Skip to content

အီဂျစ် မံမီ ရုပ်ကြွင်း ၂၅၀ ရှာဖွေတွေ့ရှိ

Egypt mummies from Saqqara

အီဂျစ်ပြည်က ရှေးဟောင်း သုတေသန ပညာရှင် တွေဟာ ရှေးဟောင်း ဂူသင်္ချိုင်း တစ်ခုကနေ မံမီ ရုပ်ကြွင်း ၂၅၀ ကို တူးဖော် နိုင်ခဲ့ ကြပါတယ်။ 

ဒီ မံမီ ရုပ်ကြွင်း တွေကို အီဂျစ် ရှေးဟောင်း မြို့တော် တစ်ခု ဖြစ်တဲ့ ဆက်ကရာ (Saqqara) မြို့ဟောင်းရဲ့ သင်္ချိုင်းကနေ ရှာဖွေ တူးဖော် နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီ မံမီ တွေကို သစ်သား ခေါင်းတလား တွေထဲမှာ ထည့်သွင်း မြုပ်နှံ ထားကြတာ ဖြစ်ပါတယ်။ ဒီ မံမီ တွေနဲ့ အတူ ကြေးရုပ်တု ၁၀၀ ကျော်နဲ့ အခြား ရှေးဟောင်း ပစ္စည်း အမြောက်အများ ကိုလဲ ရှာဖွေ တွေ့ရှိခဲ့ ကြပါတယ်။

အခု မံမီ ရုပ်ကြွင်းတွေနဲ့ ရှေးဟောင်း ပစ္စည်း တွေကို လွန်ခဲ့တဲ့ နှစ် ၂,၅၀၀ ခန့် ရှေးအီဂျစ် ခေတ်နှောင်းပိုင်း (Egypt Late Period) ကာလက မြုပ်နှံထား ခဲ့ကြတာ ဖြစ်ပါတယ်။

Embed from Getty Images

ဆက်ကရာ မြို့ဟောင်း တူးဖော်ရေး လုပ်ငန်းခွင်အား မြင်ရပုံ

အခု ရှေးဟောင်း ပစ္စည်း တွေကို အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော် အပြင်ဖက်က “ရှေးတိရစ္ဆာန် များ၏ သင်္ချိုင်း (Cemetry of Ancient Animals)” ကနေ တူးဖော် ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒီ နေရာဟာ တကယ်က ရှေးအီဂျစ် နတ်ဘုရား တစ်ပါး ဖြစ်တဲ့ ဘတ်စ်တက် (Bast or Bastet) နတ်ဘုရား ကျောင်းတော် နေရာ ဖြစ်ပါတယ်။ ဒီ နတ်ဘုရားကို ကြောင်ရုပ် နဲ့ကိုယ်စားပြု ထုလုပ် ကိုးကွယ် ကြပါတယ်။

အရင်ကတော့ ဒီ သင်္ချိုင်းမှာ ကြောင်တွေပဲ မြှုပ်နှံ ထားတယ်လို့ ယူဆခဲ့ ကြပါတယ်။ ၂၀၁၉ မှာတော့ ဒီ ကျောင်းတော် နေရာကို နာမည်ပြောင်း ခဲ့ကြပါတယ်။ ဘာကြောင့် လဲ ဆိုတော့ ဒီ ကျောင်းတော် မှာ အခြား နတ်ဘုရား တွေကို ကိုယ်စား ပြုတဲ့ တိရိစ္ဆာန် တွေနဲ့ ရုပ်တုတွေ ကိုပါ ရှာဖွေ တွေ့ရှိ ခဲ့ကြလို့ ဖြစ်ပါတယ်။

Embed from Getty Images

“အခု တွေ့ရှိမှုက ဒီကျောင်းတော်ဟာ ကြောင်တွေ အတွက် သီးသန့် သင်္ချိုင်း မဟုတ်ပဲ အခြား အီဂျစ် နတ်ဘုရား တွေကိုလဲ ကိုယ်စားပြု ကိုးကွယ်ရာ နေရာ ဖြစ်တယ် ဆိုတာ သက်သေ ပြနေပါတယ်” လို့ အီဂျစ် ရှေးဟောင်း တူးဖော်ရေး ဌာန အကြီးအကဲ မိုဟာမက် အယ်လ် ဆေဒီ (Mohammed Al Saidi) က ပြောပါတယ်။

အခု တူးဖော် ရရှိမှုကို အီဂျစ် ရှေးဟောင်း သုတေသန ဌာနက ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့က ထုတ်ဖော် ကြေငြာခဲ့ ကြတာ ဖြစ်ပါတယ်။

အခု သင်္ချိုင်း နေရာဟာ ကိုင်ရိုမြို့ တောင်ဖက် ၁၅.၅ မိုင်ခန့် အကွာမှာ တည်ရှိပါတယ်။ ဒီ သင်္ချိုင်း တည်နေရာဟာ အီဂျစ် သဲကန္တာရ အစပ် နေရာမှာလဲ ဖြစ်ပါတယ်။ 

