Skip to content

အီဂျစ်ဂူသင်္ချိုင်း တစ်ခုအတွင်း ဂရိ မံမီရုပ်ကြွင်းများ ရှာတွေ့

  • History
Aswan-tomb-interior-Credit-Egyptian-Italian-mission-West-Aswan

အီဂျစ်ပြည်က ရှေးဟောင်း ဂူသင်္ချိုင်း တစ်ခုအတွင်းမှာ မြှုပ်နှံထားတဲ့ ဂရိ မံမီရုပ်ကြွင်း တစ်ခုကို ရှေးဟောင်း ပညာရှင်တွေ ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။ ဒါဟာ ထူးဆန်းတဲ့ ရှာဖွေ တွေ့ရှိမှု ဖြစ်တယ်လို့ အီဂျစ် ရှေးဟောင်း ပညာရှင် တွေက ပြောကြပါတယ်။ ဒါ့ထက် ပိုထူးဆန်း နေတာကတော့ ဒီ မံမီရုပ်ကြွင်းရဲ့ အမည်ကို ရေးထိုးထားတဲ့ ကြေးပြား တစ်ချပ်ကို ဒီရုပ်ကြွင်းရဲ့ အနီးမှာ ရှာဖွေ တွေ့ရှိ ခဲ့တာပဲ ဖြစ်ပါတယ်။

ဒီ မံမီကို အီဂျစ်ပြည် အာစဝံ (Aswan) ဒေသက ရှေးဟောင်း ဂရိ နဲ့ ရောမခေတ် နဲ့ ခေတ်ပြိုင် ကာလက ဂူသင်္ချိုင်း တခုအတွင်း တူးဖော် တွေ့ရှိခဲ့ ကြတာ ဖြစ်ပါတယ်။ ကြေးပြားမှာ သူ့ရဲ့ အမည်ကို နစ်ကို စထရာတိုစ် (Nikostratos) လို့ ရေးထိုး ထားပါတယ်။

သင်္ချိုင်းဂူ ဝင်ပေါက် Credit: Egyptian-Italian Mission West Aswan

အခု တူးဖော် တွေ့ရှိမှုကို အာစဝံ ဒေသ အနောက်ပိုင်းမှာ တူးဖော် သုတေသန ပြုလုပ်နေတဲ့ အီဂျစ်နဲ့ အီတလီ ရှေးဟောင်း သုတေသန အဖွဲ့ တစ်ခုက တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီ သုတေသီ တွေဟာ အီဂျစ် ဘုရင်မ ကလီယို ပါထရာ ရဲ့ ဂူသင်္ချိုင်းကို ရှာဖွေနေ ကြတဲ့ သုတေသန အဖွဲ့ တစ်ခု ဖြစ်ပါတယ်။

ဒီ ဂူသင်္ချိုင်းဟာ အခု တူးဖော်မှု မတိုင်မီက သင်္ချိုင်း သူခိုးတွေရဲ့ ဖောက်ထွင်းမှု  ခံခဲ့ရ ဖူးပါတယ်။ ဒါပေမယ့် ကံကောင်းစွာပဲ အခု မံမီ ရုပ်ကြွင်းကို အကောင်းပကတိ မပျက်မစီး ရှာဖွေ တွေ့ရှိ ခဲ့တာ ဖြစ်ပါတယ်။ သူ့ရုပ်ကြွင်းနဲ့ အတူ မြှုပ်နှံထား ခဲ့တဲ့ မြေအိုးတွေနဲ့ အခြား ပစ္စည်း တွေကိုလဲ အကောင်း ပကတိ ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။ 

သင်္ချိုင်း ဝင်ပေါက်အနီး ရှာဖွေတွေ့ရှိသော ခေါင်းတလား Credit: Egyptian-Italian Mission West Aswan

ဒီ ဂူသင်္ချိုင်း အတွင်းမှာ သူနဲ့ အတူ မြှုပ်နှံထားတဲ့ အခြား မံမီရုပ်ကြွင်း ၂၀ ကိုလဲ ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။

ဒီ မံမီ ရုပ်ကြွင်းတွေ မြှုပ်နှံထားတဲ့ သင်္ချိုင်းဂူဟာ အရွယ်အစား ကြီးမားတဲ့ အုတ်ဂူ တစ်ခု ဖြစ်တယ်လို့ ပညာရှင် တွေက ဆိုပါတယ်။ ဒီ ဂူ တည်ရှိရာ သင်္ချိုင်း နေရာကို အရင်ကတဲက တူးဖော်မှုတွေ ပြုလုပ် ခဲ့ပေမယ့် အခု ဂူကိုတော့ ခုတကြိမ် တူးဖော်မှု ပြုလုပ်မှသာ ရှာဖွေ တွေ့ရှိခဲ့ ကြတာ ဖြစ်ပါတယ်။

