Skip to content

AI နည်းပညာ ပြိုင်ပွဲမှာ တရုတ်က အနိုင်ရသွားပြီလို့ ပင်တဂွန်ရဲ့ ဆော့ဝဲအရာရှိချုပ်ဟောင်းပြော

AI နည်းပညာ ပြိုင်ပွဲမှာ တရုတ်က အနိုင်ရသွားပြီလို့ ပင်တဂွန်ရဲ့ ဆော့ဝဲအရာရှိချုပ်ဟောင်းပြောပါတယ်။

တရုတ်ပြည်ဟာ Artificial Intelligence  (AI) လို့ခေါ်တဲ့ ဉာဏ်ရည်တု နည်းပညာ ပြိုင်ဆိုင်ပွဲမှာ အနိုင်ရရှိသွားပြီလို့ ယခင်က ပင်တဂွန် စစ်ဌာနချုပ်မှာ ကွန်ပြူတာ ဆော့ဝဲ တာဝန်ခံ အရာရှိချုပ်အဖြစ် တာဝန်ယူခဲ့သူက ပြောကြားလိုက်ပါတယ်။

တရုတ်ပြည်ဟာ AI နဲ့ ပါတ်သက်ရင် ကမ္ဘာပေါ်မှာ လွှမ်းမို့နိုင်တဲ့ အခြေအနေကို ဦးတည်နေပြီလို့ Financial Times သတင်းစာနဲ့ တွေ့ဆုံဆွေးနွေးခန်းမှာ သူက ပြောလိုက်တာ ဖြစ်ပါတယ်။

တရုတ်ပြည်ဟာ ကမ္ဘာပေါ်မှာ ဒုတိယ အကြီးဆုံး စီးပွားရေး အဆောက်အအုံကို ပိုင်ဆိုင်ထားပါတယ်။ တရုတ်ပြည် အနေနဲ့ အနာဂါတ် နည်းပညာ နယ်ပယ် အတော်များများမှာ ဦးဆောင်နိုင်မယ့် အနေအထား ရှိနေတယ်လို့ သူက ဆိုပါတယ်။ အထူသဖြင့် ဉာဏ်ရည်တု (AI)၊ ဇီဝ ဖန်တီးမှု နည်းပညာ (synthetic biology) နဲ့ မျိုးရိုးဗီဇ (Genetics) နည်းပညာ နယ်ပယ်တွေမှာ ရှေ့က ပြေးနေတယ်လို့ အနောက်နိုင်ငံတွေက ထောက်လှမ်းရေး အဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာတွေမှာ သုံးသပ်ဖော်ပြထားပါတယ်။

အခုလို ပြောကြားလိုက်တဲ့ သူကတော့ ပင်တဂွန်က အရာရှိဟောင်း ဖြစ်သူ နီကိုလတ် ချေလန် (Nicolas Chaillan) ပဲ ဖြစ်ပါတယ်။ သူဟာ အရင်က ပင်တဂွန် စစ်ဌာနချုပ်မှာ FIrst Chief Software Officer အဖြစ် တာဝန်ယူခဲ့ပြီး အမေရိကန် တပ်မတော်အတွင်း နည်းပညာဖွံ့ဖြိုးတိုးတက်မှု နှေးကွေးတာကို ကန့်ကွက်တဲ့ အနေနဲ့ နှုတ်ထွက်ခဲ့သူ ဖြစ်ပါတယ်။ 

ဒီလို နည်းပညာ ဖွံ့ဖြိုးမှု နှေးကွေးတာဟာ အမေရိကန် ပြည်ထောင်စုရဲ ရေရှည်လုံခြုံရေးကို ထိခိုက်စေနိုင်တယ်လို့ သူက ပြောပါတယ်။

 “နောက် ၁၅ နှစ်၊ နှစ် ၂၀ လောက်ဆို တရုတ်နဲ့ ယှဉ်နိုင်တဲ့ အနေအထားတောင် ရှိတော့မှာ မဟုတ်ဘူး။ အခုအချိန်တောင် အတော်လေး နောက်ကျနေပြီ။ ကျွန်တော့်အမြင်အရဆို ပွဲက ပြီးတောင် ပြီးသွားပြီ” လို့ သူက ပြောပါတယ်။ 