အခု သင်္ချိုင်း နေရာကို ၂၀၁၈ ကတဲက ရှေးဟောင်း သုတေသီ တွေ စတင် တူးဖော် ခဲ့ကြတာ ဖြစ်ပါတယ်။  အခု တူးဖော် တွေ့ရှိမှုဟာ ပဥ္စမမြောက် တူးဖော် တွေ့ရှိ မှုကြီး ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ် တုန်းကလဲ မံမီရုပ် ၅၉ ခု ရှာဖွေ တွေ့ရှိ ခဲ့ပါသေးတယ်။

Embed from Getty Images

အီဂျစ် ရှေးယဉ်ကျေးမှု အမွေအနှစ်များ

ရှေး အီဂျစ်ပြည်ကို အာခီးမီးနစ် ပါရှန် တွေဟာ သူတို့ရဲ့ ကိုလိုနီ ပြည်နယ် တစ်ခု အနေနဲ့ ရှေးအီဂျစ် ခေတ်နှောင်းပိုင်း တလျှောက် အုပ်စိုးခဲ့ ကြပါတယ်။ 

ဒီလို ကိုလိုနီ ဘဝ ကျရောက် ခဲ့ရပေမယ့် ဒီကာလဟာ အီဂျစ် ယဉ်ကျေးမှု အကြီးအကျယ် ထွန်းကားခဲ့တဲ့ ကာလလဲ ဖြစ်ပါတယ်။ ဒီ ကာလ အတွင်း ရှေးအီဂျစ် တွေဟာ ဘုရားကျောင်း အမြောက်အများကို တည်ဆောက် ခဲ့ကြပါတယ်။

Embed from Getty Images

အခု တွေ့ရှိမှုမှာ ရှေးအီဂျစ် နတ်ဘုရား တွေကို ကိုယ်စားပြုတဲ့ ကြေးရုပ် ၁၅၀ ခန့်လဲ ပါဝင်ပါတယ်။ 

ဒီ နတ်ဘုရားတွေ ထဲမှာ ထင်ရှားတဲ့ နတ်ဘုရားတွေ ဖြစ်ကြတဲ့ အနုဘီ (Anubis, သေခြင်းကို စိုးမိုးသော နတ်ဘုရား)၊ အိုဆိုင်းရစ် (Osiris, လူသေများ၏ ဘုရင်)၊ အမွန်-မင် (Amon-Min, မျိုးပွားခြင်းကို စောင့်ရှောက်သော နတ်ဘုရား)၊ နေဖာတမ် (Nefertem)၊ အိုင်းဆစ် (Isis, အိုဆိုင်းရစ် ၏ မိဖုရား) နဲ့ ဟေသာ (Hathor, အမျိုးသမီး များအား စောင့်ရှောက်သော နတ်ဖုရားမ) တို့ရဲ့ အထိမ်းအမှတ် ရုပ်တုတွေ ပါဝင်ပါတယ်။

ဒီ တွေ့ရှိမှု တွေထဲမှာ ခေါင်းတလား တစ်ခုကို စောင့်ရှောက်နေတဲ့ နတ်ဘုရားမ ရုပ်တု နှစ်ခုကိုလဲ ရှာဖွေ တွေ့ရှိခဲ့ ကြပါတယ်။ အိုင်းဆစ် နဲ့ သူ့ညီမ နက်ဖ်တစ် နတ်ဘုရားမ ညီအမ ရဲ့ ရုပ်တုကို ခေါင်းတလား တစ်ခုရဲ့ ခေါင်းရင်းနဲ့ ခြေရင်းမှာ ထိုင်လျက် အနေအထားနဲ့ တွေ့ရှိခဲ့ ကြရတာပါ။ သူတို့ရဲ့ မျက်နှာတွေ ကိုလဲ ရွှေချ ထားတာကို တွေ့ကြရ ပါတယ်။

ဒီ ရုပ်တုတွေ အပြင် စာရေး ကျူရွက်လိပ် (Paparus rolls) တစ်ခုကိုလဲ ဒီ ခေါင်းတလား ထဲမှာ ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။ ဒီ ကျူရွက်လိပ်ကို အခုထိတော့ ဖြေမကြည့်ရ သေးပါဘူး။ ဒါပေမယ့် ဒီ ကျူရွက်လိပ်ဟာ အလျား ၃၂ ပေ အထိ ရှိနိုင်တယ်လို့ ယူဆ ကြပါတယ်။ 

Embed from Getty Images

ဒီ ကျူရွက်လိပ် မှာ အီဂျစ် မရဏကျမ်း (Egyptian Book of Dead) ထဲက စာပုဒ်တွေကို ရေးသားထား တယ်လို့ ယူဆ ကြပါတယ်။ ဒီ ကျမ်းဟာ သေဆုံးသွားတဲ့ သူရဲ့ ဝိညာဉ် နောက်ဘဝ ကို ဘေးရန်ကင်းကင်း ကူးနိုင်ဖို့ လမ်းညွှန်ချက် တွေကို ရေးသားထားတာ ဖြစ်ပါတယ်။ (အီဂျစ် အယူအဆ အရ afterlife ဆိုတဲ့ နောက်ဘဝ ဟာ လူတွေ သေဆုံးပြီး သွားတဲ့ ဘုံတစ်ခု ဖြစ်ပါတယ်။)

ဒီ ပေရွက်လိပ် ကိုတော့ အသေးစိတ် လေ့လာမှု ပြုလုပ်နိုင်ဖို့ ရှေးဟောင်း သုတေသန ဓါတ်ခွဲခန်းမှာ သုတေသန ပြုလုပ်လျက် ရှိပါတယ်။

ဆက်ကရာ ရှေးမြို့ဟောင်း

အခု ရှာဖွေ တွေ့ရှိမှုဟာ ဆက်ကရာ မြို့ဟောင်း အတွင်း ရှေးအီဂျစ် ခေတ်နှောင်းပိုင်း ကာလ ရှေးဟောင်း ပစ္စည်း တွေကို ပထမဆုံး အကြိမ် ရှာဖွေ တွေ့ရှိတာ ဖြစ်ပါတယ်။ 

ဒါပေမယ့် ဒီ မြို့ဟောင်းဟာ အီဂျစ် ခေတ်နှောင်းပိုင်း ထက်ကို ပိုပြီး ရှေးကျ ပါတယ်။ ဒီ မြို့ဟောင်းမှာ ရှိတဲ့ ဂျိုဆာ လှေကားထက် ပိရမစ် (Step Pyramid of Djoser) ဟာ ဆိုရင် ဘီစီ ၂၇၀၀ ခန့်က တည်ဆောက် ခဲ့တာ ဖြစ်ပြီး အီဂျစ် တတိယ မင်းဆက် (Egypt’s Third dynasty) ကာလက တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ 

ဒီ ပိရမစ် ကြီးဟာ ကျောက်သားနဲ့ တည်ဆောက်ခဲ့တဲ့ အဆောက်အဦ တွေထဲမှာ အပြည့်အစုံ တွေ့ရတဲ့ အစောဆုံး အဆောက်အဦ တစ်ခုလဲ ဖြစ်ပါတယ်။

ဒီ ဆက်ကရာ မြို့ဟောင်းက သင်္ချိုင်း တွေထဲမှာလဲ ဘီစီ ၂၅၀၀ ခန့်က မြှုပ်နှံထား ခဲ့တဲ့ ဘုန်းတော်ကြီး တစ်ပါးရဲ့ ဂူသင်္ချိုင်း လဲ ပါဝင် ပါတယ်။ ဒီ ဘုန်းတော်ကြီးဟာ အီဂျစ် ပဉ္စမ မင်းဆက် ကာလ အတွင်းက တာဝန်ယူ ခဲ့တဲ့ ဘုန်းတော်ကြီး တစ်ပါး ဖြစ်ပါတယ်။

Embed from Getty Images

ဒီ မြို့ဟောင်း ပတ်လည်မှာပဲ ကျောက်သား နံရံကို တူးပြီး တည်ဆောက် ထား ခဲ့တဲ့ သင်္ချိုင်းဂူ ၇ ခု ကိုလဲ​ရှာဖွေ တွေ့ရှိ ထားပါတယ်။

ဒီ အထဲက သင်္ချိုင်း ၃ ခုဟာ ဘီစီ ၁၅၇၀ နဲ့ ၁၀၆၉ အကြား အီဂျစ် နိုင်ငံသစ် ကာလ (Egypt’s New Kingdom period, 1570 B.C. to 1069 B.C.) က သင်္ချိုင်း တွေ ဖြစ်ပါတယ်။ ကျန်တဲ့ ၄ ခု ကတော့ ဒီ့ထက် ပိုရှေးကျတဲ့ အီဂျစ် နိုင်ငံဟောင်း ကာလ (Old Kingdom period) က ဖြစ်ပါတယ်။ ဒီ နိုင်ငံဟောင်း ကာလဟာ ဘီစီ ၂၅၇၅ ကနေ ဘီစီ ၂၁၅၀ အကြား ကာလက ဖြစ်ပါတယ်။

ဒီမြို့ဟောင်း တူးဖော်မှု ကနေ ထောင်ပေါင်း များစွာသော သစ်သား ရုပ်တု တွေကိုလဲ ရှာဖွေ တွေ့ရှိ ခဲ့သလို ကြောင်မံမီ တွေကိုလဲ ရှာဖွေ တွေ့ရှိ ခဲ့ကြပါတယ်။

Ref: Hundreds of ancient Egyptian sarcophagi, cat mummies and gold-leafed statues unearthed at necropolis | Live Science

Advertisement