အခု တူးဖော်မှုကို ၂၀၂၁ မေလကနေ အောက်တိုဘာ လအတွင်း ပြုလုပ် ခဲ့ကြတာ ဖြစ်ပါတယ်။ 

တူးဖော်ရရှိသော မံမီရုပ်ကြွင်း Credit: Egyptian-Italian Mission West Aswan

ဒီ ဂူရှိရာ အဂ္ဂါခန် သင်္ချိုင်းတော် (Mausoleum of the Aga Khan) ဟာ နိုင်းမြစ်ရဲ့ အနောက်ဖက် ကမ်းမှာ တည်ရှိပြီး စုစုပေါင်း ဂူသင်္ချိုင်း ၃၀၀ ခန့် ပါဝင်တဲ့ ကြီးမားတဲ့ ရှေးဟောင်း သင်္ချိုင်းကြီး ဖြစ်ပါတယ်။ ဒီ သင်္ချိုင်းတွေကို ဘီစီ ၆ ရာစု ကနေ အေဒီ ၄ ရာစု အတွင်း တည်ဆောက်ခဲ့ ကြတယ်လို့ ယူဆရ ပါတယ်။

ဒီ ကာလဟာ အီဂျစ်ပြည်ကို တိုလမီ မင်းဆက် အုပ်စိုးစဉ် ကာလ ဖြစ်ပါတယ်။ ဒီကာလ အတွင်းက အီဂျစ် မင်းတွေဟာ ဂရိ တိုလမီ မင်းဆက်က ဆင်းသက်လာ ခဲ့တဲ့ ဂရိနွယ်ဝင် ဘုရင်တွေ ဖြစ်ကြပါတယ်။ တိုလမီ မင်းဆက်ဟာ အီဂျစ်ကို မဟာ အလက်ဇန်းဒါ ဘုရင်ကြီး သိမ်းပိုက်ပြီးနောက် တက်လာတဲ့ မင်းဆက် ဖြစ်ပါတယ်။

ဒီ အုတ်ဂူရဲ့ အဝင်ဝကို လေးထောင့် ပုံစံ အုတ်စီပြီး ပြုလုပ် ထားပါတယ်။ အုတ်ဂူ အဝင်ဝမှာ ယဇ်ပူဇော်ရာ ပလ္လင် ကိုလဲ တွေ့ရှိခဲ့ကြပါတယ်။ အရင်က ယဇ်ပူဇော် ခဲ့တဲ့ အထောက်အထား အဖြစ် တိရိစ္ဆာန် အရိုးတွေ ကိုလဲ တွေ့ရှိခဲ့ကြပါတယ်။

အတူ မြှုပ်နှံထားသော မြေအိုး Credit: Egyptian-Italian Mission West Aswan

ဒီ ဂူအတွင်းမှာ ကလေး မံမီရုပ်ကြွင်းတွေ မြှုပ်နှံ ထားတာကိုလဲ ရှာဖွေ တွေ့ရှိ ခဲ့ကြပါတယ်။ ဒီ မံမီတွေကို မြေအောက် ဂူရဲ့ ကျောက်နံရံမှာ ထွင်းထားတဲ့ အခန်းတွေထဲ ထည့်သွင်း မြှုပ်နှံ ထားကြတာ ဖြစ်ပါတယ်။ ထူးဆန်းတာက မံမီရုပ် အချို့ရဲ့ ခေါင်းတလား အတွင်း ဓါးတွေ တွေ့ရှိ ရတာပဲ ဖြစ်ပါတယ်။

ဒီ ဂူအတွင်းမှာ မိသားစု ၃ ဦးကို အတူတကွ မြှုပ်နှံ ထားတာကိုလဲ တွေ့ရှိ ကြရပါတယ်။ မံမီ ရုပ်ကြွင်း တွေရဲ့ ၃၀ ရာခိုင်နှုန်း လောက်ဟာ အသက် ၁၀ နှစ်အောက် ကလေးတွေ ဖြစ်ကြပါတယ်။ 

ဒီ အချက်တွေကို မူတည်ပြီး ပညာရှင် တွေက ဒီ ဂူဟာ အီဂျစ်ပြည်မှာ အခြေချ နေထိုင်တဲ့ ဂရိ မိသားစုရဲ့ မိသားစု အုတ်ဂူ ဖြစ်မယ်လို့ ယူဆ ကြပါတယ်။

ယဇ်ပုလ္လင်မှ အပိုင်းအစ တစ်ခု Credit: Egyptian-Italian Mission West Aswan

Ref: Tomb with Greek Mummy Unearthed in Aswan, Egypt | Greek Reporter

Advertisement