တရုတ်ပြည်ဟာ အနာဂါတ် ကမ္ဘာပေါ်မှာ မီဒီယာ တွေကနေပြီး ပထဝီ နိုင်ငံရေး အထိ အားလုံးကို ထိန်းချုပ်သွားလိမ့်မယ် လို့ သူက ဖြည့်စွက်ပြောပါတယ်။

ဘာ့ကြောင့်ဒီလိုဖြစ်ရတာလဲ ဆိုတာနဲ့ ပါတ်သက်လို့ သူက အမေရိကန်က အိုင်တီနဲ့ နည်းပညာ ကုမ္ပဏီတွေကို အပစ်တင် ပြောကြားလိုက်ပါတယ်။ ဂူဂယ်လို နည်းပညာ ကုမ္ပဏီ ကြီးတွေဟာ AI နဲ့ ပါတ်သက်ရင် အစိုးရ ဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ကို စိတ်မပါကြဘူးလို့ ဆိုပါတယ်။ နောက်ပြီး AI နဲ့ ပါတ်သက်လို့  ကျင့်ဝတ်ဆိုင်ရာ ငြင်းခုန်နေမှုတွေကလဲ ရှိနေပါသေးတယ်။

 အခုစွပ်စွဲချက်နဲ့ ပါတ်သက်လို့ ဂူဂယ်ကို မေးမြန်းရာမှာတော့ ဖြေကြားဖို့ ငြင်းဆိုပါတယ်။

သူက ဆက်ပြောရာမှာ တရုတ်ပြည်မှာဆို နည်းပညာ ကုမ္ပဏီတွေဟာ အစိုးရ ဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်ကြရတယ်။ တဖက်မှာလဲ အစိုးရပိုင်းက AI နည်းပညာနယ်ပယ်မှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နေတယ်လို့ ထောက်ပြပါတယ်။ ဒီလို ရင်းနှီးမြှုပ်နံမှု ပြုရာမှာ ကျင့်ဝတ်နဲ့ ပါတ်သက်လို့ သင့်တော်တယ် မတော်ဘူး ထည့်သွင်းစဉ်းစားတာလဲ မရှိဘူးလို့ ဆိုပါတယ်။

ချေလန်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကမှ သူ့ရာထူးကနေ နှုတ်ထွက်ကြောင်း ကြေငြာခဲ့တာ ဖြစ်ပါတယ်။  အဲ့သည် အချိန်က သူ့အကြောင်းပြချက်ကတော့ အိုင်တီနဲ့ ပါတ်သက်လို့ ဘာမှနားမလည်တဲ့ စစ်အရာရှိတွေကို အိုင်တီ စီမံကိန်းတွေမှာ ဦးစီးဖို့ တာဝန်ပေးတဲ့ ကိစ္စကို ကန့်ကွက်တဲ့ အနေနဲ့ နှုတ်ထွက်တာလို့ ဆိုပါတယ်။

အမေရိကန် လေတပ် က ပြောရေးဆိုခွင့်ရှိသူကတော့ ချေလိန် ဒီလို နှုတ်ထွက်ကြောင်း ကြေငြာပြီးနောက် လေတပ် အတွင်းဝန်ကိုယ်တိုင် သူနဲ့ အသေးစိတ် ဆွေးနွေးပြီး သူ့ရဲ့ အကြံပြုချက်တွေကို ဆက်လက် တင်ပြ ပေးခဲ့ကြောင်း၊ ဒီအကြံပြုချက် တွေအတွက်လဲ ချေလိန်ကို အထူးကျေးဇူးတင်ကြောင်း ထုတ်ဖေါ်ပြောကြား ခဲ့ပါတယ်။

Reference: China has won AI battle with U.S., Pentagon’s ex-software chief says | Reuters

Advertisement
Tags: