Skip to content

နေဝင်ချိန် ဘာကြောင့် အလင်းတန်းတွေ မြင်ရတာလဲ

  • Earth
နေဝင်ချိန် တိမ်တွေကြားက မြင်ရတဲ့ နေရောင်ခြည်တန်းများ

ညနေ နေဝင်ချိန် အနောက်ဖက် မိုးကောင်းကင်ကို ကြည့်ကြည့်လိုက်ရင် နေရဲ့ အလင်းတန်းတွေ လှပစွာ ဖြာထွက်လာတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီ အလင်းတန်းတွေ ဘာ့ကြောင့် ဖြစ်လာတာလဲ၊ ဘယ်လို ဖြစ်လာတာလဲ​၊ ဒီ အလင်းတန်းတွေရဲ့ နောက်ကွယ်က ရူပဗေဒ သဘောတရားတွေက ဘာတွေလဲ ဆိုတဲ့ မေးခွန်းတွေကို စဉ်းစားမိတဲ့သူ ဘယ်နှစ်ယောက် ရှိမယ် ထင်ပါသလဲ။

ဒီလို နေရဲ့ အလင်းတန်းတွေ ဖြာထွက်လာတာကို ညနေ နေဝင်ချိန်မှ မဟုတ်ပါဘူး၊ မနက်ခင်း နေထွက်စ အချိန်မျိုးမှာလဲ တွေ့ရတတ်ပါတယ်။

ဒီ အလင်းတန်း တွေကို သိပ္ပံ မှာတော့ crepuscular rays တွေလို့ ခေါ်ကြပါတယ်။ ဒီဆောင်းပါးမှာတော့ နေရောင်ခြည်တန်း (Sunbeam) ဆိုတဲ့ အရပ် အသုံးအနှုန်းကိုပဲ သုံးစွဲသွားမှာ ဖြစ်ပါတယ်။

နေရောင်ခြည်တန်းတွေဘယ်လိုဖြစ်လာသလဲ

ဒီလို နေရောင်ခြည်တန်းတွေ ဖြစ်ဖို့ အခြေခံ လိုအပ်ချက် နှစ်ချက် လိုအပ်ပါတယ်။

  1. မိုးကုပ်စက်ဝိုင်းနား ကပ်နေတဲ့ နေ
  2. နေနဲ့ သင့်အကြား (နေနဲ့ ကြည့်ရှုသူ အကြား) ခံနေတဲ့ ကြီးမားတဲ့ အရာဝတ္ထု

မနက်စောစော နေမထွက်မီ အချိန်နဲ့ ညနေ နေဝင်ပြီးစ အချိန်တွေမှာ နေဟာ မိုးကုတ်စက်ဝိုင်းရဲ့ နားလေးမှာ ရှိနေပါတယ်။ အလင်းရောင် တွေဟာ နေကနေ အပြင်ဖက်ကို ဖျာပြီး ထွက်လာတာ ဖြစ်ပါတယ်။

ဒီတော့ ဒီအချိန်မှာ နေနဲ့ ကျွန်တော်တို့ အကြားမှာ အရာဝတ္ထု ကြီးကြီးမားမား တစ်ခု ရှိနေမယ်ဆို ဒီ အရာဝတ္ထုက နေရဲ့ ရောင်ခြည်တွေ လာရာ လမ်းကို ကာဆီးနေတာမို့ သူ့ရဲ့ အရိပ် ထွက်လာပါတယ်။ 

ဒီလို အရိပ် ခံနေတဲ့ အတွက် ဒီအရိပ်ကို ကျွန်တော်တို့က မြင်ကြရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘေးက အတားအဆီးပဲ ဖြတ်သန်းလာတဲ့ နေရောင်ခြည်တန်းတွေကြောင့် ကျွန်တော်တို့က ဒီအရိပ်ကို မမြင်ပဲ နေရောင်ခြည်ကို အလင်းတန်းတွေ အနေနဲ့ မြင်ကြရတာ ဖြစ်ပါတယ်။

ဆက်စပ်ဆောင်းပါး – ကောင်းကင်ဘာကြောင့် ပြာတာလဲ

ဒီလို အလင်းတန်းတွေ ဖြစ်ပေါ်လာတဲ့ အခါမှာ ထွက်လာတဲ့ အရောင်ဟာ အဲ့သည်အချိန် လေထုထဲမှာ ရှိနေတဲ့ ဖုန်မှုံ့ နဲ့ အခြား အမှုန်အမွှားတွေ ကြောင့်လဲ ပြောင်းသွားနိုင်ပါတယ်။ လေထုထဲက ဖုန်မှုန့်တွေဟာ နေက အလင်းရောင်ကို  အရပ်မျက်နှာ အဖက်ဖက်ကို ပြန့်နှံ့ သွားစေတာမို့ပါ။ အများအား ဖြင့်တော့ အပြာရောင်က ပြန့်သွားတဲ့ အတွက် ကျန်ခဲ့တဲ့ အနီနဲ့ လိမ္မော်ရောင် ကိုပဲ နေရဲ့ အလင်းရောင် အနေနဲ့ မြင်ကြရတာ ဖြစ်ပါတယ်။

Reference: What makes the sunbeams at sunrise and sunset?

Advertisement