝ ရှိတယ်ဆိုတာကို သိပ္ပပညာရှင်တွေက လက်တွေ့ ပြပြီး ဖြစ်ပါတယ်။ ဒီအလင်းမှုန် လေးတွေကို Photon လို့ ခေါ်ပါတယ်။ ဒီ Photon တွေကို နေကနေ အမြောက်အများ ထုတ်လွှတ်ပေးပါတယ်။ ဒီအမှုန်တွေကို အသုံးချပြီး ရွက်တိုက်တာပဲ ဖြစ်ပါတယ်။

ဒီ လေဟာနယ်မှာ နေနဲ့ ရွက်တိုက်တဲ့ ယာဉ်မှာ ပါဝင်တဲ့ ရွက်ကို အရောင်ပြောင်လက်ပြီး ပါးလျှာတဲ့ ရွက်ပါဝင်မှာ ဖြစ်ပါတယ်။ ဒီရွက်ကို ပလတ်စတစ်စနဲ့ ပြုလုပ်ထားပြီး အလင်းပြန်အောင် အလူမီနီယယ်နဲ့ အပေါ်ကနေ ဖုံးအုပ်ထားပါတယ်။ ရွက်တစ်ခုလုံးရဲ့ အရွယ်အစားက ပေ ၃၀ ပါတ်လည်လောက် ရှိမှာ ဖြစ်ပါတယ်။

Near-Earth Asteroid Scout (NEA Scout) ကို မြေပြင်တွင် တပ်ဆင်နေစဉ် (Photo: NASA)

နေကလာတဲ့ ဖိုတွန် အလင်းမှုန်တွေဟာ ပြောင်လက်ပြီး အလင်းပြန်တဲ့ မျက်နှာပြင်နဲ့ တိုက်မိတဲ့ အခါ ဒီရွက်ကို တွန်းအား နည်းနည်း ပေးပါတယ်။ နည်းနည်းဆိုမှ တကယ့် နည်းနည်းလေးပါပဲ။ ဒါပေမယ့် အာကာသထဲမှာ လေမရှိတဲ့ အတွက် ဒီယာဉ် ရွှေ့လျားတဲ့ အခါမှာ ခုခံအားက လုံးဝ မရှိပါဘူး။ ဒါ့ကြောင့်မို့ တဖြည်းဖြည်း နည်းနည်းစီး တွန်းအားတွေ စုစည်းလိုက်တဲ့ အခါမှာတော့ သာမန် ဒုံးယာဉ်တွေနဲ့ တွန်းလို့ ရရှိမယ့် အရှိန်ထက်တောင် ပိုမြန်တဲ့ အရှိန်ကို ရရှိလာမှာ ဖြစ်ပါတယ်။

ဒီ အိုင်ဒီယာကို ပထမဆုံး စတင် ကြံစခဲ့သူကတော့ နာမည်ကျော် သိပ္ပံ ဝတ္ထုတွေ ရေးတဲ့ အာသာ စီ ကလပ် (Arthur C. Clarke) ပဲ ဖြစ်ပါတယ်။ ဒီလို အာကာသ လေဟာနယ်ထဲမှာ ရွက်လွှင့်တာကိုလဲ ၂၀၁၉ ခုနှစ်က သိပ္ပံ ပညာရှင်တွေ က ကမ္ဘာပတ်လမ်းကြောင်းထဲ အောင်မြင်စွာ ရွက်လွှင့်ပြီး သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။ နာဆာက ဒီအောင်မြင်မှုကို တဆင့်တိုးပြီး ကမ္ဘာပတ် လမ်းကြောင်းလွန် အာကာသ (Deep Space) ထဲထိ ရွက်လွှင့်ပျံသန်းဖို့ ကြံစည်တာပဲ ဖြစ်ပါတယ်။

“Near-Earth Asteroid Scout (NEA Scout) လို့ အမည်ပေးထားတဲ့ ဒီ စီမံကိန်းဟာ အမေရိကန် ပြည်ထောင်စုရဲ့ ပထမဆုံး ကမ္ဘာပတ်လမ်းကြောင်း အပြင်ဖက် နေစွမ်းအားသုံး ရွက်လှေ စီမံကိန်းပဲ ဖြစ်ပါတယ်။ ကမ္ဘာပတ် လမ်းကြောင်းထဲမှာ ရွက်လွှင့်စမ်းသပ်မှုကို အကြိမ် အတော်များများ အောင်မြင်အောင် ပြုလုပ်ခဲ့ပြီးပြီမို့ အခုအခါမှာ နောက်တဆင့်တက်ပြီး ကမ္ဘာပါတ် လမ်းကြောင်း ပြင်ပက ဥက္ကာပျံနဲ့ ဂြိုလ်တွေဆီ ခရီးနှင်ဖို့ အချိန် ရောက်လာပါပြီ” လို့ နာဆာရဲ့ ပညာရှင် တစ်ဦးဖြစ်တဲ့ လက်စ် ဂျွန်ဆန်က ပြောပါတယ်။

အာကာသ Solar Sail ရွက်ဖွင့်နေပုံကို သရုပ်ဖော်ထားပုံ (Photo: NASA)

နေလှိုင်းစီး ရွက်တိုက်နည်းကို ဘယ်နေရာမှာ အသုံးချကြမလဲ

ဒီနည်းစနစ်ရဲ့ အဓီက အားသာချက်ကတော့ အာကာသယာဉ်ဟာ လောင်စာဆီ သယ်ဆောင်သွားစရာ မလိုတာပဲ ဖြစ်ပါတယ်။ ဒီနည်းနဲ့ ကုန်ပစ္စည်း အသေးလေးတွေကို ဝေးလံတဲ့ အရပ်တွေဆီ ဈေးနှုန်း သက်သက်သာသာနဲ့ ပို့ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။

“ဒီ အာကာသ လေဟာနယ် ရွက်တိုက်တဲ့ နည်းဟာ လောင်စာဆီ များများ မသယ်နိုင်တဲ့ အာကာသယာဉ် အသေးလေးတွေအတွက် အထူးပဲ အသုံးဝင်ပါတယ်” လို့ ဂျွန်ဆန် က ဆက်ပြောပါတယ်။

ဒီ NEA Scout ဟာ နာဆာရဲ့ နောက် နေရောင်ခြည် ရွက်လှေ စီမံကိန်း ဖြစ်တဲ့ Solar Cruiser နေအမြန်ယာဉ် စီမံကိန်းအတွက် ပထမ ခြေလှမ်းလဲ ဖြစ်ပါတယ်။ ဒီ Solar Cruiser အမြန်ယာဉ်ဟာ NEA Scout ထက် ၁၆ ဆ ပိုကြီးမှာ ဖြစ်ပါတယ်။ သူ့ကို ၂၀၂၅ ခုနှစ်ထဲမှာ အာကာသာထဲ စေလွှတ်ဖို့ ရည်ရွယ်ထားပါတယ်။

NEA Scout ဟာ နေလှိုင်းစီး ရွက်လွှင့်ပြီး သူ့ရဲ့ ၂ နှစ်တာ ခရီးကို မကြာမီ စတင်တော့မှာ ဖြစ်ပါတယ်။ သူ့ရဲ့ ဦးတည်ချက်ကတော့ ကမ္ဘာမြေနဲ့ သိပ်မဝေးတဲ့ နေရာက ဥက္ကာခဲကြီး တစ်ခုစီကိုပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ဦးတည်နေရာကို ရောက်ရင် အဆင့်မြင့် ကင်မရာကို အသုံးပြုပြီး ဥက္ကာခဲကြီးရဲ့ အသေးစိတ် ဓါတ်ပုံတွေကို ရိုက်ကူးမှာ ဖြစ်ပါတယ်။ ဒီရွက်လွှင့်ယာဉ်ရဲ့ ပျံသန်းနှုန်းက ဒီအချိန်မှာ တစ်စက္ကန့်ကို ပေ ၁၀၀ နှုန်းလောက်ပဲ ရှိမှာမို့ အနီးကပ် အသေးစိတ် HD  ဓါတ်ပုံတွေကို ရှင်းလင်ပြတ်သားစွာ ရိုက်ယူနိုင်မှာ ဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေ အနေနဲ့ ဥက္ကာခဲတွေနဲ့ ပါတ်သက်တဲ့ တန်ဖိုးရှိတဲ့ အချက်အလက်တွေ ရရှိနိုင်မယ်လို့ မျော်လင့်ထားကြပါတယ်။ အထူးသဖြင့် အချင်း မီတာ ၁၀၀ (ပေ ၃၀၀) ထက်သေးတဲ့ ဥက္ကာခဲလေးတွေရဲ့ အကြောင်းတွေကို ပိုသိလာရမှာ ဖြစ်ပါတယ်။

ဒီခရီးကနေ ဥက္ကာခဲ သေးလေးတွေရဲ့ ဖွဲ့စည်းပုံ၊ ပုံသဏ္ဍာန်နဲ့ ပျံသန်းမှု လမ်ကြောင်းတွေကို စူးစမ်းလေ့လာနိုင်မှာ ဖြစ်ပါတယ်။ ဒီ ဥက္ကာခဲ အသေးတွေဟာ ကမ္ဘာနဲ့ နီးကပ်စွာ ပျံသန်းတတ်ကြပြီး ကမ္ဘာ့လေထုထဲ ဝင်ရောက်လာနိုင်တဲ့ အန္ဒရာယ်လဲ ရှိတာမို့ အခုရှာဖွေ စူးစမ်းမှုက ရတဲ့ အချက်တွေဟာ အနာဂါတ်မှာ ကမ္ဘာမြေကို ဥက္ကာခဲတွေ ဝင်ရောက်ဖျက်စီးမှုက ကာကွယ်ဖို့ အရေးပါတဲ့ အခြေခံ အချက်အလက်တွေ ဖြစ်လာမှာ ဖြစ်ပါတယ်။ နောက်ပြီး အာကာသ ယာဉ်တွေ ကို ဥက္ကာပျံတွေ ရန်ကနေ ကာကွယ်ဖို့အတွက်လဲ အသုံးဝင်လာမှာ ဖြစ်ပါတယ်။

Solar Sail ရွက်ဖွင့်ထားပုံ (Photo: NASA)
နေရောင်အသုံးပြု ရွက်လွှင့်မယ့် Solar Sail ပုံသရုပ်ဖော် (Photo: NASA)
Advertisement