Skip to content

မိုးပျံကား Taxi တွေလာပြီနော်

Cora flying taxi (Credit: Cora)

Google ကိုပူးတွဲတည်ထောင်ခဲ့သူ Larry Page ဟာ ကားပျံထုတ်လုပ်နိုင်ဖို့ ကြိုးစားနေပါတယ်။ သူ့ပိုင်ဆိုင်တဲ့ အယ်လဖာ ကုမ္ပဏီဟာ ကားပျံအမျိုးအစား နှစ်မျိုးကို တီထွင်နေပါတယ်။ မနှစ်ကတော့ သူ့ကုမ္ပဏီက အပျော်စီး အတွက် တစ်ယောက်စီး Kitty Hawk ဆိုတဲ့ ကားပျံကို ပျံသန်းပြသခဲ့ရာမှာ လူတွေအတော် သဘောကျခဲ့ကြပါတယ်။ အခုလဲ သူ့ကုမ္ပဏီကနေပြီး Cora “ကိုရာ” ဆိုတဲ့ မိုးပျံကားတစ်မျိုးကို မိတ်ဆက်လိုက်ပါပြီ။ ဒီကားပျံကို လူအများအတွက် ရောင်းချမှာ မဟုတ်ပဲ မိုးပျံတက်စီ (Air Taxi) အနေနဲ့ ပျံသန်းပြေးဆွဲသွားဖို့ ရည်ရွယ်တာပါ။ ဒီမိုးပျံတက်စီကို ဓါတ်ဆီမသုံးပဲ လျှပ်စစ်ဓါတ်အားနဲ့ မောင်းနှင်မှာဖြစ်ပြီး မောင်းသူမဲ့ အလိုအလျှောက် ပျံသန်းထိန်းချုပ်နိုင်တဲ့ မောင်းသူမဲ့စနစ်ကို တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ အပေါ်ကို ပင့်တင်ပေးတဲ့ ပန်ကာအသေးလေး ၁၂ လုံးကို တပ်ဆင်ထားတာကြောင့် လေယာဉ်တွေလို ပြေးလမ်းမလိုပဲ ဟယ်လီကော်ပတာတွေလို ဒေါင်လိုက် တက်ဆင်းနိုင်ပါတယ်။ ဒါပေမယ့် ဟယ်လီကော်ပတာတွေလို ပန်ကာကြီး မပါတဲ့အတွက် ကွင်းမလိုပဲ မြေပြင်ညီ ကွက်လပ်ကလေး တစ်ခုရှိရင်ကို တက်ဆင်းနိုင်ပါတယ်။ ရှေ့ကို သွားဖို့အတွက်တော့ ဒီကားပျံရဲ့ နောက်ဖက်မှာ ပန်ကာပါပါတယ်။

လေထဲရောက်သွားရင် အမြန်ဆုံး တစ်နာရီ မိုင် ၁၁၀ နှုန်း (၁၇၇ ကီလိုမီတာ) အမြန်နှုန်းနဲ့ ပျံသန်းနိုင်မှာဖြစ်ပြီး အမြင့်ပေ ၅၀၀ ကနေ ၃၀၀၀ ကြားမှာ ပျံသန်းမှာ ဖြစ်ပါတယ်။ လုံခြုံရေး အတွက်ကတော့ ထိန်းချုပ်မောင်းနှင်တဲ့ ကွန်ပျူတာ ၃ လုံး တပ်ဆင်ထားမှာဖြစ်လို့ နှစ်လုံးပျက်သွားရင်တောင် နောက်ဆုံးကျန်တဲ့ တစ်လုံးနဲ့ အန္တရာယ်ကင်းစွာ ဆက်လက်မောင်နှင် သွားနိုင်မှာပါ။ အပေါပျံတက်တဲ့ ပန်ကာ ၁၂ လုံးကလဲ တစ်ခုချင်းစီ အတွက် လျှပ်စစ်မော်တာ တစ်လုံးစီ တပ်ဆင်ထားတာမို့လို့ တစ်လုံး နှစ်လုံးလောက် ပျက်သွားရင်တောင်မှာ ဆက်လက် မောင်းနှင်နိုင်မှာပါ။ နောက်ဆုံး မိုးပျံကား ပျက်ကျသွားရင်တောင် လူတွေ အန္တရာယ် မဖြစ်ရအောင် အလိုအလျောက်ပွင့်တဲ့ လေထီး တပ်ဆင်ထားပါသေးတယ်။

မိုးပျံကားနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကတော့

  • အင်ဂျင် – လျှပ်စစ်အင်ဂျင်
  • ခရီးသည် – ၂ ယောက်
  • အမြင့်ပေ – ပေ ၅၀၀ မှ ၃၀၀၀ အထိ
  • တောင်ပံအကျယ် – ၃၆ ပေ
  • ပျံသန်းနိုင်သော အကွာအဝေး – ၆၂ မိုင်
  • အမြန်နှုန်း – တစ်နာရီ ၁၁၀ မိုင်

အောက်မှာ ဒီ Cora မိုးပျံတက်စီရဲ့ စမ်းသပ်ပျံသန်းနေပုံ ဗီဒီယိုကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Advertisement
Tags: