Skip to content

မံမီ ကျိန်စာကို သိပ္ပံပညာရှင်တွေက ဘယ်လိုအကြောင်းပြသလဲ

king-Tutankhamen-curse

တူတန်ခမံ (King Tutankhamen) ဘုရင်ရဲ့ မံမီရုပ်ကြွင်း ကနေ ပိုလန်ဘုရင် စတုတ္ထမြောက် ကာဆီမီယာ (Poland’s King Casimir IV) ရဲ့ မံမီရုပ်ကြွင်း တွေအထိ မံမီတွေရဲ့ ကျိန်စာနဲ့ ပတ်သက်လို့ ပညာရှင် တွေအကြား ပဟေဠိ ဖြစ်နေခဲ့ကြတာ ကြာခဲ့ပါပြီ။ ဒါပေမယ့် အခုတော့ မံမီရဲ့ ကျိန်စာ ဘာ့ကြောင့် ဖြစ်ရတာလဲ ဆိုတဲ့ အကြောင်းရင်းကို သိပ္ပံ ပညာရှင်တွေ ဖော်ထုတ်နိုင်ခဲ့ပြီလို့ ဆိုပါတယ်။

သိပ္ပံ ပညာရှင်တွေရဲ့ အဆိုအရ မံမီ ရဲ့ ကျိန်စာဟာ ဘာမှ ပရနယ်လွန် ဖြစ်ရပ်တခု မဟုတ်ပါဘူး။ မံမီတွေ မြှုပ်နှံထားတဲ့ ရှေးဟောင်း ဂူသင်္ချိုင်းတွေကို တူးဖော်သူတေ ရုတ်တရက် အသက် သေဆုံး ကြရတာဟာ မံမီက ကျိန်စာ တိုက်ခဲ့တာကြောင့် မဟုတ်ပဲ ရှေးဟောင်း ဂူသင်္ချိုင်းတွေ အတွင်းမှာ ပေါက်ဖွား နေကြတဲ့ မှိုပိုး တစ်မျိုးကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

Aspergillus flavus လို့ ခေါ်တဲ့ မှို ဟာ ရှေးဟောင်း ဂူသင်္ချိုင်း တွေအတွင်းမှာ အများအပြား ရှင်သန် ပေါက်ဖွားနေလေ့ ရှိပါတယ်။ ဒီ မှိုဟာ အလွန် သေးငယ်ပြီး အသက်ရှူသွင်းတဲ့ အခါ အဆုပ်တွင်း ဝင်ရောက် သွားနိုင်ပြီး အဆုပ်ရောင် ရောဂါ ဖြစ်လာ စေနိုင်ပါတယ်။

မံမီ ရဲ့ ကျိန်စာ ဒဏ္ဍာရီ ဟာ အီဂျစ်ဘုရင် တူတန်ခမံ ရဲ့ သင်္ချိုင်းဂူကို တူးဖော်ချိန်က အစပြုလို့ နာမည် ကြီးလာခဲ့တာ ဖြစ်ပါတယ်။ 

လွန်ခဲ့တဲ့ နှစ် ၁၀၀ ခန့်က ရာစုနှစ်နဲ့ ချီအောင် အလုံပိတ် ထားခဲ့တဲ့ ဘုရင် တူတန်ခမံ ရဲ့ သင်္ချိုင်းဂူကို သုတေသီတွေ ရှာဖွေ တွေ့ရှိ ခဲ့ရပါတယ်။ အစောပိုင်း ကာလမှာ  ဒီဂူသင်္ချိုင်းထဲ ဝင်ရောက် ခဲ့ကြတဲ့ သူအများအပြား တဖြည်းဖြည်း သေဆုံးကုန် ကြပါတယ်။

တက္ကသိုလ် ပါမောက္ခ တစ်ယောက်က ဂူထဲ ဝင်ရောက်ခဲ့ သူတွေရဲ့ သေဆုံးနှုန်းနဲ့ ဂူထဲ မဝင်ခဲ့တဲ့ သူတွေအကြားက သေဆုံးနှုန်း နှစ်ခုကို နှိုင်းယှဉ် ကြည့်တဲ့ အခါမှာ ဂူထဲ ဝင်ရောက်ခဲ့ သူတွေ အကြားက သေဆုံးနှုန်းက ပိုများနေတာကို တွေ့ခဲ့ ရပါတယ်။ ဒီအချိန်က စလို့ မံမီရဲ့ ကျိန်စာဟာလဲ လူအများအကြား ရေပန်းစား လာခဲ့ပါတယ်။

ဒီ တက္ကသိုလ် ပါမောက္ခရဲ့ နှိုင်းယှဉ်ချက်နဲ့ ပါတ်သက်လို့ နှောင်းခေတ် ပညာရှင်တွေက ဒါဟာ ပြည့်စုံမှု မရှိတဲ့ အချက်အလက်တွေ အပေါ် အခြေတည်ပြီး တွက်ချက်ထားတာ ဖြစ်တယ်လို့ ထောက်ပြ ကြပါတယ်။ ပိုမို ပြည့်စုံတဲ့ အချက်အလက်တွေနဲ့ ပြန်လည် တွက်ချက်တဲ့ အခါမှာတော့ ဒီ အုပ်စုနှစ်ခု အကြားက သေဆုံးနှုန်းဟာ သိသိသာသာ ကွာခြားခြင်း မရှိတာကို တွေ့ကြရပါတယ်။

၁၉၇၃ ခုနှစ်မှာ ပိုလန်ဘုရင် ကာဆီမီယာ ၄ ရဲ့ မံမီရုပ်ကြွင်း မြှုပ်နှံထား ခဲ့တဲ့ သင်္ချိုင်းဂူကို ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။ ဒီ ဂူထဲ ဝင်ရောက်ခဲ့တဲ့ သူ ၁၂ ဦးအနက်က ၁၀ ဦးဟာ လအနည်းငယ် အတွင်း သေဆုံးကုန်တဲ့ အခါမှာတော့ လူထုအကြား အုတ်အော်သောင်းနင်း ဖြစ်ကုန်ပါတော့တယ်။

ဒီ ကိစ္စကို စုံစမ်းစစ်ဆေးဖို့ ပိုလန် အစိုးရက ပညာရှင်တွေ စေလွှတ် ခဲ့ပါတယ်။ ဒီအထဲမှာ အဏုဇီဝဗေဒ ပညာရှင် (microbiologist) တစ်ယောက်လဲ ပါဝင်ခဲ့ပါတယ်။

သူ့ရဲ့ စုံစမ်း စစ်ဆေးမှုအရ ဒီ သင်္ချိုင်းဂူ အတွင်းမှာ Aspergillus flavus မှိုတွေ အမြောက်အများ ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။ ဒီ ပိုးဟာ လူ့ အဆုတ်ကို ရောဂါ ဖြစ်စေပြီး ဒီက တဆင့်မှ တကိုယ်လုံး ကိုလဲ ပျံ့နှံ့သွားနိုင်စွမ်း ရှိပါတယ်။

နောက်ဆက်တွဲ သုတေသန တွေအရ ဒီ မှိုပိုးဟာ နှစ်ပေါင်း ရာချီအောင် သေဆုံးခြင်း မရှိပဲ ‘အိပ်’ နေနိုင်တယ် ဆိုတာပဲ ဖြစ်ပါတယ်။ နှစ်ရာချီ အိပ်နေတဲ့ မှိုပိုးဟာ သူ့ရဲ့ ရောဂါ ကူးဆက်နိုင်စွမ်းကို မထိခိုက်ပဲ အသက်ရှင်သန် နေနိုင်စွမ်း ရှိပါတယ်။ ဒီတော့ ဂူသင်္ချိုင် တွေထဲ ဝင်ရောက်လာတဲ့ လူတွေကို ရောဂါ ကူးဆက်နိုင်မယ် ဆိုတာ ထင်ရှား နေပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မက္ကဆီကို နိုင်ငံမှာ တူးဖော်ရရှိထားတဲ့ မံမီရုပ်ကြွင်း တွေကို နိုင်ငံအနှံ့ လှည့်လည်ပြီး ရွှေ့လျား ပြတိုက် သဘောနဲ့ ပြသ ခဲ့ပါတယ်။ ဒီလို ပြသရာမှာ မံမီတွေကို မှန်ခေါင်းတလား တွေထဲ ထည့်သွင်း ပြသခဲ့ပါတယ်။ ဒီအခါ ဆေးသိပ္ပံ ပညာရှင် အများအပြားက ဒီ မံမီတွေ ကနေ ထွက်လာတဲ့ အက်စ်ပါဂလပ်စ် ဖလေးဗပ်စ် မှိုးကြောင့် လူတွေ ကူးဆက်ပြီး ပြင်းထန်ဆိုးရွားတဲ့ ကူးဆက်ရောဂါတွေ ဖြစ်ပွားလာနိုင်တယ် ဆိုပြီး ကန့်ကွက်ခဲ့ ကြပါတယ်။

ဒီလို မှိုးပိုးကြောင့် တူတန်ခမံ ဘုရင်လေးရဲ့ အုတ်ဂူတွင်း ဝင်ရောက်ခဲ့ကြတဲ့ သူတွေ သေဆုံးကုန်တာ ဖြစ်တယ်ဆိုတဲ့ အယူကို လက်မခံသူ အများအပြား ရှိပါတယ်။ သူတို့ထဲက အများစု ကတော့ တူတန်ခမံ ဘုရင်ရဲ့ ကျိန်စာကို ယနေ့တိုင် ယုံကြည်နေကြဆဲ ဖြစ်ပါတယ်။

Ref: At Long Last, Scientists Have Explained the Deadly Mummy’s Curse | Popular Mechanics

Advertisement